Tuesday, May 31, 2016

ငါတို့အရပ်သားစစ်စစ်အစိုးရကြီးရယ်

ပန်းချီ-နီဇူလိုင်
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးကို
အနှစ်နှစ်အလလ
တောင့်တခဲ့တဲ့မျှော်လင့်ချက်တွေနဲ့
ငါတို့ယုံစားခဲ့တယ်..။

မီးပြတ်..ရေရှား..
အို..ဒါလေးများ...။
ကုန်ဈေးနှုန်းတွေတရိပ်ရိပ်တက်လည်း
အံကြိတ်ခံစား.
အို..ဒါလေးများ..။
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးကို
အနှစ်နှစ်အလလ
ခဲထားခဲ့တဲ့အားတွေနဲ့
ငါတို့ ကျားကန်ခဲ့တယ်..။
ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲက
 ငါတို့ အရပ်သားအစိုးရစစ်စစ်ကြီးကို
ကြက်မွှေးလေးနဲ့သာသာလေးတောင် မသပ်ရက်ဘူး..။
ဒီနေ့တော့
ရက်ပေါင်းတစ်ရာမပြည့်သေးတဲ့
ငါတို့အရပ်သားစစ်စစ်အစိုးရကြီးဟာ
နေပူပူလမ်းမပေါ်က ဆန္ဒပြအလုပ်သမားတွေကို
မစာမနာ
အချုပ်ကားပေါ်ဆွဲတင်
ညင်ညင်သာသာ
အင်အားသုံးဖြေရှင်းပြလိုက်တယ်...။
အေးလေ..ဖမ်းမှာပေါ့…။
အလုပ်သမားတွေက
သူများသာသနာမြေထဲ ဘုရားသွားတည်သလို
ကုသိုလ်ကောင်းမှုမှ မလုပ်တတ်ကြတာ..။
အေးလေ…ဖမ်းမှာပေါ့
အလုပ်သမားတွေက
သူတို့မွေးရာပါအခွင့်အရေးလေးများ ရှိမလားလို့
 သူတို့မွေးရာပါအစာအိမ်ပြဿသနာ အတွက်
သူတို့မွေးရာပါ ..ခြေထောက်ကလေးတွေနဲ့
ပူပူလောင်လောင်အညာနွေလမ်းမတွေပေါ်မှာ
လမ်းလျှောက်ရုံပဲလျှောက်တတ်ကြတာ..။
အေးလေ..ဖမ်းမှာပေါ့
အလုပ်သမားတွေမှာ
ခရမ်းရောင်မပျက်သေးတဲ့လက်သန်းလေးတွေပဲရှိပြီး
ဘာ..လက်နက်မှ မရှိကြတာ..။
ငါနားမလည်တာက
နေပြည်တော်ကို
ဒီ..အလုပ်သမားသပိတ်ရောက်သွားရင်
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီး
ဒလိမ့်ခေါက်ကွေး ပြုတ်ကျမှာလား
တိုင်းပြည်ကြီး အဖတ်ဆည်မရအောင်ပျက်မှာလား..။
ဒါဆိုလည်း
အရင်အစိုးရရဲ့ လက်ပံတန်းဇာတ်ကွက်လို
နေပြည်တော်အ၀င်မှာ
ယပ်တောင်ကလေးတချောင်းစိုက်
ဓာတ်ရိုက်ဓာတ်ဆင်လုပ်လိုက်ပါလား..။
အခုတော့
ဒီနေ့မြင်ကွင်းတွေက
သရဏံဂုဏ်တင်အပြီး
ညောင်ရေအိုးလေးရိုက်ခွဲလိုက်သလို
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးရယ်
ငါတို့ရယ်...။
နီဇူလိုင်
၁၈.၅.၁၆

ဒီလိုပါပဲ-၂

နိုင်ငံရေးရာသီပြောင်းချိန်ဆိုတော့
ပုတ်သင်ညိုတွေလဲ နိုင်ငံရေးအရောင်ပြောင်းလို့
တောက်တဲ့တွေကလည်း နိုင်ငံရေးသုခမိန်လိုလို ဗေဒင်ဟောလို့
ဖားခုံညင်းတွေကလည်း နိုင်ငံရေးကြွေးကြော်သံတွေ တဂွမ်ဂွမ်အော်လို့
သူ့တို့လိပ်ပြာ သူတို့ သန့်ကြပါစေ..။
ငါ့လိပ်ပြာ
ငါ့ကဗျာ
ငါ့အနုပညာ
ငါ့ရပ်တည်ချက်
ဘယ်ရာသီပြောင်းပြောင်း
ဘယ်အာဏာရှင်ရဲ့ ခွေးသွားစိတ်မှ
မဖြစ်ဖို့ပဲ အရေးကြီးတယ်..။

ရွန်နု


ရာသီရဲ့ ဂီတမှာ
မနေ့ကနွေ
ဒီနေ့မိုး
တေးသွားသီ
ရုတ်ချည်းလူးလွန့်သွားလိုက်ပုံ။

မုတ်သုန်နဲ့
တူယဉ်ကာတွဲလို့ကတဲ့
ကဝေမလေး ရွန်နုရေ..။
မိုးရေအေးစွတ်ရုံပဲ
ကခုန်ပါ..။

ရေမဆေးကျောက်ကလေးများ

သကာပုံမှာအုံနေတဲ့ပရွတ်ဆိတ်ကလေးတွေလို
သူတို့ဘ၀ခါးခါးတွေအတွက်
သကာတစ်စက်တစ်လေလျှက်မိလေမလားဆိုတဲ့
အတွေးတွေနဲ့..
မျှော်လင့်ချက်တွေနဲ့..။

သူများထွေးထားတဲ့ယင်တလောင်းလောင်းနဲ့
အန်ဖတ်ဟောင်း စွန့်ပစ်မြေစာပုံတွေဟာ
သူတို့အတွက်တော့ နတ်သုဒ္ဓါတမျှ ၀င်းပ
အသက်ဆက်ရမဲ့ အာဟာရတောင်တန်းကြီးတွေပေါ့..။
ဒါပေမယ့်
သူတို့အသက်ကလေးတွေနဲ့ ယက်..ယက်ပြီး
တူးနေတဲ့ တွင်းတွေဟာ
သူတို့တကိုယ်စာသေတွင်းတွေ ဖြစ်.. ဖြစ်သွားရတဲ့အခါ..
ဆင်းရဲတွင်းထက် ဘယ်တွင်းနက်ဦးမလဲတဲ့
သိသိကြီးနဲ့..
ခုန်...ခုန်ဆင်းသွားကြရင်း
သူတို့ဟာ
စွန့်ပစ်ခံရရှာတဲ့ ရေမဆေးကျောက်ကလေးတွေလိုပဲ
အသက်မဲ့ခန္ဓာတွေမှာ မြေစာတွေအလိမ်းလိမ်းကပ်လို့..။
စွန့်ပစ်မြေစာပုံထဲမှာ ရေမဆေးကျောက်တွေထပ်ထပ်ဖြစ်လို့.။

Friday, May 20, 2016

ထားခဲ့ဖို့

ထားခဲ့မယ်
ထားခဲ့ဖို့ပြင်မယ်
ထားခဲ့မယ်လို့တွေးတော့
ထားခဲ့ရမယ့်ကိစ္စတွေ
ထားခဲ့ရမယ့် ချစ်သောသူတွေ
ထားခဲ့ရမယ့် မချစ်မနှစ်သက်သူတွေ
ထားခဲ့ရမယ့်အနှောင်အဖွဲ့ တွေ
ထားခဲ့ရမယ့် တိုလီမုတ်စတွေ
ထားခဲ့ရမယ့်..တို့လို့တန်းလန်းအလုပ်တွေ
ထားခဲ့ရမယ့်..ဆိုလက်စသီချင်းတွေ
ထားခဲ့ရမယ့်..ဆွဲလက်စ ပန်းချီတွေ
ထားခဲ့ရမယ့်..စပ်လက်စကဗျာတွေ
ထားခဲ့ရမယ့်..ဖတ်လက်စစာအုပ်တွေ
ထားခဲ့ရမယ့်..လျှော်ဖွပ်ရမယ့်အ၀တ်တွေ
ထားခဲ့ရမယ့်..လှည်းကျင်းရမယ့်အခန်းတွေ

ထားခဲ့ချင်တာတွေနဲ့မထားခဲ့ချင်တာတွေ..။
ထားခဲ့ရမှာတွေ တန်းစီကြည့်ရင်း
ထားခဲ့ရမယ့်..ကိုယ်ကိုယ်တိုင်
ထားခဲ့ရဖို့ ..လက်စမသတ်သေးပါလား

ထားခဲ့ဖို့ကိစ္စကို
ထားလို့ရရင်..ခဏတော့ထားပါရစေ..။

            နီဇူလိုင်
        (၈.၅.၂၀၁၆) 

ဒီလိုပါပဲ ..၁

သဘာဝက
သူ့အရောင်နဲ့သူ ပြဌာန်းပြီးသား။
သစ်ရွက်နုတွေ ဆို..အစိမ်း
ကောင်းကင်ဆို အပြာ
ပင်လယ်ဆို..အပြာ
ဒီလိုပဲ
မြေသားဆို မြေသား
တောင်ဆိုတောင်
တောဆိုတော
သူ့ပြဌာန်းချက်နဲ့သူ..။

ဒါပေမယ့်
သဘာဝရဲ့ အလင်းကပဲ
သူ့ပြဌာန်းချက်တွေကို
တခါတခါ
ထင်ယောင်မှားဖြစ်စေတယ်..။
ပြဌာန်းချက်တွေကတော့
ပြဌာန်းပြီးသားပဲ
ပြဌာန်းချက်တွေအတိုင်းပေါ့..။

အမှာ -၅

အဝေးက
ကြယ်ကလေးတွေကို
ချစ်ခြင်းဖြင့်
ငေးရုံပဲငေးပါ..။
အနီးက
ပန်းကလေးတွေကို
မေတ္တာဖြင့်
မွှေးပြီးရင်း မွှေးပါ..။


           နီဇူလိုင်