Wednesday, April 28, 2010

ကောင်းကင်မှာ..


မိုးကောင်းကင်တွေကိုကြည့်ရင်း
စဉ်းစားခန်းဝင်။
ကောင်းကင်
တိမ်မျှင်
သစ်ပင်တို့အရောင်
အမှောင်အလင်း
အအေးအပူ
အသွေးမတူကွဲပြား
ခြားနားကြ။
ဂျော်ဂျီယာရဲ့ကောင်းကင်
အာဖဂန်နစ္စတန်ရဲ့ကောင်းကင်
ဘီဂျင်းအိုလံပစ်ရဲ့ကောင်းကင်
မြန်ပြည်သားတို့ကောင်းကင်
အာရှကျားတို့ကောင်းကင်
ယမ်းငွေ့ကျည်ငွေ့
ဆီငွေ့သီဝေ့
ဒေါသငွေ့ သောကငွေ့
လောဘငွေ့ မောဟငွေ့
ကောင်းကင် တော့ကောင်းကင်
ကမ္ဘာမြေပြင်တစ်ခုထဲရဲ့ ကောင်းကင်။

-------


နီဂျူလိုင်


သြဂုတ်လ ၁၂ ရက်၊ ၂၀၀၈

Friday, April 23, 2010

ငု

အ၀ါ နဲ့ အစိမ်း
ယိမ်းသူမ
နောက်ခံက ပြာစင်စင်
ဝါယဉ်ယဉ် မြသွေး
မွှေးခွင့် မရလဲ မွှေး
တိမ်ကလေးကို ဆေးရောင်ခြယ်။ ။


(နီဇူလိုင်)

Ngu War Flower (Close Up)

Tuesday, April 20, 2010

အားနာတယ်

ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း

ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။

-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။

-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ

ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။

-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်

အားနာမိတော့ တယ်။ ။

(နီဇူလိုင်)


မျိုချ

မျိုချ
မှန်ချပ်ကိုမျက်နှာလွှဲ
ပွဲလန့်တုံးဖျာခင်းသူတွေကိုလဲ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲ
မျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
သူတို့ဘ၀ကိုချနင်းခံနေတဲ့ ကြယ်အစင်းစင်းကိုဦးညွှတ်ရင်း
မျိုချ
အချိန်ကျရင်
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။


(နီဇူလိုင်)

မင်းကိုနိုင် (၄၆) နှစ်ပြည့် မွေးနေ့

ဒီမို ကရက်တစ် မြန်မာ့ အသံက ထုပ်လွှင့်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၇ နှစ် မြောက် မွေးနေ့ အစီအစဉ်မှာ မွေးနေ့ရှင် မရှိဘဲ သူ့အိမ်မှာ မွေးနေ့ပွဲ ကျင်းပ နေရတဲ့ ပုံရိပ်တွေ ထဲက ကိုမင်းကိုနိုင် အမေရဲ့  မျက်နှာကို ကြည့်၇င်း နိုင်ငံရေး ခံယူချက် တွေ အသာထား… ရင်နဲ့ လွယ်မွေး ခဲ့ရတဲ့ သားတယောက် အမေရဲ့  သောကတွေ ကို မျှဝေ ခံစား မိပါတယ်။ သူမရဲ့ သားကလဲ သူ့ အသက်ရဲ့ ထက်ဝက် လောက်နှစ်တွေ ကို နံရံ လေးဖက် ကြားမှာ သူ့ကိုယ်ကျိုး လုံးလုံးမပါဘဲ မြှုပ်နှံ ထားရ ရှာတာကိုး။ မြန်မာပြည် ထဲမှာ ဒီလို အမေ မျိုးတွေ၊ ဒီလို သား သမီး မျိုးတွေ၊ ဒီလို မိသားစု မျိုးတွေ အများကြီး...အများကြီး ပါလား။
-
+++ ++++
-
ရှင်လိင် ပြန်တဲ့ နေ့ကို မကြုံဘူး ပေမဲ့ ထောင်က လွတ်တဲ့နေ့ ကိုတော့ ခံစား ဘူးတာကြောင့် မြန်မာနိုင်ငံ ထဲက ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ရဲ့ လွတ်မြောက် ရေး ကို အင်မတန် လိုလားပါတယ်။ ကိုယ် တတ်စွမ်း သမျှကူညီ ဖေးမ ပေးချင် ပါတယ်။
-
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက် နေ့က ``နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၇၁၁၄ဦး အား ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်း သက်သာခွင့် ပြုခြင်း´´ဆိုတဲ့ သတင်း ကြောင့် သူတို့ ပြောတဲ့ နိုင်ငံသား အကျဉ်းသား တွေထဲမှာနိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် များ ပါမလဲလို့ သတင်း တွေကို နား တစွင့်စွင့် ပေါ့။

နောက်ဆုံးတော့ လွှတ်ပေး ခံရသူ ၇၀၀၀ ကျော်ထဲမှာ ၁၀၀ ကျော်ဘဲ နိုင်ငံရေး အကျဉ်းသား ပါပါတယ်။ မလွှတ်ချင် လွှတ်ချင် ဟန်ပြ လွှတ်ရတာ ဆိုတော့ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) ကြီးကို တောင်ကျောပိုး ပေးလိုက် ပါသေးတယ်။

+++ ++++
-
အရင်က ကြားဘူးတဲ့``လွတ်ငြိမ်းချမ်းသာခွင့်´´ဆိုတာနဲ့ ခု သူတို့ ကြေညာတဲ့``လွတ်ငြိမ်းသက်သာခွင့်´´ ဘယ်လို ကွဲပြား ခြားနား နေသလဲ ဆိုတာ စူးစမ်းမိတော့… ဖခင်ဖြစ်သူ က သူ့ စာအုပ်စင် က ``ရာဇ၀တ် ကျင့်ထုံး ကိုဓဥပဒေ´´ဆိုတဲ့ စာအုပ်ရယ်၊ မြန်မာ့ သမိုင်း အဖွဲ့က ထုပ်တဲ့ ``မြန်မာ့ နိုင်ငံေ၇း စနစ် ပြောင်း ကာလ(၁၉၆၂-၁၉၇၄)´´ ဆိုတဲ့ စာအုပ်ရယ်.. မြန်မာ့ အလင်း သတင်းစာ ထဲက အကျဉ်းသားတွေ လွှတ်ပေးတဲ့ သတင်းစာ ဖြတ်ပိုင်း လေးရယ် ယှဉ်ဖတ် ကြည့်ဖို့ ပေးပါတယ်။
-
ဒီတော့မှ ၁၉၆၃ ခု ဧပြီလ (၁)ရက် နေ့စွဲနဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့``အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်´´ကို ဖတ်မိပါတယ်။``အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်(General am-nesty)´´လို့ ဆိုပါတယ်။

အချုပ် ပြောရရင် အဲဒီတုံးက ထုတ်ပြန် ခဲ့တဲ့ ``အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်´´ဆိုတာ အမိန့် တရပ်ကို ထုတ်ပြန်ပြီး တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင် တွေထဲက အကျဉ်းကျခံ အားလုံး (လူသတ်မှု၊ မုဒိမ်းမှုလို လူတဦးအား ထိခိုက် နစ်နာ စေသည့် ပြစ်မှု မျိုးရယ်၊ ပုဂ္ဂလိကပိုင် ပစ္စည်း ဆုံးရှုံး စေသည့် ပြစ်မှု မျိုးရယ် ကလွဲလို့) ကွင်းလုံးကျွတ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက် တာပါ။

လက်နက်ကိုင် တိုက်ခိုက် ခဲ့သူများကို တောင် သတ်မှတ် ရက်မှာ လက်နက် ပြန်အပ် စေပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ တာပါ။ တော်လှန်ရေး ကောင်စီက အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထူထောင်ရန် “အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်” အမိန့်ကို ထုတ်ပြန် ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ စေတနာ သိပ်မမှန် တော့ အမိန့်နဲ့ နဲနဲ လွဲချော်ပြီး နိုင်ငံတော် လုံခြုံရေး အက် ဥပဒေအရ ထိန်းသိမ်း ထားသူ တချို့ မပါ ပါဘူး။ ဒါပေမဲ့ နိုင်ငံရေ အကျဉ်းသား တော်တော် များများကို လွှတ်ပါတယ်။ ထင်ရှားတဲ့ ဆရာ ရာဂျန်တို့၊ ဗိုလ်မှုး ချစ်ကောင်း တို့ဆို ၁၉၆၃ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ လွတ် လာတာပါ။ အဲဒီ အမိန့် ထုတ်စဉ်က တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းသား (၁၂၀၀၀) ခန့်ကို တခါ လွှတ်ပေး ဘူးပြီး၊ ၁၉၈၈ လူထု လှုပ်ရှား မှုကြီး အပြီးမှာလဲ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ ထောင်တွေ ခါခဲ့ ဘူးပါတယ်။
-
ယခု စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် ခဲ့တဲ့ လွတ်ငြိမ်း သက်သာခွင့် အမိန့် ကတော့ ရာဇ၀တ် ကျင့်ထုံး ကိုဓ ဥပဒေပါ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ လူအချို့ ကိုသာ လွှတ်ပေး တာပါ။ အားလုံးကို လွတ်ငြိမ်း ချမ်း သာခွင့် ပေးတာ မဟုတ်ပါဘူး။
-
+++ ++++
-
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေဟာ ဘာလက်နက်မှ စွဲကိုင် မထား ကြပါဘူး။ လက်နက် စွဲကိုင်ထား သူတွေကိုတောင် အပစ်အခပ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူထား သေးတာ အမျိုးသား ရင်ကြားစေ့ရေးကို တကယ် လိုလားရင် လက်နက်မဲ့တဲ့ နိုင်ငံရေး အယူအဆ မတူသူ တွေနဲ့လဲ မျက်နှာ ချင်းဆိုင် ဆွေးနွေး သင့်တာပေါ့။
-
တိုင်းပြည် ကောင်းကျိုးကို တကယ် လိုလားရင် ပြစ်မှု အမျိုးမျိုးနဲ့ လုပ်ကြံ စွဲဆို အကျဉ်းချ ထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုပ်ပြန်ပြီး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေး သင့်တာပေါ့။ ဒါမှ စောင့်ကြည့် နေတဲ့ ကမ္ဘာက ယုံကြည်မှုကို ရမှာပေါ့။
-
အမေ့အိမ်ကို လွမ်းရက်နဲ့ ပြန်မလာ နိုင်သေးတဲ့ အဝေးရောက် သားသမီးတွေ ကိုလဲ လက်ကမ်း ကြိုဆို သင့်တာ ပေါ့။ ကွဲကွာ နေတဲ့ မိသားစု တွေကို သောက ကင်းကင်းနဲ့ ပျော်ပျော် ရွှင်ရွှင် ထမင်း လက်ဆုံ စားခွင့် မြန်မြန် ရစေ့ ချင်ပါပြီ။

နှစ်လကြာရှည် ခါရာသီ ရွှေ့ပေမဲ့...

ဇူလိုင် မိုးတွေ တဖွဲဖွဲ စွေနေတဲ့ ကလေး ဘ၀ တနံနက်မှာ ဖေဖေ့ စက်ဘီး ဘားတန်း လေးပေါ်မှာ ထိုင်ရင်း မြို့ကလေးရဲ့ အာဇာနည်နေ့ အခမ်းအနား တခုကို စတင် မြင်ဖူးခဲ့ ပါတယ်။ မြို့လည် ဈေးရှေ့ က အာဇာနည် ကျောက်တိုင်မှာ ပန်းခွေ ရောင်စုံလှိုင်း ထလို့။ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ၊ ဈေးသူ ဈေးသားတွေ က အလှည့်ကျ ဦးညွှတ် ဂုဏ်ပြုကြ။ ဘင်ခရာတီးဝိုင်းရဲ့ ခရာ မှုတ်သံက လွမ်းလွမ်း ဆွတ်ဆွတ် ကြေကြေ ကွဲကွဲ။ ဟိုး- တိုင်ထိပ်က ၀မ်းပမ်းတနဲ လျောဆင်း လာတဲ့ နိုင်ငံတော် အလံက တဖျပ်ဖျပ် တုန်ခါ နေတာကို ကြည့်ရင်း ဘာမှန်းမသိ ဆို့နစ် ရှိုက်ငင်မိ။ အာဇာနည်နေ့ အခမ်းအနားကို လိုက်ပြတဲ့ ဖေဖေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေ အကြောင်း ပြောပြတော့ နှမျော တသ စိတ်တွေ တဖွားဖွား။

နံနက် ၁၀နာရီ ၃၇မိနစ် မှာ တမြို့လုံး မှာရှိတဲ့ ဆန်စက်ကြီးတွေ၊ အထည် စက်ကြီးတွေရဲ့ ဘွိုင်လာ ဥသြ မှုတ်သံကြီး တွေက ရုတ်တရက် ပြိုင်တူ ဆွဲဆွဲ ငင်ငင် ရှိုက်ငို လိုက်ကြ သလို။ လမ်းမ ပေါ်မှာ ရှိတဲ့ ကားတွေ အားလုံး ဟွန်းတွေ သံရှည် ဆွဲရင်း ရပ်တန့်ကြ။ လမ်းသွား လမ်းလာ အားလုံး ခေတ္တ ခဏ ရပ်တန့်ကြ။

ညဘက်မှာတော့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်မှာ မီးရောင်စုံ ထွန်းညှိလို့ ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့
တိုတို ပြတ်ပြတ် အသံနဲ့ မိန့်ခွန်း တွေကို ဖွင့်လို့။ တမြို့လုံး ကြေကြေ ကွဲကွဲ။ တနိုင်ငံလုံး ကြေကြေ ကွဲကွဲ။ ည-၈နာရီ သတင်းအပြီးမှာ မြန်မာ့ အသံ ရေဒီယိုက လွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း တွေကို မောင်နှမ တတွေ နားထောင်ရင်း မျက်ရည် မဆည် နိုင်တာတွေ၊ အဆိုတော်ကြီး ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်းသံကို နားဆင်ရင်း ရှိုက်ငင် ကြေကွဲခဲ့ တာတွေ။
အို--မနေ့တနေ့ ကလို ပါဘဲ လား။

ဒီနေ့တော့ ရာဇ၀င် ရိုင်းခဲ့ ပြီကော။
-
၁၉၈၉-ခု ဇူလိုင်လ (၂၀ )ရက်နေ့


ဒီညမှာ.. ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီးမိန့် ထုတ် ခဲ့ပြီကော။ ပြစ်မှုက (၄၂) နှစ်မြောက် အာဇာနည်နေ့ မှာ မတရား ချုပ်ချယ် ကန့်သတ်ချက် တွေကို ဖီဆန်ပြီး၊ ပြည်သူလူထုနဲ့ အတူ အာဇာနည် ဗိမာန်ကို ချီတက် အလေးပြုဘို့ ဆုံးဖြတ်ချက် ချခဲ့လို့ပါဘဲ။ ဗမာ တပြည်လုံးနဲ့ ရန်ကုန်မြို့ရဲ့ အာဇာနည်နေ့ အကြို တင်းမာမှု တွေဟာ ကျမတို့ မြို့ကလေးကိုလည်း ဂယက် ထခဲ့ ပါတယ်။

-
အာဇာနည်နေ့မှာ ပါတီ အဖွဲ့အစည်းတွေ တဖွဲ့ကို လူ(၂၀)ဘဲ ချီတက် ရမယ်လို့ ကန့်သတ် ထားပေမဲ့ ကိုယ့် ခေါင်းဆောင်ရဲ့ လမ်းစဉ် အတိုင်း မြို့ကလေးရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေဟာ မတရားတဲ့ အမိန့် အာဏာ ဟူသမျှကို တာဝန်အရ ဖီဆန် ကြပါပြီ။ လူ(၂၀၀)ကျော် ပါဝင်တဲ့ အဖွဲ့ဝင် တွေဟာ ပန်းနီနီ တွေနဲ့ အဖွဲ့ချုပ် အလံ ပုံစံဖော်ကျူးထားတဲ့ ပန်းအလံကြီးကို ကိုင်ဆောင်လို့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် ရှိရာ ချီတက် လာကြပါပြီ။ လမ်းဘေး ၀ဲယာ တလျှောက်က အားပေး နေတဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားထဲမှာ ကျမဟာ နေမကောင်းတဲ့ ကြားထဲက စီးမျော ပါဝင် သွားမိ ပါပြီ။

မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် သွားရာ လမ်းမှာ မီးရထား သံလမ်းဂိတ် တခုကို ဖြတ်ရတယ်။ အိုး-ရထား တံခါး ပိတ်ထား ပါလား။ဥသြသံ မြည်ပြီး မီးရထားကြီး ၀င်လာ ပါတယ်။ အဖွဲ့ဝင် တွေ ချီတက် လာတဲ့ လမ်းရှေ့မှာ မီးရထားကြီးက ကန့်လန့်ဖြတ် အနေအထားနဲ့ ရပ်လိုက် ပါရော။ ဒါပေမဲ့ ရထား စက်ခေါင်း မောင်း သမားကြီးက ချီတက်လာတဲ့ လူတန်းကြီးနဲ့ အဖွဲ့ချုပ်ရဲ့ ပန်းအလံကြီးကိုမြင်လိုက်တဲ့အခါမှာ-ဥသြ တချက် ထပ်ဆွဲပြီး ရထားကြီးကို နောက်ပြန် ဆုတ် သွားပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင်က လူအုပ်ထဲက ထွက်လာပြီး ရထားလမ်း တံခါးထိန်းဆီ သွားပြီး တံခါး ဖွင့်ပေးပါလို့ ပြောတော့ သူက ရထား ရှိနေတယ်လို့ ပြန်ပြော ပါတယ်။ ဒီအချိန်မှာ စက်ခေါင်း မောင်း သမားကြီးက ခေါင်းတွဲထဲက ပြေးဆင်းလာပြီး ``ဟေ့- ဖွင့်ပေးလိုက်..မောင်းတဲ့ ငါမရှိဘဲ ရထား မထွက်ဖူးကွ´´ဆိုတော့မှ ရထား တံခါး ပွင့်သွား ပါတယ်။ အဲဒီတော့မှ လူတန်းကြီးက အရှိန်မပျက် ဆက်လက် ချီတက် သွားချိန်မှာ လမ်းဘေး တလျှောက်က ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံသွားပါတော့တယ်။

အာဇာနည် ကျောက်တိုင် ရှေ့မှာတော့ တခြား အဖွဲ့တွေရဲ့ ပန်းခွေတွေ ချထားနှင့် ပါပြီ။ မဝေးသေးတဲ့ လှုပ်ရှားမူ အရှိန်အဟုန်တွေ နဲ့..ပြည်သူလူထု ရဲ့ အားပေးမူ.. အဖွဲ့ချုပ် ရဲ့ အင်အား တွေကြောင့် တဖက် အာဏာပိုင် တွေက လေးစားမှု ရှိတော့ ဘာမှ ကန့်ကွက်မှု မရှိဘဲ အေးအေး ဆေးဆေး ပန်းခွေ ချခဲ့ ရပါတယ်။
++++++++

(၁၉၉၀) (၄၃) နှစ်မြောက် အာဇာနည်နေ့-

အဲဒီနှစ်က စလို့.. မြို့ကလေးရဲ့ အာဇာနည် ကျောက်တိုင် လေးဟာ အချုပ်ကျ တော့ တာပါဘဲ။ အာဇာနည် ကျောက်တိုင် နားကို ဘယ်သူမှ ပန်းခွေချလို့ မရအောင် (၁၈)ရက်နေ့ ညကတည်းက ပီနံကြိုး ကြီးတွေနဲ့ လမ်းကို ဖြတ်ချည်ပြီး အကျည်းတန်စွာ လမ်းပိတ်ခံ ရပါတယ်။ လမ်းသွား လမ်းလာ တောင်ဖြတ်ခွင့် မပြုပါဘူး။ မြို.လေးရဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသားထုက နည်းမျိုးစုံနဲ့ ပန်းခွေချဖို့ ကြိုးစားကြလို့ အတားအဆီး ခံကြ ရပါတယ်။

အဲ့ဒီ မနက်က အိမ်က ညီမတွေ အကုန်လုံး အာဇာနည်နေ့ ကျောင်းသား အခမ်းအနား တခုမှာ ပါဝင်ဖို့ အိမ်က ထွက်သွား ကြတော့ အိမ်မှာ ဖေဖေနဲ့ ကျမ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ မြို့ထဲက အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ သူတွေကို စိတ်ပူရင်း၊ ဖေဖေက ``ကဲ-ဒီနေ့တော့ တို့အိမ်မှာဘဲ ဗိုလ်ချုပ်တို့ကို အလေးပြု ကြမယ်´´တဲ့။

-
သားအဖ နှစ်ယောက်သား မြန်မာ့အသံ ရေဒီယိုကို ဖွင့်ပြီး (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြ ဆွဲမဲ့ အသံကို စောင့်နေ ပါတယ်။ ဘာ ဥသြ ဆွဲသံမှ ထွက်မလာ ပါလား။ ခါတိုင်းဆို ရေဒီယိုက ဥသြဆွဲသံ အပြီးမှာ မေလှမြိုင်ရဲ့ ``နှစ်လ ကြာရှည် ခါရာသီ ရွေ့ပေမဲ့......အာဇာနည်နေ့ ကိုတော့ မမေ့သင့်ပါပြီ´´ ဆိုတဲ့ သီချင်း သံလေးကို လွမ်းဆွတ် နာကျင်စွာ ကြားနေကြပါ..။ ခုတော့ အာဇာနည်နေ့နဲ့ ဘာမှ မဆိုင်တဲ့ ရေဒီယို အစီအစဉ် တွေဘဲ လာနေ ပါလား။ မြို့ထဲက ခါတိုင်းလို ဥသြဆွဲသံ တွေလဲ တိတ်လို့။ သားအဖ နှစ်ယောက် သား ရင်ထဲမှာ ကြေကွဲစွာ။ ခံပြင်းစွာ။ ၀မ်းနည်းခြင်း ကြီးစွာနဲ့ ကိုယ့် အထိမ်းအမှတ်နဲ့ ကိုပဲ မိနစ် အနဲငယ် ငြိမ်သက် အလေးပြု ခဲ့ကြရ ပါတယ်။
-
++++++

-
အဲဒီ နှစ်က စလို့ နှစ်စဉ် နှစ်တိုင်း အာဇာနည်နေ့ ရောက်ရင် အိမ်ရှေ့ ဧည့်ခန်းက ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံကြီးရှေ့ မှာ ရပ်ပြီး ၁၀နာရီ ၃၇မိနစ် တိတိမှာ ကျမတို့ သားအဖ နှစ်ယောက် အလေးပြု ဖြစ်ပါတယ်။ ဖေဖေက`သတိ..ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော..အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု´´လို့ အမိန့် ပေးပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲ။ ဖေဖေရဲ့ အမိန့်ပေးသံ ထဲမှာ လှိုက်လှဲ ဆွတ်ကျင်တဲ့ ခံစားချက်တွေ ပါနေတော့ အလိုလို နေရင်း မျက်ရည်တွေ
ဝဲလာတယ်။


ခုတော့- မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်ဟာ အဝေးပြေး ကားလမ်းမကြီး ဘေးမှာ ခြုံနွယ် ပိတ်ပေါင်းတွေ ဖုံးလွှမ်းလို့ မြို့လေးရဲ့ သမိုင်း ဂုဏ်သိက္ခာ တွေကို နင်းခြေ ဖျက်ဆီး ခံနေရသလို။

ဆူး

  • 7 ဇူလိုင်ဆိုတာ
    အဖေတို့ ရင်ထဲကဆူး။

  • ၇၄ ရဲ့သမိုင်း
    ဦးသန့် မှိုင်းရာပြည့်
    ဦးလေးတို့ ရင်ထဲကဆူး။

  • ၈၈-၉၆
    ၂၀၀၇-၂၀၀၈
    အရိုင်းခေတ်ရဲ့
    သမိုင်းညစ်တဲ့ ဆူး။

  • ငါတို့ ရင်ထဲ
    နစ်ဝင်နေဆဲ ဆူးတွေ။

  • သားတို့ခေတ်မှာ
    ဆူးကြားက ဘူး မဖြစ်စေချင်
    ထွင်ကို ထွင်ရမယ်
    ဆူးပင်းထက်နေတဲ့ အနာဆွေး
    ရဲဆေးတင်ပြီး ထွင်ကြစို့။ ။

(နီဇူလိုင်)

ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ် ပြည့်

လွန်ခဲ့တဲ့ (၂)နှစ်က ခရီးရှည်ရွက် လွှင့်သွားခဲ့တဲ့ ကဗျာ ကြယ်ကြီး တလုံးကို လွမ်းဆွတ် တသစိတ်နဲ့ မိုးကောင်းကင်ကို မော့ကြည့်မိ....။

ဟိုး--- အရှေ့ဖက် မိုးကောင်းကင်မှာ အရောင်ဖြာ တောက်ပ နေတဲ့ ကျမတို့ရဲ့ ကဗျာကြယ်ကြီး...

ကြည့်စမ်း---သူ့ထံမှ လှိုက်လှဲ နွေးထွေးတဲ့ အပြုံးဓာတ်တွေဟာ ကူးစက်ခံစားကျမကို လွှမ်းခြုံသွားပေါ့။

ဒါဆို-- သူ ကျမတို့ကို ပြုံးကြည့် နေတာပေါ့။ ပြုံးပြီး အားပေးနေတာပေါ့ ။
ခုတလော---မြင်ရကြားရ နားဝ မချမ်းသာမူ များကြောင့် ၊ကျမတို့ နွမ်းလျ ခံပြင်း အားမာန် တင်းနေရပုံများကို သူလဲသိရော့ထင်။

ကျမ ၀မ်းနဲနာကျည်း၊ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းရင်ထဲမှ စီးဆင်းလာသော ကဗျာကလေး တပုဒ်ကို တိုးတိုး ညှင်းညှင်း ရွတ်ဆိုပြီး သူ့ကို တိုင်တည်မိပေါ့။



ကမ္ဘာမြေရဲ့ ကောင်းကင်ထက်မှာ
လင်းလက် တာရာ ကြယ် များစွာ
တခါတခါ တောက်ပ
တခါတခါ မိွန္ပ်
မရေတွက်နိုင်အောင် များပြားစွ
ပန်းအလှကမ္ဘာကို လိပ်ပြာလေးတွေဝဲသလိုပ။

မည်းနက် မိုးတိမ် ဖုံးတဲ့အခါ
ကြယ်မီးအိမ်များ ပုန်းရရှာ
ကမ္ဘာမြေရဲ့ မြစ်များစွာ
တိတ်ဆိတ် နာကျင်စီးဆင်း
မဲမဲမှောင်မိုက်တွင်း
ရှိုက်သံတိုးတိုး ညှင်း။

ဒါပေမဲ့
ကမ္ဘာမြေအတွက်
စကြာဝဠာ တနေရာမှာ
အသေအချာကို ရှိနေကြလေရဲ့
လင်းလက် ကြယ်တာရာ..
များစွာ... များစွာကွဲ့။


ဒီလို ကဗျာလေးတွေ ယိုစီး ဖိတ်အန်ကျတတ်ဖို့ ကဗျာမျိုးစေ့တွေ စေ့ဆော် ကြဲပက်ခဲ့သူ ကဗျာကြယ်ကြီးဟာ ကြင်ကြင်နာနာနဲ့ ငုံ့ကြည့်ရင်း ကျမတို့ ငယ်ငယ်က စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ရတဲ့ - ကြယ်ကလေးတွေ-ဆိုတဲ့ ကဗျာကလေးကို သူ့အသံ လေးလေး သြသြကြီးနဲ့ စတင် ရွတ်ဆိုပါတော့တယ်။



လေမုန်တိုင်း ဘယ်လိုဝှေ့ဝှေ့

ကြယ်ကလေးတွေ နေရာမရွေ့

မိုးငွေ့တွေ ဘယ်လိုလိမ်လိမ်

ကြယ်ကလေးတွေ အရောင်မမှိန်

အချိန်တွေ ဘယ်လိုသွားသွား

ကြယ်ကလေးတွေ ပျောက်မသွား

ယောက်ျားဘသား ကြယ်ကလေးများ

အမြဲ တောက်ကြွားကြွား။ ။



ကဗျာရွတ်သံဟာ တိုးတိုး ဖွဖွမှတစထက် တစ ကျယ်လောင် မြည်ဟီး ကမ္ဘာတခွင်ကို ပျံ့နှံ့ စီးဝင်သွား စေပါတယ်။ သူ့ရဲ့ ရင်သွေး ကြယ်ကလေးများဟာ တိမ်ပုတ် တိမ်မဲတွေအောက်မှာ ရောက်နေတာတောင် ဘာမထီဘဲ သံပြိုင် ဟစ်ကြွေး အချင်းချင်း အားပေးကြ။ ကောက်ကျစ် ယုတ်မာတဲ့ မုန်တိုင်း မိုးတိမ်တို့ သဘာဝ သဘောက၊ လောကကို သိမ်းကျုံး ဖျက်ဆီး မိုက်မဲခြင်း အတိ ပြီးနေတာပါလား။ လောက-က ကြာရှည် လက်မခံ ကျွမ်းသန္တာလန်အောင် ခါချပါလိမ့်မယ်။ လောကကို အလင်းပေးနေဆဲ သတ္တိခဲ ကြယ်ကလေးတွေဟာ ဘယ်တော့မှ ပျောက်မသွား မှိန်မသွား တောက်ကြွားမြဲ တောက်ကြွားလျှက် ကဗျာကြယ်ကြီးရဲ့ ပိုက်ထွေးယုယမှုဖြင့် ကြီးပြင်းလာကြသော ကြယ်ကလေးများဟာ ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်ချစ်စိတ်ဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်လျှက်။

အရောင် နဲ့ အလှ

အရောင်နဲ့ အလှ
လူကလေးရေ
ကြည့်လေ......။
တော၊ တောင် ၊ရေ၊ မြေ။ 
တောဆိုလည်း၊ တောအရောင်
တောင်ဆိုလည်း၊ တောင်အရောင်နဲ့။
ပင်လယ်ပြာ မြစ်ပြင်ပြာ
ဝဲဂယက်ဖြာ ရောင်စုံတောက်ပ
လှမှလှပဲလေ။
မြေပြင် အလုံးစုံမက
သဘာဝနေရောင်ဝယ်
ခုနစ်သွယ်ရောင်စဉ်ရှိတယ်။

လူလေးရင်ထဲက နှလုံးသား

လှပစွာအရောင်များခြယ်
လွတ်လပ်စွာ ခြယ်စမ်းကွယ်။


အရောင်အသွေးကင်းပျောက်
မွဲခြောက်ခြောက်ဖြူလျော်လျော်
ခပ်လျှော်လျှော် ဘ၀ထက်စာရင်

နီချင်နီ၊ စိမ်းချင်စိမ်း။
နုချင်နု၊ ရင့်ချင်ရင့်။
အရောင်တိုင်းလှ
အလှတိုင်းမှာ အရောင်ရှိတယ်။