Sunday, June 13, 2010

မေတ္တာခြုံ လုံပါစေ..


ဒီနေ့ မဆွဲတာ ကြာတဲ့ ပန်းချီကို ဆွဲ ကြည့်ချင် စိတ် ပေါ်လာ ပါတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ် ၁၅ နှစ်က မြင်ကွင်း ကလေး တခု ကို ရိုက် ထားတဲ့ ဓါတ်ပုံ ကလေး တပုံကို ကြည့်ပြီး ဆွဲ ဖြစ်လိုက် တယ်။ ဒေါ်အောင်ဆန်းစုကြည် ပုံ ပါ။ ဒေါ်စု ကို လေးစား မြတ်နိုးစိတ် အပြည့်နဲ့ ဆွဲ မိ ပါတယ်။ အဲဒီတုံး က မြင်ကွင်း ကလေး ကို လဲ ပြန် မြင်ယောင် မိပါ တယ်။

++ ++
စစ် လက်ကျန် ဘတ်စ် ကားအိုကြီး ဟာ တက္ကသိုလ် ရိပ်သာ လမ်းပေါ်မှာ တအိအိ ပြေးလျှက်။ ခြံအမှတ် (၅၄)
ရှေ့ အရောက်မှာ ကားပေါ်က လူတွေရဲ့  အာရုံ က ဒေါ်စု ခြံရှေ့ ရှိ လူ ပရိသတ် ဆီစုပြုံ ရောက် သွား ကြ တယ်။
``လူတွေ တောင် တော်တော် များ နေဘီ´´
``ဒေါ်စုတော့ စကား မပြော သေး ဘူး´´


တယောက် တပေါက် ပြောသံ တွေ ကားပေါ်မှာ ထွက် လာတယ်။ လူ တော်တော် များများ က ရှေ့ မှာ ရပ်မယ့်
ကုက္ကိုင်း လမ်းဆုံ မှတ်တိုင် မှာ ဆင်းဖို့ တသိုက်သိုက်နဲ့ ပြင် နေကြ ဘီ။

``တိုး မဆင်း ကြပါနဲ့ ခင်ဗျာ....အေးဆေး ဆင်း ကြပါ´´
``တကားလုံး ဆင်းမှာ ပါ..ခင်ဗျား´´
``တကားလုံးဆင်းမှာပါ...´´


ကား စပယ်ယာ ကလေးရဲ့  ခပ် သွက်သွက် ပြောလေး ကြောင့် တကားလုံး ပြုံး ကြတယ်။ စပယ်ယာ ကလေး မျက်နှာကလဲ ရှစ်ခေါက်ချိုး မဟုတ်။ ပြုံးလို့။ ဟုတ်ပါရဲ့...။ ဒေါ်စုခြံ အလွန် ကုက္ကိုင်း လမ်းဆုံ မှတ်တိုင် မရောက်ခင် ကား က ရပ်ပေးလိုက်တော့...တကားလုံး သွန်ချ လိုက် သလို။ ကားပေါ်မှာ ဒရိုင်ဘာ နဲ့ စပယ်ယာ ဘဲ ကျန်တယ်။ ကားပေါ်က လူတွေဟာ နောက်မှာ ကျန်ခဲ့တဲ့ ဒေါ်စု ခြံဘက် ဆီ ခပ်သွက်သွက် လှမ်းလို့။ စနေ.တနင်္ဂနွေ တိုင်း ပြုလုပ် နေကြ ဒေါ်စု ခြံရှေ့ စကားဝိုင်း လေး ဆီသို့။ အားလုံးရဲ့  မျက်နှာ တွေပေါ် မှာ ဒေါ်စု ကို ချစ်ခင် လေးစား စိတ်တွေ အပြည့်။ မေတ္တာ ဓါတ် တွေ အပြည့်။ မျှော်လင့်ချက် တွေ အပြည့်။

ခြံရှေ့  သံတံခါးကြီး ကတော့ ပိတ်ထား တုန်း။ ကားပေါ်က ဆင်းလာ သူတွေ ကလဲ ခြံရှေ့ က လူအုပ်ထဲ စီးဝင် ရောယှက်။ အချင်းချင်း လဲ သိသိ မသိသိ နှုတ်ဆက်ကြ ပြောကြ ဆိုကြ ရီမော ဖလှယ်ကြ။

ဟော....ဟိုမှာ ဒေါ်စုရဲ့  သားငယ် လေး ပါလား။
ကရင် ပုဆိုး အနီ ကလေးနဲ့ ဘေးမှာ သူ့ သူငယ်ချင်း ထင်တယ်။ သူနဲ့ ရွယ်တူ နိုင်ငံခြားသား ရုပ် လူငယ် ကလေး တယောက်နဲ့ အတူ တူ။ လူအုပ် နဲ့ မလှမ်းမကမ်း က သစ်ပင် ရိပ် အောက်မှာ ထိုင်ရင်း...သူ့ အမေရဲ့ 
လူထု စကားဝိုင်း မြင်ကွင်းကို ကြည့်နေတယ်။ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်တွေ ပြောခဲ့တဲ့ သူ့ မေမေ ဟာ
....ခုတော့ သူမရဲ့  လူထု ကို ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး တွေအကြောင်း ပြောရင်း သူမ ချစ်တဲ့ တိုင်းပြည်ကို...အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်ဖို့ မမောနိုင် မပမ်းနိုင် ကြိုးပမ်း နေရတဲ့ အခြေအနေ ကို ၁၄ နှစ် အရွယ် သားငယ်လေး ...ဘယ်လို နားလည် လက်ခံ ထားရ ရှာ ပါလိမ့်။


သိပ် မကြာခင် မှာ....ခြံဝင်း သံ တခါးကြီး အပေါ်မှာ...ဒေါ်စု၊ ဦးကြည်မောင်၊ ဦးတင်ဦး တို့ ၃ယောက် ပေါ်လာတယ်။ သူမရဲ့  လူထု ပရိသတ်ကြီး ဟာ...လက်ခုပ်သံ တဖြောင်းဖြောင်း တီးရင်း...သူမ တို့အဖွဲ့ကို ကြိုဆို ကြတယ်။ တဦး နဲ့ တဦး အပြန် အလှန် မေတ္တာ တုံ့ပြန် နေ ကြလို့...စင်ပေါ်က လူတွေကော..စင်အောက်က လူထု ပရိသတ်ပါ...ပြုံးရွှင်တဲ့ မျက်နှာ ကိုယ်စီနဲ့ ပါ။

လူထု က သိချင်လို့ မေးတဲ့ မေးခွန်း တွေကို ဒေါ်စုတို့ အဖွဲ့က ဖြေလို့။ လူထု က လဲ အပြန်အလှန် မေးကြ..ဖြေကြ။ တိုင်းပြည် ကို စနစ်ဆိုး အောက်က ရုန်းထွက် နိုင်ဖို့ ...၀ိုင်းဝန်း စဉ်းစား...အဖြေရှာ ကြလို့။ ကြည်နူး စရာ မြင်ကွင်း တွေပါ။

အဲဒီ အချိန်မှာ...ခပ် လှမ်းလှမ်းက ခြံဝင်း သံတိုင် တွေနောက် ကနေ..သံတိုင် တွေ ကို ကိုင်ရင်း ခြံပြင် က
လူထုကို ပြုံြး့ပုံးကြီး ကြည့်နေ သူက....မိုက်ကယ်အဲရစ်။ ဆရာကြီး မင်းသုဝဏ် အခေါ်...မိခိလ။ သူ့ ချစ်ဇနီး နဲ့
သူမ ရဲ့ လူထု တသား တည်း ဖြစ်နေ တာ ကို...ကြည်ကြည် နူးနူး ငေးမော လို့။ သူ့ အတွေးတွေ ထဲမှာ....``သူ ချစ်တဲ့...စု..ကို သူ မပိုင် တော့ပါလား´´ လို့ များ တွေးနေ လေမလား။

ခဏ နေတော့ ရှေ့ ဆုံး လူအုပ် ထဲမှာ လှုပ်လှုပ် ရှားရှား။ ဘာတွေ ဖြစ်ပါလိမ့်။ ဒေါ်စု ကလဲ.. စကား ပြောရင်း
ခဏ ငုံ့ကြည့်တယ်။ ဦးကြည်မောင် ဦးတင်ဦး တို့ က လဲ...ပြုံးပြီး ငုံ့ ကြည့်လို့။ စိတ်ပူ စရာတော့..မဟုတ် လောက်။

နောက်တော့မှ....ဒေါ်စု ခြံစည်းရိုး သံတိုင် တွေ မှာ ရှိတဲ့ သံတိုင် ကောက်ကောက် ကြီးတွေ ကြား ထဲမှာ....သံဆူးချွန် အဖြောင့် တိုတို ကလေး တခုစီ ရှိတယ်။ ဒေါ်စု က..စကား ပြောရင်း သံတိုင် ကောက်ကောက် ကြီး တွေ ပေါ်ကို လက်တင်ပြီး ပြော တာ ကိုး။

အဲဒီမှာ..တယောက် က...ဒေါ်စု လက်ကို..သံဆူးချွန် အတို လေး တွေနဲ့ စူးမှာ စိုးရိမ် သွား သကိုး။ သူ့မှာ ပါလာတဲ့ ...ရေးနိုး ဘောပင် အဖုံး ကလေးကို ချွတ်ပြီး...သံဆူး ငုတ်တို လေး ပေါ်ကို သွားစွပ် လိုက်ပါတယ်။ အဲဒီ မှာဘဲ...တယောက်ပြီး..တယောက်၊ ကိုယ့်မှာ ရှိတဲ့...ဘောပင် အဖုံး ကလေးတွေ ချွတ် ချွတ်ပြီး သံဆူး ငုတ်တို ကလေး တွေ မှာ..သွား..သွား စွပ်လိုက်ကြ တာ… ခြံစည်းရိုး က သံဆူး ငုတ်တို လေး တွေ အကုန် ဘောပင် အဖုံး ရောင်စုံ လေးတွေ နဲ့ ဖြစ်ကုန်ပါ ရော လား…။

မေတ္တာ ဆိုတာ...ရောင်ပြန်ဟပ် တဲ့ သဘော ပေါ့နော်။ ပြည်သူ တွေ က...သူတို့ ချစ်တဲ့ ဒေါ်စု ကို သံဆူး ငုတ်တို ကလေး တွေ နဲ့တောင် ဆူးမိ ခြစ်မိ မှာ...မလိုလား ကြပါ။
+++ ++++

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြင်ကွင်း ကလေး ကို ဒီနေ့ အထိ မေ့မရ။ ပြည်သူ့ မေတ္တာ လွှမ်းခြုံ ခံထားရ တဲ့...ဒေါ်စု...ဘေး အန္တရာယ် အသွယ်သွယ် က အမြဲ လွတ်မြောက် ပါစေ။ ။

8 comments:

  1. ပန်းချီက လက်ရာကောင်းပဲဗျာ...
    သဘောကျတယ်...

    ReplyDelete
  2. အနေမနီးခဲ့လို့ မကြားဖူး မသိဖူးတာတွေကို အခုလိုမျိုး လက်ဆင့်ကမ်း ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီ လက်ရာလည်း ကောင်းတယ်။ အတုယူ အားကျမိပါတယ်။

    ReplyDelete
  3. မျက်ရည်တောင်ဝဲမိတယ်။ ဒီပို့စ်ဖတ်ရတာ... အဲဒီကို ပြန်ရောက်သွားသလိုပဲ။

    ReplyDelete
  4. ဖတ်ရင်း ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေမိတယ်။ စာရော ပုံရော သရုပ်ဖော်တာ ပီပြင်လှပါတယ်။ ကျေးဇူးတင်ပါတယ် မမနီ။

    ReplyDelete
  5. ကြည်နူးစရာပဲ မနီရယ်...ဖတ်ရတာ ကြက်သီးတွေတောင် ထတယ်.....

    ReplyDelete
  6. ကြည်နူးစရာ.

    ReplyDelete
  7. မနီဇူလိုင်ကို အီးမေးနဲ့ဆက်သွယ်ချင်ပါတယ်အစ်မ။ အစ်မရဲ့အီးမေးလိပ်စာကို သိပါရစေ။ ဒီဆောင်းပါးတိုလေးကို အရမ်းသဘောကျလို့ပါ။ ပြီးတော့ မဂ္ဂဇင်းမှာ ပြန်လည်ဖော်ပြပါရစေအစ်မ။

    ReplyDelete