Tuesday, October 8, 2013

အပိုဘာသာ..မပိုစေလိုပါ



       ၂၀၁၃-၁၄ စာသင်နှစ်မှာ  တနိုင်ငံလုံးက  အခြေခံပညာ မူလတန်းကျောင်းတွေမှာ စိုက်ပျိုးရေးဘာသာကို  အပိုဘာသာရပ်တခု အနေနဲ့  သင်ကြားကြရတယ်..။ဟိုးတုန်းကတော့  အခြေခံပညာ ကျောင်းတွေမှာ  ပန်းချီ ဆရာတွေ၊အားကစားဆရာတွေကို  သီးသန့်ခန့်ပြီး  ပန်းချီတို့ အားကစားတို့ကို  ကျောင်းသားတွေရဲ့   ဗလငါးတန်ဖွံ့ ဖြိုးစေဖို့   သင်ကြားပေးခဲ့ ကြတယ် လို့လဲ  ကြားဖူးပါတယ်..။အခု  စိုက်ပျိုးရေးဘာသာ အတွက်တော့  သီးသန့်စိုက်ပျိုးရေး ဆရာတွေ  ခန့်ထားတာ မတွေ့ သေးပါဘူး..။နီးစပ်ရာ  မူလတန်းကျောင်းကလေးတွေကို    ရောက်တိုင်း ဆရာဆရာမတွေကို   မေးကြည့်တော့   စိုက်ပျိုးရေးဘာသာကို  စာမေးပွဲ မစစ်ပါဘူးတဲ့ ..။ဒါပေမဲ့   ကျောင်းသားတွေကို  အခမဲ့  ဖြန့်ဝေထားတဲ့   အခြေခံစိုက်ပျိုးရေးဘာသာ  စာအုပ်တွေရဲ့   နောက်ဆုံးမှာတော့  စာမေးပွဲ စစ်ဆေးရန်  မေးခွန်းများ  ဆိုတာ ပါတယ်..။ဘယ်လောက် အတိုင်းအတာ အထိ  စစ်ဆေးမယ်  ဆိုတာတော့  မသိပါ..။
                 အခြေခံပညာ မူလတန်း အဆင့်ရဲ့  အတန်းတိုင်းအတွက်..စိုက်ပျိုးရေးဘာသာ ရပ်  စာအုပ်တွေကို  စက္ကူသားကောင်းကောင်း  ရောင်စုံ အရုပ်တွေနဲ့  ငွေကုန်ကြေးကြ အတော်ခံရိုက်နှိပ်ပြီး  ကျောင်းသူကျောင်းသားတွေကို  ပေးဝေထား ပါတယ်..။စိတ်ဝင်စားလို့   စိုက်ပျိုးရေးဘာသာ စာအုပ်ကလေးတွေကို  ယူကြည့်မိပါတယ်..။သင်ရိုးတွေက  စိုက်ပျိုးရေးဘာသာရပ် သင်ရိုး အနေနဲ့  အတော် ပြည့်စုံပါတယ်..။ဒါပေမဲ့   မူလတန်းအဆင့်ကလေးတွေ အတွက်  ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာကို  တွေ့ ရပါတယ်..။ တကယ်တော့  ဒီစာအုပ်မျိုးဟာ  လက်တွေ့ လုပ်ဆောင်နေရတဲ့  တောင်သူလယ်သမားတွေ လက်ထဲ ပို့ရင် ပိုအကျိုးရှိမဲ့ စာအုပ်တွေပါ..။စာအုပ်ရှေ့ ဆုံးက  ဆရာများအတွက် အမှာစာ နံပတ်စဉ် (၄)မှာ..
  “ ၄။အခြေခံ စိုက်ပျိုးရေးပညာ  ကျောင်းသုံးစာအုပ်ကို  အခမဲ့ ဖြန့်ဝေခြင်း ဖြစ်ပါသည်..။မူလတန်းအဆင့် အခြေခံ စိုက်ပျိုးရေး ပညာ  သင်ကြားခြင်းသည်  အပင်တပင် စိုက်ပျိုးနည်းကို သိဖို့ တတ်ဖို့ထက်  အခြေခံစိုက်ပျိုးရေး  ပညာကို  ကျောင်းသားလူငယ်များ  ရင်းနှီးကျွမ်းဝင်ပြီး သင်ယူလေ့လာလိုစိတ် နိုးကြားဖြစ်ပေါ်လာစေရန်နှင့်  ခေတ်မီ  စိုက်ပျိုးနည်းစနစ် ဆိုင်ရာ  သတင်းအချက်အလက်များ  မိဘထံရောက်ရှိပြီး လက်တွေ့  အသုံးပြုစေရန် အထိ ရည်ရွယ်ပါသည် ..လို့   ရေးထားပါတယ်..။
ဒီစာအုပ်ကို  အခြေခံပညာ သင်ရိုးညွှန်းတမ်း  ၊သင်ရိုးမာတိကာ ၊ကျောင်းသုံးစာအုပ် ကော်မတီနှင့်  ရေဆင်း စိုက်ပျိုးရေး  တက္ကသိုလ်တို့  ပူးပေါင်း ပြုစုတယ် လို့   ရေးထားပါတယ်..။ရည်ရွယ်ချက်က  တချက်တည်း နဲ့ 
ငှက် နှစ်ကောင် ပစ်လိုက်တာပါ..။မူလတန်းကလေးတွေကို  စိုက်ပျိုးရေး အခြေခံသိစေရန်နဲ့   မိဘများပါ တခါတည်း စိုက်ပျိုးရေး ပညာပေးချင်တာပါ..။ဒါပေမဲ့ ..တနိုင်ငံလုံးအတိုင်းအတာနဲ့  ပြဌာန်းလိုက်တာမို့  လယ်ယာစိုက်ပျိုးရေးနဲ့  မနီးစပ်တဲ့ .. မြို့ နေ မူလတန်းကလေးတွေ အတွက်ကတော့  ဒီပစ်လိုက်တဲ့  ခဲက  တော်တော် လေးလံဒဏ်ပိစေမယ်လို့  ထင်ပါတယ်...။တောရွာ နေကလေးများအတွက်  ကြည့်လိုက်ရင်လဲ..ကလေးနဲ့  မမျှတ တဲ့   သင်ရိုးတွေ  ဖြစ်နေတာမို့....ကလေးတွေကို  စိုက်ပျိုးရေးပညာကို  ရင်းနှီးကျွမ်းဝင်လိုစိတ်မဖြစ်ပဲ  ကြောက်မက်ငြီးငွေ့ ဖွယ် ဘာသာကြီး တခုလို  မြင်သွားနိုင်ပါတယ်..။သင်ယူလေ့လာလိုစိတ်  နိုးကြားဖြစ်ပေါ်စေဖို့  လက်တွေ့ ကွင်းဆင်း သင်ယူဖို့   ကျောင်းတိုင်းမှာ  အခွင့်အရေး..မရရှိ မနီးစပ် နိုင်ပါ..။ဒါပေမဲ့   ကျမ  အပိုပူနေမိတာပါ..။လက်လှမ်းမီရာ..  မူလတန်းကျောင်းကလေးတွေတော်တော်များများ  ကို  ရောက်တိုင်း  မေးမြန်းစုံစမ်းကြည့်တော့..ဒီ ..စိုက်ပျိုးရေးဘာသာရပ်ကို ပညာရေးဌာနရဲ့  ရည်ရွယ်ချက် ပေါက်မြောက်အောင်  သင်ကြားဖို့  အချိန်မရှိကြပါ..။လူကြီးလာစစ်ရင်နဲ့   မတော်တဆ  စာမေးပွဲ စစ်ရမယ် ဆိုရင်  ရုပ်မပျက်ဖို့ လောက်ပဲ သင်ထားနိုင်ကြပါတယ်..။ကျောင်းဆရာဆရာမများမှာလည်း   တခြား ပိနေသည့်   အပို  ၀န်တွေက  အတော်များသည်ပဲ..။
        ဒီတော့  နိုင်ငံတော်က  ငွေကုန်ကြေးကျ အများကြီးခံကာ  သင်ကြားစေသော အခြေခံပညာ စိုက်ပျိုးရေးဘာသာ သင်ကြားရေး စီမံကိန်းကြီးသည်လည်း  အဟောသိကံ ဖြစ်ဦးမည်. မှာ  မလွဲ လို့ပဲ  စိတ်မသက်မသာ  တွေးမိပါတယ်....။    လက်တွေ့ မှာ  အဟောသိကံဖြစ်ဖြစ်  မဖြစ်ဖြစ်.. ကျောင်းသင်အပိုဘာသာရပ်  စိုက်ပျိုးရေးဘာသာ  သင်ကို..သင်ရမယ် လို့    အထက်က  မူဝါဒချလိုက်တော့.လဲ....အောက်ခြေကျောင်းတွေမှာ  လက်တွေ့  သင်ကြားသင်ယူဖို့ပဲ    အကြောင်းဖန်လာပါတယ်..။ခုထိ..လက်တွေ့ အကောင်အထည်ဖော်ရတဲ့   အခြေခံယူနစ်တွေရဲ့  အသံကို နားမထောင်ပဲ..။အမိန့်မှန်သမျှ  အထက်က  စီးကျလာတုန်းပါပဲ..။အောက်ခြေကလည်း  အထက်က  လာတာမှန်သမျှ  မှန်ဧ။် မမှန်ဧ။် သင့်တော်ဧ။်  မတော်ဧ။်  မဆန်းစစ်ရဲ ..။မဝေဖန် မထောက်ပြရဲ သေးပဲ..။တကယ်.လိုက်နာဆောင်ရွက်လို့   မရရင်လဲ  ဟန်ဆောင် ရုပ်ပြ  အညာအလှိုင်းများနှင့်သာ  တပွဲထိုးဖြေရှင်း  လာကြရင်း  ကျမတို့ရဲ့   ပညာရေးစနစ်ကြီးဟာ  ချွတ်ခြုံကျ လာတာကို  ဘယ်သူမှ မငြင်းနိုင်ပေ..။
         လွန်ခဲ့ တဲ့    ဆယ်စုနှစ် လောက်ကလည်း  အိမ်နီးချင်း ထိုင်းနိုင်ငံ နဲ့  ဆက်ဆံရေး မပြေပြစ်တော့..ကျောင်းတွေမှာ  အဲဒီ အိမ်နီးချင်းထိုင်းနိုင်ငံအကြောင်း  ပညာရပ်တခုလို ချဉ်းကပ်မှု မရှိတဲ့  တဖက်သတ်  အပုတ်ချ..၀ါဒဖြန့်ချီချက်တွေ  ကို  ပြဌာန်းထားတဲ့  ..ယိုးဒယားသမိုင်း ဆိုတဲ့   အပိုဘာသာတရပ်ကို သင်ခိုင်းခဲ့ ဖူးတယ်..။ကျောင်းတွေက  ဆရာဆရာမတွေကို  အဲဒီ ယိုးဒယားသမိုင်းတွေကို  သင်ဖို့    ရက်တိုသင်တန်း တွေ   ငွေကုန်ကြေးကျခံ ပြီး.. ပေးတယ်..။ယိုးဒယား သမိုင်း ပြဌာန်း စာအုပ်တွေ   အများကြီး   ငွေကုန်ကြေးကျခံပြီး  ရိုက်နှိပ် ဖြန့်ဝေ ခဲ့ တယ်..။တကယ်တမ်း လက်တွေ့ သင်ကြားရတဲ့  ဆရာမတွေကလဲ  သင်တန်းတက်ဆို တက်။..သင်တာကတော့  ၀တ်ကျေတန်းကျေပေါ့..။အဲဒီဘာသာကို  စာမေးပွဲ  စစ်ရမယ် ဆိုတော့  ကလေးတွေကို  မေးခွန်းပေး..ပြဌာန်းစာအုပ်  ထုတ်ကြည့်ပြီး  ဖြေစေတယ်..။အဲဒီလို  လုပ်ကြတာကိုပဲ   ကလေးတွေ  ခေါင်းထဲကို   မဟုတ်တဲ့  ၀ါဒမှိုင်းတွေ  သိပ် မ၀င်တော့ဘူးရယ်လို့   ကျေးဇူးတင်ရဦးမယ်..။အခုတော့  ဒီ ယိုးဒယားသမိုင်း ဆိုတဲ့   သမိုင်းအပိုဘာသာကြီး  ဘယ်ချောင်မှာ  တိုးနေပြီလဲ  မသိတော့ပါ..။အဲဒီလို  တကယ် လက်တွေ့ အကောင်မထည် မဖော်နိုင်တဲ့  အပို
ဘာသာ သင်ကြားရေး စီမံကိန်းတွေ  ရှိသလို..လက်တွေ့ မှာ အတော်အကျိုးရှိခဲ့ တာတွေလဲ  ရှိခဲ့ ပါတယ်..။ အဲဒါကတော့..ကျမတို့  ငယ်စဉ်က  လက်တွေ့ သင်ခဲ့ ရတဲ့    အကြိုသက်မွေးပညာ...ကျောင်းသင်အပိုဘာသာ
တွေပါပဲ..။ဒါပေမဲ့ ဒီ ..ကြိုသက်ဘာသာသင်ကြားရေး  စီမံကိန်းကလည်း  တနိုင်ငံလုံးက  အခြေခံပညာကျောင်း
တိုင်း သင်ရတာတော့  မဟုတ်ပါ..။လက်တွေ့  အကောင်အထည်ဖော်နိုင်ဖို့  နီးစပ်တဲ့  ဒေသတွေက  ကျောင်း
တွေ လောက်ကိုသာ..ကြိုသက်ကျောင်းအဖြစ် သတ်မှတ်သင်ကြားစေခဲ့ တာပါ..။(အခု သင်နေ၇တဲ့  စိုက်ပျိုးရေးဘာသာကိုလည်း  တနိုင်ငံလုံးကျောင်းတွေကို  ပြဌာန်း သင်ကြားစေမဲ့  အစား..လက်တွေ့ အကောင်
အထည်ဖော်နိုင်မဲ့  အခြေအနေ ရှိတဲ့  ကျောင်းမျိုးကိုရွေးချယ်  သင်ကြားစေရင်တော့  မလိုလားစရာ အဟော
သိကံတွေ  အတော်လျှော့သွားမယ်လို့  တောင်  တွေးမိပါတယ်..။)
             ကျမသိသလောက်..၁၉၇၀    ခုနှစ်ဝန်းကျင် က တနိုင်ငံလုံးမှာ    အကြိုသက်မွေး       အထက်တန်း
ကျောင်းတွေက    လက်ချိုးရေလို့ ရရုံ   ဆယ်ဂဏန်းလောက်ပဲ ရှိတယ်..။ဒီလို    ကျောင်းတွေမှာ..ရိုးရိုးကျောင်း
သင်ဘာသာရပ်တွေ  အပြင် အကြိုသက်မွေး ဘာသာတခုခုကို  တွဲသင်ခွင့်ရပါတယ်..။အကြိုသက်မွေး ဘာသာ
တွေ အဖြစ်  အိမ်တွင်းမှု ဘာသာ   ၊စက်မှုလက်မှု ဘာသာ၊   အနုလက်မှု ဘာသာနဲ့  စိုက်ပျိုးရေးဘာသာတွေ
ကို ပညာရေးဝန်ကြီးဌာနက   ခွဲဝေသတ်မှတ်ပေးထားတဲ့  အလိုက် သက်ဆိုင်ရာကျောင်းတွေမှာသင်ရတယ်..။
             ကျမတို့  ကျောင်းက  မိန်းကလေးတွေက  အိမ်တွင်းမှု ဘာသာရပ်ကို  သင်ကြားကြရပြီး..ယောက်ျား
လေးတွေကတော့  စက်မှုလက်မှု  ဘာသာရပ်ကို  သင်ကြားရပါတယ်..။အဲဒီ တုန်း  ကတော့  အကြိုသက်မွေးဘာသာတွေကိုအလယ်တန်းဆင့်ဖြစ်တဲ့   ပဉ္စမတန်းကနေ  အဌမတန်း အထိ  သင်ရတယ်.။
တပါတ်တာ စာသင်ချိန်ထဲမှာ    အကြိုသက်မွေးချိန် (၂)ချိန်ခန့်ပါတယ်..ထင်ပါတယ်..။ အကြိုသက်မွေးချိန်
ရောက်ရင်  သက်ဆိုင်ရာ အကြိုသက်မွေးဘာသာရပ်သင်  စာသင်ခန်းတွေ ဆီ  အခန်းပြောင်း တက်ရတာကို ကျမတို့ကလေးတွေကသဘောကျကြ  ပျော်ကြတယ်..။ဒါကလည်း  စာသင်ခန်းတွေထဲမှာ တနေကုန် ညည်းငွေ့
နေရာက နေ အပြောင်းအလည်းလေး  တခု ဖြစ်စေတာမို့  ကလေးတွေ အတွက်  အကြိုသက်မွေးချိန် ရောက်
မှာကို  အလိုလိုကို  စိတ်ထက်သန်နေကြတယ်..။စိတ်ထက်သန်မှု ဟာလည်း  သင်ခန်းစာတခုကို  သင်ယူရာ
မှာ  အရေးပါတဲ့  အချက်တချက်ပါပဲ..။
              အကြိုသက်မွေး ဘာသာရပ်လို့  နံမယ်တပ်တဲ့  အတိုင်းဘ၀ခရီးမှာ..အသက်မွေးဝမ်းကျောင်း
နိုင်မဲ့  ပညာရပ် တခုကို အကြို   သင်ကြားခွင့် ရခဲ့ တာအမှန်ပါ..။ကျမတို့ မိန်းကလေးတွေဆို  အခြေခံ 
အချုပ်အလုပ်၊အချက်အပြုတ်တွေ သင်ရတယ်..။လူတဦးမှာ လိုအပ်တဲ့  အာဟာရ ဓါတ်တွေကို  ကျန်းမာရေးနဲ့  ညီအောင်    ဘယ်လို ချက်ပြုတ်စားရမယ်..။ကလေးသူငယ်တွေကို ဘယ်လို ပြုစု ပျိုးထောင်ရမယ်ဆိုတာမျိုးက
 အစ  သင်ကြားခဲ့ ရလို့..လက်တွေ့ ဘ၀မှာ  အတော် အသုံးဝင်ပါတယ်..။ယောက်ျားလေးတွေ ဆိုလဲ  အခြေခံ စက်မှုလက်မှု ပညာရပ်တွေကို  သင်ခွင့်ရခဲ့ တယ်..။နောက်ပြီး ..အကြိုသက်မွေး ဘာသာကို   စာမေးပွဲ မှာ ဖြေရပေမယ့် ဒီဘာသာနဲ့  အအောင်အရှုံးကို မသတ်မှတ်ပါ..။တခြားဘာသာရပ်တွေ အမှတ်လိုနေရင် တော့  အကြိုသက်မွေးဘာသာရမှတ်က  ကယ်နိုင်ပါတယ်..။ဒီစနစ်ကြောင့်  အကြိုသက်မွေးဘာသာကို ကျောင်းသူ
ကျောင်းသားတွေက ကြောက်စရာလို့  မမြင်..။အပို ဘာသာရပ် ဆိုပြီး   ၀န်ထုပ်ဝန်ပိုးကြီး ပိမနေပါဘူး..။
စိတ်ဝင်တစား သင်ယူနိုင်ခဲ့ အောင်လည်း  အဲဒီခေတ်အခါက  အကြိုသက်မွေးဘာသာသင်ကျောင်းတွေမှာ
သင်ထောက်ကူ  ပစ္စည်းတွေက  အလျှံအပယ် အလုံအလောက်  ပေးထားပါတယ်..။ကလေးတွေအနေနဲ့ 
လက်တွေ့ နဲ့  စာတွေ့   သင်ထောက်ကူတွေ ကောင်းကောင်းသုံးပြီး  သင်ရတာလောက်  ပြီးပြည့်စုံတဲ့  သင်ယူမှု မျိုး   ရှိမယ် မထင်ပါဘူး..။
                ဒါပေမဲ့   လက်တွေ့ မှာ ကောင်းမွန်တဲ့   မူဝါဒစနစ်တွေဟာ တခါတရံမှာ  တာဝန်ယူ ဦးဆောင်သူ  လူတဦးဦးကြောင့်  လမ်းကြောင်းလွဲ ပျက်ပြယ် သွားတာမျိုးလည်း  ကြုံဖူးကြမှာပါ..။
               ၂၀၀၆ ခုနှစ်မှာတော့    ကြိုသက်ချိန်မှာ ကလေးတွေ   ကြိုသက်ခန်းတွေကို စာသင်မသွားရ
တော့ဘူး..လို့   သတင်းကြားရပါတယ်..။ကြိုသက်ချိန်တွေကို    ကိုယ့်အခန်းမှာပဲ  ကိုယ်သင်ရမယ် တဲ့။ ဘာလို့ပါလိမ့်..။စုံစမ်းကြည့်တော့ မှ   တိုင်းအဆင့် ပညာရေး တာဝန်ရှိသူတဦးက   ကျောင်းကို  စစ်ဆေးရေး လာစဉ်မှာ  ကြိုသက်ချိန်  အတန်း ပြောင်းလာတဲ့   ကလေးတွေကို  မြင်သွားပါသတဲ့ ..။ကလေး  တွေ  စာသင်ခန်း အပြင်မှာ  ဘာလုပ်နေတာလဲ..။စည်းကမ်း ထိန်းသိမ်းမှု ညံ့တယ်..။ဘာညာနဲ့ကျောင်းအုပ်ဆရာကြီး
ကို  ဆူပါလေရောတဲ့ ..။အဲဒီ အချိန်က   ဌာနဆိုင်ရာ အကြီးအကဲတွေတော်တော်များများဟာ  တသွေးတသံ တမိန့် နဲ့   စစ်စိတ်စစ်မာန်တွေ  လျှံနေချိန်ပေါ့..။ရေဗူးပေါက်တာ  မလိုချင်ဘူး  ..ရေပါတာပဲ  လိုချင်တယ် ဆိုတဲ့   ၀ါဒ ကြီးစိုး  နေချိန်မို့   အောက်လက်ငယ်သားတွေကလည်း  အထက်ကို  အကျိုးနဲ့  အကြောင်းနဲ့   ပြန်ရှင်းမပြရဲကြတာတွေက များတယ်..။ အဲဒီအချိန်က  ကျောင်းအုပ်ကြီးကလည်း   တကယ်ဆို  ဒီကျောင်းက  အကြိုသက်မွေး ကျောင်းမို့   ကြိုသက်ချိန်တွေမှာ  စာသင်ခန်း  ပြောင်းသင်ရတာပါလို့   ပြန်မပြောရဲဘူး
တဲ့..။အထက်က  အမိန့် အတိုင်း..အောက်ကို  ဆက်အမိန့်ထုတ်လိုက်တယ်..။ကြိုသက်ချိန် စာသင်ခန်း ပြောင်းမသင်ရ..။ဒီလိုနဲ့  ကလေးတွေဟာ  ကြိုသက်ကျောင်းမှာ နေပြီး  ကြိုသက်ချိန်မှာ  လက်တွေ့  သင်ထောက်ကူတွေ နဲ့  စနစ်တကျ သင်ကြားခွင့်ကို  ဆုံးရှုံးခဲ့ ရတယ်..။
                ဒီထက်ပို  ဆိုးတာက     အတန်းမပြောင်းရပဲ  ကိုယ့်အတန်းထဲမှာပဲ ကိုယ်ကြိုသက်ဘာသာကို  သင်ရမယ် ဆိုတော့  ..ယောက်ျားလေး မိန်းကလေး ရှိတဲ့  အတန်းတွေထဲမှာ စက်မှု လက်မှုနဲ့   အိမ်တွင်းမှု ဘာသာကို  တွဲသင်လို့ မရတော့ဘူး..။ဒီတော့  စက်မှုဆရာတွေက  နောက်ပိုင်းမှာ အတန်းမ၀င်တော့ဘူး..။
အိမ်တွင်းမှု ဆရာမတွေပဲ  အတန်းထိန်းရင်း  မိန်းကလေးတွေကို  အိမ်တွင်းမှု  သင်တယ်.။ယောက်ျားလေး
တွေက  ကြိုသက်ချိန်မှာ ဟိုယောင်ယောင်..ဒီယောင်ယောင်.။ကဲ..စည်းကမ်းပို မပျက်ပေဘူးလား..။
            ရေဗူးပေါက်တာမလိုချင်တဲ့  ခေတ်ကြီးမို့    အထက်ကို ဒီလို..ဒီလို  တွေ ဖြစ်နေပါတယ် လို့ ဘယ်သူမှ  ပြန်မပြောရဲကြဘူး..။ရှက်တတ်ရင်  ရှက်စရာကောင်းတာက  ပညာရေးဌာနရဲ့   စစ်ဆေးရေး အရာရှိကြီး
တယောက်လုံးက    ကိုယ်သွားစစ်ရတဲ့  ကျောင်းရဲ့    သဘောသဘာဝနဲ့     အခြေခံအချက်အလက်တွေကို  မသိခဲ့ တာပါပဲ..။အင်းလေ...ဗူးတောင်းနစ်လို့ ဇောင်းချမ်းပေါ်..တဲ့  ခေတ်ဆိုးကြီးကိုး..။အဲဒီ ကတည်းက   ကျမတို့ရဲ့  အကြိုသက်မွေးကျောင်းကြီးရဲ့   ကြိုသက်စာသင်ခန်းတွေ  ပျက်ခဲ့ တာ  ခုထိပါပဲ..။အခုတော့  ကြိုသက်ဆရာဆရာမတွေကလည်း  ရိုးရိုးဘာသာရပ်သင်  ဆရာဆရာမတွေ ဖြစ်ကုန်ပါပြီ..။ကြိုသက်စာ
သင်ခန်းတွေတောင်  ရိုးရိုး  ဘာသာရပ်သင်  စာသင်ခန်းတွေ ဖြစ်ကုန်ပြီ..။
          ကျမတို့ ခေတ်က  ကြိုသက်စာသင်ခန်း အင်္ဂါရပ်နဲ့  ညီတဲ့   သင်ထောက်ကူ ပစ္စည်း အကောင်းစားတွေ  စက်ကြီးတွေဟာလည်း  ဟိုချောင်ကပ်..ဒီချောင်ကပ်..။ဟိုတစ..ဒီတစ..။  ဟိုရောက်..  ဒီရောက်ဖြစ်ကုန်ပြီ လို့  ၀မ်းနဲဖွယ်ကြားရပါတယ်..။အဟောသိကံဖြစ်ရတဲ့  တိုင်းပြည်ဘဏ္ဍာတွေပဲ ပေါ့လေ..။
      တကျောင်းတဂါထာ တရွာတပုဒ် ဆန်း  ဆိုသလို    တာဝန်ရှိလူကြီး     တယောက်ပြောင်းတိုင်း    သူတို့ စိတ်ကူးတဲ့  ရာ  မူဝါဒတွေ ချမှတ်လိုက်..။နောက်တယောက် ပြောင်းလာရင်  ကောင်းကောင်းဆိုးဆိုး  မဝေဖန်  .သူ လက်သင့်ရာ  .နောက်တမျိုး ပြောင်းလိုက်ဖြင့်  ကျမတို့ နိုင်ငံရဲ့   ပညာရေး စနစ်ကြီး  ရေစုန်မျောနေသည်မှာ  ကြာချေပြီ..။ကျမတို့ခေတ်တွင်လည်း အစမ်းသပ်ခံ သားကောင်တွေ  ဖြစ်ခဲ့ ရသလို  ကျမတို့  သားသမီး မြေးမြစ်များ အထိ   ပိုမို  ဆိုးရွားလာသော   အစမ်းသပ်ခံ  စမ်းတ၀ါးဝါး  ပညာရေးစနစ်ရဲ့  သားကောင်လေးတွေ  ဖြစ်နေရမည်  ဆိုလျှင်..။ဆက် မတွေးရဲတော့ ပါ..။