Saturday, March 10, 2012

ဖေဖေ့  ဒိုင်ယာရီ မှ သမိုင်း အပိုင်းအစ များ


                                             (ပန်းချီ..သိန်းသိန်း)
“၁၉၉၀ရွေးကောက်ပွဲတွင်   ကျောင်းသား လူငယ်များရဲ့ ကူညီအားပေးမှု´´

        ... ကျောင်းတွေ ကလည်း  မဖွင့် သေးတော့   အားလပ်နေတဲ့ ကျောင်းသား  လူငယ်တွေ ရဲ့   တက်ကြွ နေတဲ့   အရှိန်ကို ကျနော် တို့   ရွေးကောက်ပွဲ မှာ  ၀င်ရောက် လုပ်ကိုင်လာနိုင်ဖို့   စည်းရုံးရပါတယ်..။ရွေးကောက်ပွဲမှာ  မဲစာရင်းရေးကူးခြင်း  ခြင်းဆိုတာ   အတော်အရေးပါ တဲ့   လုပ်ငန်းတစ်ခုပါ။
ဒါကို  ပါလီမန်ခေတ်  ရွေးကောက်ပွဲ တွေမှာ  ထဲထဲဝင်ဝင်  ပတ်သက်ဖူးမှ  သိရတဲ့   အတွေ့ အကြုံပါ။ကျနော်က
 ၁၉၅၂  ခုနှစ်  ပါလီမန်  ရွေးကောက်ပွဲ မှာ   ကျောင်းသားလုပ်အားပေး  အနေနဲ့   အတိုက်အခံအဖွဲ့ တခုကနေ 
မဲစာရင်းကူး တဲ့   လုပ်ငန်းကို  လုပ်အားပေးခဲ့ ဖူးပါတယ်..။
         အဲဒီတုံးက  ဖဆပလ  အဖွဲ့ က  ငွေကြေးတတ်နိုင်တော့  မဲစာရင်းတစ်မျက်နှာ  (  သုံးစုံ)   ကူးရင်   ဘယ်လောက်  ဆိုတဲ့   နှုန်း နဲ့   ကူးခိုင်းပါတယ်..။လုပ်အားပေး နဲ့   အခစား ကူးသူ နဲ့   တန်ဖိုးခြင်း မတူပါ။
၁၉၅၆  ခုနှစ်   ရွေးကောက်ပွဲ ကျတော့    တက္ကသိုလ်ကျောင်းသား   ဖြစ်နေပြီမိုလို့   မဲဆွယ်တရားပွဲတွေ  လိုက်
ပေး  ဖူးပါတယ်..။၁၉၆၀ ခုနှစ်  ရွေးကောက်ပွဲကျတော့   ၀န်ထမ်းဖြစ်လို့ မို့   မဲရုံအရာရှိ  လုပ်ခဲ့ ရပါတယ်..။
ပါလီမန်ခေတ်  ရွေးကောက်ပွဲ   သုံးခု ကို  ထဲထဲဝင်ဝင်   တွေ့ ကြုံခဲ့ ဖူးပါတယ်..။ဒါကြောင့်   မဲစာရင်းရေးကူးတဲ့ 
အလုပ်ကို  ကျောင်းသားလူငယ်တွေ  အကူအညီ နဲ့   လုပ်ဖို့   ဆုံးဖြတ်လိုက်ပါတယ်..။ကျန်တဲ့  ရွေးကောက်ပွဲဝင်
ပါတီ  နဲ့   တသီးပုဂ္ဂလ တွေက   မဲစာရင်းရေးကူုးခြင်း လုပ်ငန်းကို  သိပ်အရေးမထားကြပါဘူး..။
        မြို့ နယ်ကောင်စီခေတ်က  ကောင်စီရုံးကို  ၀င်ထွက်ဖူးပြီးရင်းနှီး တဲ့   ရပ်ကွက်ကောင်စီဥက္ကဌဟောင်း  ဦးသိန်းလှ နဲ့  ဦးအောင်သိန်းကို  မဲစာရင်းရေးကူးရာမှာ  ကြီးကြပ်ဖို့   တာဝန်ပေးပါတယ်..။မဲစာရင်းကူးတဲ့   လုပ်
အားပေးများကို  ကျွေးမွေးဖို့  ဦးကြီးညွန့် ကို  တာဝန်ပေးပါတယ်..။ကျောင်းသား ကျောင်းသူ  လူငယ်တွေလုပ်
ကူး သူကတော့  သုံးဆယ်
လောက်ရှိပါတယ်..။
      မဲစာရင်း ကူး တဲ့   အလုပ်က  မြို့ နယ်ကောင်စီခန်းမ  အတွင်းမှာ  လုပ်ရပါတယ်..။စားပွဲ ကုလားထိုင်  တွေ  အဆင်သင့်  ရှိပါတယ်..။ပါတီစုံ  ဒီမိုကရေစီ  ရွေးကောက်ပွဲ ကော်မရှင်က  စာရေးကြီး  ဆီမှာ  မဲစာရင်းများကို  လက်မှတ်ထိုး  ထုပ်ယူပြီး  ကူးရတာပါ..။စာရွက်သုံးရွက်ထပ်  ကို  ချုပ်စက်နဲ့  တွဲပြီး  ကာဘွန်နှစ်ရွက်ခံပြီး  ကူးတာပါ..။မိတ္တူ သုံးစုံ ရပါတယ်..။ဒါကို  တစုံစီဖြစ်အောင်တော့ အဖွဲ့ ချုပ်ရုံး တာဝန်ခံ  ဦးကြည်ဝင်းနဲ့  အဖွဲ့ က
တာဝန်ခံ  လုပ်ပါတယ်..။ကျနော်တို့  အဖွဲ့ က  လုပ်အားပေးတွေ မှာ  တက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေ
က  ဦးဆောင်ပြီး  အထက်တန်းကျောင်းသားကျောင်းသူ တွေ  နဲ့   ကျေးရွာက  လူငယ်တွေ ပါပါတယ်..။
      ဒါ့ ကြောင့်  စနစ်ကျတယ်..။ကော်မရှင်ရုံးက  စာရေးကြီးကလည်း  တက္ကသိုလ်ကျောင်းသားတွေ  ဆိုတော့
လေးလေးစားစား  ဆက်ဆံပါတယ်..။သူတို့ ဆီက  နေ့ တနေ့   အတွက်   ကိုယ့် အင်အားအရ  ကူးနိုင်လောက်
မယ့်  အရေအတွက်  ၊ရှိမယ့်   ရပ်ကွက် နဲ့ ကျေးရွာအုပ်စု  မဲစာရင်းတွေ  လက်မှတ်ထိုးပြီး  ထုပ်ယူလိုက်တယ်..။
စာရွက်က  ရုံးကနေ  အကွက်ရိုက်ပေးထားတဲ့   ပုံစံစာရွက်တွေမို့   အပေါ်ရွက် အောက်ရွက်  ညီအောင်ထပ်ပြီး
ချုပ်  ကာဘွန်ထဲ့ ပြီး  ကူးရုံ ပဲ  ..။ကူးပြီး  သွားတဲ့  အုပ်စု ရပ်ကွက်ကို  စာရေးကြီး ဆီ  ပြန်အပ် ..။နောက်တစ်
အုပ်စု  ထုပ်ယူ ..ဆိုတာတွေ ကို  ကျောင်းသား လူငယ်တွေ  တပျော်တပါးကြီး  လုပ်ကြပါတယ်..။ကိုယ့်အိမ်က
ထမင်းဘူးပါတဲ့  လူ..နဲ့  အိမ်ပြန်ထမင်းစားတဲ့  လူနဲ့ ဆိုတော့  ထမင်းတော့ မကျွေးရပါဘူး..။လက်ဘက်ရည်
သားရေစာ  အအေး..စတာတွေ သာ  စီစဉ် ပေးခဲ့ ရပါတယ်..။
      မဲစာရင်း  သုံးစုံ အနက်  တစုံက  ရပ်ကွက်၊ ကျေးရွာ၊ အောင်နိုင်ရေး  အဖွဲ့ တွေကို  ပေးရပါတယ်..။သူတို့ က  ရပ်ကွက်  နဲ့  ကျေးရွာ  မှာ တကယ်ရှိ တဲ့  လူစာရင်း နဲ့   ညှိပြီး  ..မဲစာရင်း မပါသေးတဲ့   သူတွေရှိရင်  ထပ်
ဖြည့် ..။ကွယ်လွန် တဲ့  သူတွေ ကို ဖယ်..စတဲ့  လုပ်ငန်းတွေကို  ရပ်ကျေး ကော်မရှင် နဲ့  ညှိနှိုင်းပါတယ်..။ကိုယ့် 
အောင်နိုင် ရေး မှာ  မဲစာရင်း ရှိနေတော့ ..စာရင်းရှိ လူကုန် မဲပေးအောင်  လှုံ့ ဆော် နိုင်သလို..တခြား  မတရား
တာတွေ  လုပ်လာရင် လည်း  ကာကွယ် နိုင်  တာပေါ့ ..။မဲစာရင်း နောက်  တစုံကတော့  မဲပေးတဲ့  နေ့  မှာ 
မဲ ရုံမှာ  ရှိနေတဲ့   ကိုယ့် အဖွဲ့  မဲရုံကိုယ်စားလှယ်  ကို ပေးထားမယ်..။သူက  တကယ် မဲ ပေးမယ့် သူ..ဟုတ်မ
ဟုတ်..စိစစ်နိုင် တယ်..။ကျန်နေတဲ့   သူတွေ ရှိရင်  အပြင်က  အောင်နိုင်ရေးတွေကို  အကြောင်းကြားပြီး..ဆော်
သြ နိုင်တယ်..။မဲစာရင်း  နောက်တစုံကတော့  ရုံး လက်ခံ  ပေါ့ ..။ဒီရုံးလက်ခံကို  မဲဆွယ်လှုံ့ ဆော်  မဲကြို စာတမ်း  ကလေးတွေ  ကူးပြီး  ..ဝေငှ နိုင်တယ်..။
                  မဲ ကြို စာရွက် ပုံစံ မှာ..
ဦး.........(မဲပေးရမည့် အရွေးခံကိုယ်စားလှယ်အမည်) ၊ ပါတီ သင်္ကေတ......၊   မဲပေးရမယ့်  သင်္ကေတ.......။

အောက်အကွက် တွေ မှာ..
 မဲဆန္ဒရှင် အမည်.............၊ အဘအမည်.............
အမှတ်စဉ်...........
ကျေးရွာ/ လမ်း
ကျေးရွာ/ရပ်ကွက် အုပ်စု အမည်..........။     စတာတွေ ပါပါ တယ်..။

        လူငယ် နဲ့  ကျောင်းသားလူငယ် လုပ်အားပေးတွေ များတဲ့   ကျနော်တို့  အဖွဲ့ ဟာ  ပျော်ပျော်ပါးပါး၊စားစား
သောက်သောက်  နဲ့   ဒီအလုပ်ကို  ရက်(၂၀) ၊၁လ လောက်  လုပ်ရပါတယ်..။ဒါဟာလည်း  စည်းရုံးခြင်း  တမျိုးပါပဲ..။တဖက်က  ယှဉ်ပြိုင်ဘက်  အဖွဲ့ ရဲ့  မဲစာရင်း ရေးကူးသူများကို  လူအင်အား  စိတ်ဓါတ်အင်အား နဲ့ ပြိုင်တာ တမျိုးပါပဲ..။ခန်းမကြီး တခုတည်းမှာ  သူ့ အုပ်စု  ကိုယ့်  အုပ်စု ရေးကူး ကြရာ မှာ  ကိုယ့် အုပ်စုက  လူကလည်း  မြိုင်  ၊စိတ်ဓါတ် အင်အားကလည်း ရှစ်လေးလုံး အရှိန် နဲ့   အပေါ်စီးရထားလေ တော့   တဖက်အဖွဲ့  တွေ   မဲစာရင်းကို  ပြီးအောင်တောင်  မကူးတော့ ပဲ  ရပ်ဆိုင်းသွားကြပါတယ်.။အပြင်က ပရိသတ်ကလည်း..
လက်ဖက်ရည်.ကြံရည်..ဖရဲ သီး အသုတ်  စတဲ့   အကျွေးအမွေးတွေ နဲ့   ဧည့် ခံရင်း  လူအင်အား နဲ့  အလုပ်
ကို စနစ်တကျ  လုပ်ကိုင်ပုံတွေကို  ကြည့် ရင်း  အဖွဲ့ ချုပ်ကို  ပိုမို ယုံကြည် လာကြပါတယ်..။
        လူငယ် နဲ့ ကျောင်းသားတွေကလည်း  လုပ်ရင်းကိုင်ရင်း  လူအင်အားပိုတိုးလာပြီး..ပိုမို  အားတက်လာတဲ့ 
အခါ..မဲကြို စာရွက် တွေမှာ ရေးကူး တဲ့   အလုပ်ကိုပါ  တဆက်တည်း   ဆက်ကူညီကြပါတယ်..။ဒါတင်မက ပါ
ဘူး..။မဲကြို စာရွက်တွေကို  ရပ်ကွက်၊ကျေးရွာ အုပ်စု  အိမ်တိုင်ယာရောက်  လိုက်ဝေတဲ့   အလုပ်ကိုပါ   သူတို့ 
တာဝန်ယူချင်ပါတယ်..ဆိုလို့   မြီု့ နယ်စည်းကော်မတီက  ဦးမြင့် စိုး ၊ဦးသိန်းလွင် တို့  ဦးဆောင်ပြီး  တာဝန်ပေး
လိုက်ပါတယ်..။မဲကြိုစာရွက် ဝေရင်း  မဲဆွယ်စည်းရုံးတာတွေ ပါ  တပြိုင်နက်  လုပ်ကြတာပေါ့ ..။
       သူတို့  လူငယ်တွေ  ကျောင်းတွေပိတ်ထားခံ၇လို့   အားနေတဲ့  အချိန်မှာ  သူတို့ သက်တမ်းမှာ မတွေ့ ကြုံ
ဖူးသေးတဲ့   ဒီမိုကရေစီ  လှုပ်ရှားမှု  တမျိုးကို  လုပ်နေရလို့   တက်ကြွ နေပါတယ်..။သူတို့ မိဘတွေကလည်း
ကျောင်းတွေ ပိတ်ထားတုံး  အလကားလေ နေမယ့်  အစား  ဒီအလုပ်မျိုးတွေ  လုပ်နေတာကို ရှစ်လေးလုံး အရှိန်
အရ  သဘောကျကြပါတယ်..။ကျနော် တို့  အဖွဲ့ လည်း  စည်းရုံးရေး ပိုတက်လာပါတယ်.။ဒီလို အကျိုးအမြတ်ကို
တခြားဘယ်အဖွဲ့ မှ  မရကြပါ..။ရအောင်လည်း  မလုပ်ကြပါ..။ရန်ကုန်က  လာတဲ့ သူတွေ တောင်  သဘောကျကြသွားကြပါတယ်..။
          ငွေကုန်ကြေးကျ လည်း  မများဘူး..။တဖက်အဖွဲ့ အစည်းတွေ ကလည်း  ဒီလုပ်ငန်းရဲ့ စည်းရုံးရေး ရာ  အနှစ်သာရကို  မကြုံ ဖူးလို့   နားမလည် ဖူး။ ပြီးတော့  သူတို့ မှာ  ကိုယ့် အဖွဲ့ လို  တကယ့်စေတနာသန့် သန့် ၊
စိတ်ထက်ထက်  သန်သန် နဲ့   လုပ်ပေးမယ့်   လူအင်အားလည်း  စည်းရုံးပြီးသား  မရှိဘူး..။ဒီတော့  NLD က မဲစာရင်း  ကူးမယ် ဆိုလို့   မဲစာရင်းကူးခ ၁၀၀ကျပ် ဘဏ်ကိုသွင်းပြီး  လာကူးကြပေမယ့်   ..NLD က  ကျောင်းသား  လူငယ်တွေ  သွက်သွက်လက်လက် နဲ့   စည်စည်ကားကား အင်တိုက်အားတိုက်  မဲစာရင်းကူးကြ..စားကြ..သောက်ကြ.။.ကော်မရှင် ရုံးက  လူတွေကို လည်း  ကျွေးကြ..မွေးကြ.။.ပြီး၊ဒီ့ အပြင် အဖွဲ့ က  လူတွေကို လည်း..စားကြပါ..သောက်ကြပါ..ဖိတ်ကြတော့ …။  တခြား အဖွဲ့ က  လူတွေဟာ..နှစ်ရက်သုံးရက် ထက် မဲစာရင်း ပိုမကူး နိုင်ကြတော့ဖူး..။ဒါဟာ  ဒီမိုကရေစီ  ရွေးကောက်ပွဲ
တွေမှာ  စည်းရုံးရေးအရ  အသာစီး ရလိုက်တာပဲ..။ကိုယ့် ဘက်က  ကျောင်းသားလူငယ်တွေ လည်း  ပိုအား
တက်လာပါတယ်..။
           ဒီရက်တွေ မှတော့   ရန်ကုန်ဌာနချုပ်ကို  လည်း..သိပ်ပြီးတော့  ခြေဦးမလှည့် နိုင်တော့ ဖူး..။လိုအပ် တဲ့  ကိုယ်စားလှယ်လောင်း  များ  ကိုယ်ရေး ရာဇ၀င်  ၊မဲဆွယ်ကပ်ပြားများ.ရိုက်နှိပ်ဖို့ လောက်ပဲ  ရောက်တော့  တယ်..။မြို့ နယ်မှာပဲ  နေရတဲ့  ရက်တွေမှာ ရက်ဆက်ပဲ  တရွာပြီးတရွာ..လှည့် ရတော့ တာပါပဲ..။ကိုယ့် မြို့ က  လူတွေကလည်း  တက်ကြွပါတယ်..။ပင်ပန်းတယ်ရယ် လို့   မရှိပါဘူး..။ကျေးရွာဆင်း တဲ့   လူအင်အား လည်း…လျော့ မသွားဘူး..။မဲစာရင်းကူးပြီးတဲ့   ကျောင်းသားလူငယ်တွေကလည်း ..မဲကြိုကပ်ပြားတွေကို ပါ ဆက်ကူးပေးကြပြီး  သူတို့ ကိုယ်တိုင်  ကျေးရွာတွေ အရောက် အဖွဲ့ က  ကော်မတီဝင်တွေ  လူငယ် တွေဖြစ်တဲ့  ကိုဇော်ဝင်းဌေးတို့   ကိုမြင့် ဇော်ဦး တို့  နဲ့ အတူ  လိုက်ပြီး  ကူညီဝေပေး ခဲ့ ကြပါတယ်..။    ။

1 comment:

  1. မဲစာရင်းကူးတဲ့ လူတွေကို ပုသိမ်မှာလဲ အကျွေးအမွေးနဲ့ကို အားပေးကြတယ်။ ဈေးကြီးနဲ့ နီးတော့ နေ့တိုင်းတနေ့တမျိုးမရိုးရအောင်ပါပဲ။ မဲကြိုစာရွက်တွေ ပေးတဲ့ အဖွဲ့လဲ တအိမ်တက်ဆင်း တရပ်ကွက်ပြီး တရပ်ကွက်ပေါ့။ ၁၉၉၀ ရွေးကောက်ပွဲမှာတော့ ပုသိမ်မြို့က မြို့နယ်အောင်နိုင်ရေးမှာ အမတို့လဲ ပါတယ်လေ။ အကြော်ကြော်ပြီး ရပ်ကွက်တွေမှာလဲ လှည့်ရောင်းတယ်၊ လူထုက သိအောင်ပေါ့။ တချိန်တည်းမှာ စာစောင်တွေ ရင်ထိုးတွေကိုပါ တွဲရောင်းတာ။ အကြော်တခု တကျပ်နဲ့ ရောင်းပေမယ့် တခုယူပြီး တဆယ်ပေးတာတွေ တရာပေးတာတွေလဲ ရှိတာပေါ့။ ဒီမှတ်စုလေး ဖတ်မိတော့ အတိတ်ကို ပြန်သတိရသွားတယ်။ အဲဒီတုန်းက အင်တိုက်အားတိုက် အားပေးတဲ့ ပြည်သူတွေက ခုချိန်ထိ တာဝန်ကျေတုန်းပါ။

    ReplyDelete