Friday, February 26, 2016

မြင်ရုံမျှ

အလင်းလာရာ
အမှောင်ထဲကကြိုနေရှာ.။
အလင်းဆီမရောက်
အမှောင်အောက်က
မြင်ရုံမျှ.။
          ၂၆.၂.၁၆


Tuesday, February 23, 2016

ဝေးဝေး..လ



မနက်စောစ
ညမှတွေ့ရမယ့်
“လ”ဟာ..
ဖူးငုံဖြာကျ..။

နှင်းတောထဲက
 ဝေးဝေး.“လ”
မြူကန့်လန့်ကာတွေ  
ပိန်းပိတ်အောင်ချ
အေးမြတဲ့သန္တိသုခ။



လွမ်းဆွတ်ဖွယ်
ဆွဲယူသိမ်းကျုံးနိုင်ပေစွ။




ထုံကူးပွဲ




(၁)
နှင်းနဲ့ မြူ..မသဲကွဲတဲ့ဖေဖော်ဝါရီလ..
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ.. ရွာလေးတရွာမှာ
ကျောင်းသားရဲဘော်ကိုအောင်ကျော်ကို ..မွေးဖွါးခဲ့..။
နောက်.
ကိုးဆယ့်ကိုးနှစ်အကြာ
အဲ့ဒီ..ဖေဖော်ဝါရီမှာပဲ
အသက်တစ်ရာ..ကိုအောင်ဆန်းနဲ့အတူ
တို့မြို့ လေးကို..
ကိုအောင်ကျော်ရောက်လာခဲ့..။
မြင်းခွါတချက်ပေါက်ရင်မီးဟုန်းဟုန်းတောက်စေ့မယ်ဆိုတဲ့ 
“ကိုဗဟိန်း”လည်းပါတယ်..။
မီးလျှုံထဲက  ကြာတပွင့်ပမာ.. ..
“မအမာ”လည်း  ပါတယ်..။
“ကျောင်းသားသွေးမြေခတဲ့အကြောင်း”
ဒိုးဒိုးဒေါက်ဒေါက်..ကမ္ဘာ့တံခါးကိုခေါက်နိုင်တဲ့..
“မခင်မြ(ခင်မျိုးချစ်) ”လည်းပါတယ်..။

တက်ဘုန်းကြီးကိုသိန်းဖေ
အိုးဝေကိုညိုမြ
ဒဂုန်တာရာ
သူတို့အကုန်ပါတယ်.။
သူတို့.အကုန်ပါတယ်..။
နေပူပူမှာ
စွေးစွေးနီလွင့်လက်နေတဲ့ 
သူတို့ရဲ့ ခြေလှမ်းသွက်သွက်တွေဟာ..
မိုင်ပေါင်းရာချီလာတယ်..။
(၂)


လမ်းမထက်ကျတဲ့သွေးတွေ..
ပျောက်ပျက်မသွားသေးကြောင်း
ကမ္ဘာမကြေဘူးတေးနဲ့ အဖိုးမှိုင်းကို..တ
ဝိုင်းကြ.သိုင်းကြမဟေ့
သမိုင်းလှိုင်းတစ်လုံး.. အကပ်
တို့မြို့ လေးရဲ့  နိုင်ငံရေးသိက္ခာထပ်ပွဲပ
သူတို့ခြေဖ၀ါးတွေနဲ့ တို့လက်ဖ၀ါးတွေ တသားတည်းကျလို့..။


(၃)သူတို့ဖြတ်သန်းလာသမျှ..မိုင်ရာချီမှာ
    ဒေါင်းအလံတွေ..ကောင်းကင်တခွင်လုံးနီလို့
     ဒေါင်းအသံတွေ..ကောင်းကင်တပြင်လုံး.ပီလို့
    အုံးအုံးညံစီ..
    တသွေးတသားတည်း..
     လက်ချင်းတွေတွဲထားလိုက်ကြတယ်…။
   ဒေါင်းတမန် တောင်ပံခတ်သံကြားမှာ
   ဖိနှိပ်ခံလူထုရဲ့ 
   ရှိုက်သံတွေ
   နာကျင်မှုတွေ
   အံကြိတ်တောက်ခေါက်သံတွေဟာ
    ပဲ့တင်…ညံလို့..။
   အဖိုးမှိုင်း..နဲ့ကိုအောင်ကျော်
  .ကိုဗဟိန်း.နဲ့.ကိုအောင်ဆန်း
   ဖိနှိပ်ခံ လူထုရဲ့  တိုင်တန်းသံတွေကို  နားစွင့်
    မျက်နှာဖြင့်သိပ်မကောင်းကြရှာဘူး..။
   မျက်နှာဖြင့် သိပ်မကောင်းကြရှာဘူး..။

   (၄)မတရားဖိနှိပ်သူအာဏာရှင်တွေ  ရှိနေသမျှ
   စာသင်ကျောင်းတွေထဲက
   လယ်တောတွေထဲက
   အလုပ်ရုံတွေထဲက
   တပြည်လုံးက..
   မခြောက်သေးတဲ့ ဖိနှိပ်ခံတွေရဲ့ သွေးစက်တွေဟာ
   မြစ်တွေလို  စီးဆင်းနေဦးမယ်ဆိုတာ
   သူတို့ရဲ့  ဆဌမအာရုံမှာ .
  .အလိုလိုသိနေရှာတယ်..။



ဒါနဲ့..
အဖိုးမှိုင်းက
မြေးအိုးဝေတသိုက်ကို
လေးချိုးတပိုဒ်နဲ့ဂုဏ်ပြုတယ်..။

“အော်..အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
 ကနက်ပဟိုရ်ပလ္လင်   လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင်  သမဂ္ဂအသင်းဆီက
အဆက်သမတအသင်းတွေနဲ့
 တြင်း, န၀င်း  ကောင်းမျိုးအထွေထွေ..။
အိုကွယ်…တက်မကွအတင်းဟေ့လို့
အကွက်ကျကျနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ”တဲ့..။             
ကိုဗဟိန်းက
“မြင်းခွါတချက်ပေါက်ရင်.
.မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပေမယ့်
ကောက်ရိုးမီးတော့မဖြစ်စေနဲ့...”တဲ့။
“ငါ့ဦးခေါင်းသည် သွေးချင်းချင်းနီသော်လည်း..
ဘယ်တော့မှ မညွှတ်..”လို့
ကိုအောင်ဆန်းက.
.အသံမာမာနဲ့ကြွေးကြော်
“အနီးကပ်ဆုံးရဲဘော်ဟာ.
.ရန်သူတော့မဖြစ်စေနဲ့ပေါ့ကွာ..”လို့
ခေါင်းကိုယမ်းရင်း
ကြေကြေကွဲကွဲ..မြည်တမ်းရှာတယ်..။
ကဗျာဆန်တဲ့ “တာရာ”က..
ကပျာကရာ
“မိတ်ဆွေကိုလဲ  ရန်သူမဖွဲ့ပါနဲ့”လို့..
သောကမကင်းစွာ..ပြင်ဆင်ချက်ထုတ်ရှာတယ်..။
ကတုံးဆံတောက်တိုတိုနဲ့ “ကိုအောင်ကျော်”ကတော့
အံကြိတ်
တောက်ခေါက်
လက်သီးကျစ်ကျစ်ဆုတ်ပြီး

ခေတ်အဆက်ဆက်ကျောင်းသားထုရဲ့ 
တရားသောအမှုတွေအတွက်..
အောင်မြေဗိမာန်မှာ..ငါရှိနေမယ်..”
အောင်မြေဗိမာန်မှာ..ငါရှိနေမယ်..”တဲ့။

+++
(၅)
အောင်မြေဗိမာန်မှာ
စစ်ဘီလူးတွေရဲ့  ကတိသစ္စာတွေဟာ..အပိုင်းပိုင်းအစစ..ကြေမွ.။
ဓမ္မနဲ့အဓမ္မ ဟာ..ပြတ်ပြတ်သားသား....စည်းခြားကြ..။
တပ်ဦးအောင်လံမှာ..
ကိုဗဟိန်းဟာ..တဟုန်းဟုန်းလင်းလက်တောက်ပလို့..။
ရော်ဘာတုတ်ချက်တွေကြားမှာ
ကိုအောင်ကျော်ဟာ.. ခေါင်းမော့ရင်ကော့လို့..။
 မှိုင်း..ဆန်း..အောင်နဲ့ အောင်မှိုင်းဆန်းများဟာ
ရာစုတခေတ်တိုင်သည်အထိ
ဒေါင်းဝိညာဉ်တွေ ထုံကူးကြ..။
ဒေါင်းဝိညာဉ်တွေ  ထုံကူးကြ။


+++

(၆)
ဒီမှာ
မြွေတွေထုံကူးရင်
မိုးကောင်းကင်ဆီမျှော်သတဲ့။
နေကို ရဲရဲကြည့်ရပ်သတဲ့။
ခန္ဓာကိုယ်ကို တဖြောင့်တန်းမတ်သတဲ့..။
အလင်းဓါတ်တွေ ဖြန့်ထွက်ဖြာ.ကြသတဲ့။

ခေတ်အဆက်ဆက်မှာ
ဒေါင်းဝိညာဉ်တွေထုံကူးတော့
သစ္စာတရားဆီမျှော်ကြတယ်..။
ယုံကြည်ရာမှာ ရဲရဲကြည့်ရပ်ကြတယ်..။
သတ္တိတဖြောင့်တည်းမတ်ကြတယ်..။
အလင်းဓါတ်တွေဖြန့်ထွက်ဖြာကြတယ်..။
ဒီလိုနဲ့
ဒေါင်းဝိညာဉ်တွေ အဆက်ဆက် ထုံကူးရင်း
ကိုအောင်ကျော်ဟာ နှစ်တရာပြည့်တယ်..။
မယ်ဇလီကုန်းရွာလွမ်းစေတီမှာသာ
ကိုအောင်ကျော်တို့ရှိနေမှာ မဟုတ်ဘူး..။
အမိတက္ကသိုလ်တွေရဲ့ ဒေါင်းရင်ပြင်တွေမှာ
တပြည်လုံးရဲ့ ဒေါင်းရင်ပြင်တွေမှာ.
ကိုအောင်ကျော်တို့ဟာ
ချွန်မြစွာ ..။
 (သာယာဝတီရုံးထုတ်က ကျောင်းသားတွေ ရုံးထုတ်တိုင်း ကဗျာတပိုဒ် စပ်တယ်..။သူတို့ကို ကိုယ်တတ်အားသရွေ့ ..အားပေးတဲ့သဘောပါ..။ဒီနေ့တော့  ဒီကဗျာကို ဒီမှာပဲ  ရပ်ချင်ပါပြီ။နောက်တပါတ်..နောက်တပါတ်တွေမှာ  သူတို့ လွတ်မြောက်တာပဲ  မြင်နိုင်သင့်ပါပြီ)

Monday, February 22, 2016

အူသံ-၁၀

လက်ခတ်ပျောက်နေတဲ့
ပတ္တလား
ကျွမ်းလောင်တဲ့..တံတျာတေးသွား..။
                         နီဇူလိုင်
                     ၂၂.၂.၁၆

Friday, February 19, 2016

အူသံ-၉

မြူ..တွေဆီ
တိုးဝင်။
တိုးရင်း
တိုးရင်း
မြူဖြစ်သွား..။
           နီဇူလိုင်
           ၁၉.၂.၁၆

Wednesday, February 17, 2016

အရွေ့ 

ကောင်းကင်ခရမ်း
နှင်းမဆမ်းတော့ဘူး
လမ်းတလျှောက်
နီမောက်ပြည့်လျှံ
ပွင်လက်ပံ..။

              နီဇူလိုင်
           ၁၆.၂.၁၆

အူသံ-၈

အရွေ့ တခုရဲ့ 
အသံမဲ့ပြဇာတ်မှာ
လက်ခုပ်သံတွေသောသောညံလို့
အရိပ်တွေကတော့
ဆူဆူညံညံ
တရိပ်ရိပ်ကျန်ခဲ့..။

                       နီဇူလိုင်
                      ၁၇.၂.၁၆

Thursday, February 11, 2016

အူသံ-၇

အပ်ကြောင်းထပ်စရာမရှိတဲ့
ဓါတ်ပြားမဲ့
ရေဒီယိုကောင်းကောင်းတလုံးရဲ
ခုမှ..စဖွင့်ခွင့်ရတဲ့
ခေတ်ဟောင်းတေးသွားတပုဒ်..။
နီဇူလိုင်
၁၁.၂.၁၆

Tuesday, February 9, 2016

လူလေးရေ -၂

လူလေးရေ..
ခေတ်ထဲမှာရဲရဲနေပါ..
ခေတ်မြေကိုရဲရဲနင်းပါ
ခေတ်လေကိုရဲရဲ ရှူပါ
ခေတ်မောင်းသံကို ရဲရဲနားစွင့်ပါ
ခေတ်တိုင်းရဲ့  သမိုင်းဆိုတာ
လူလေးတို့ ပုခုံးပေါ်ကနေ..အပြိုင်းအရိုင်း..ဖူးပွင့်မှာ....
(ချစ်သောလူလေးများစွာသို့)

   ၉.၂.၁၅

Sunday, February 7, 2016

အူသံ-၅

ဘောင်တွေထဲမှာပဲ
ဘောင်တွေ အထပ်ထပ်ခတ်လို့
အနားသတ်မှာ
အလင်းတန်းတွေညှစ်ထုတ်လို့
ဆွဲဆွဲငင်ငင်ဖြာ..။
နီဇူလိုင်
၇.၂.၁၆

Friday, February 5, 2016

အူသံ -၎



ခြေသံတဖျတ်ဖျတ်နဲ့
အနေမတတ်တဲ့ပင်လယ်
ခရုနဲ့ကမာခွံတွေ
ပြန်ပြန်
အန်အန်ချ..။
          ၆.၂.၁၆