Tuesday, September 8, 2015

မရွတ်ချင်တဲ့ကဗျာနဲ့ ရွတ်ချင်တဲ့ကဗျာ

ညက..ရှောင်တိမ်းနေရတဲ့ သပိတ်မှောက်ကျောင်းသားလေးတယောက်ရဲ့  စတေးတပ်တချို့ ကို ဖတ်မိရင်း ကြေကွဲ..။ကိုယ့်သားလေးအရွယ်မို့ သူ့မေမေကို သူ..ယုံကြည်ချက်တွေ မအောင်မြင်မချင်း..အိမ်မပြန်နိုင်သေးတဲ့ အကြောင်း ရေးထားတဲ့ စာတွေကို ဖတ်ရင်း..စာနာမျက်ရည်တွေဝဲ..။ကဗျာလေးတပုဒ်ကို သွားသတိရမိတယ်..။၈၈အရေးတော်ပုံအပြီးမှာ မဂဇင်းတစောင်ထဲမှာပါတဲ့ ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)ဘာသာပြန်ထားတဲ့ ကဗျာပါ..။စာပေကင်ပေတိုင်တွေ ဆင်ဆာဖြတ်ပြီး ငွေမှင်သုတ်ထားတဲ့အောက်ကနေ ရအောင် ကူးထားမိတာ.ကို မှတ်စုစာအုပ်ထဲမှာ..ပြန်ရှာမိတယ်..။William Barnesရဲ့  The mother's dream တဲ့..။ဆရာကြီး မောင်လင်းယုန်က...မေမေ့အိပ်မက်..လို့ ဘာသာပြန်ထားတယ်..။ " မေမေ့အိပ်မက်" သည်ည ..ကျမအိပ်မောကျစဉ် အိပ်မက်မြင်ခဲ့ရ ရင်တွင်းအသည်းခိုက်ကြေကွဲစရာ ခုတိုင်..ကျမ ငိုနေဆဲပါ။ ကျမ ပူမှုပွါးအောင်ထားရစ်ခဲ့တဲ့ ကျမရဲ့  ရင်နှစ်သည်းခြာ၊သူ့ ရုပ်ပုံလွှာ အော်..သည်ရင်သွေး၊ ကျမ မွေးပါရက် မကျွေးသာတဲ့ မယ့်သည်းခြာ။ ကောင်းကင်ဘုံမြင့်အတွင်း ချင်းနင်းဝင်ကာ ၊ကျမရဲ့  ကလေးကို ရှာစဉ် ညင်ညင်သာသာ သန့်သန့်ကြည်ကြည် ကလေးများ လာခဲ့ကြ အစီအရီ။ အဖြူရောင်ဝတ်စုံကိုယ်စီ လက်မှာကိုင်စွဲ လင်းထိန်တဲ့ မီးအိမ်ကလေးတွေကလည်း ကိုယ်စီကိုယ်ငှ ခွဲခွဲခြားခြား ပြတ်ပြတ်သားသား မြင်ရသော်ငြား စကားသူတို့မဆိုရှာကြ။ အဲဒီနောက်မှာတော့ ကြေကွဲဝမ်းနည်းနေတဲ့ကျမရဲ့  ကလေး သူကလေးရဲ့  အလှည့်ရောက်လာတော့ အို..သူ့မီးအိမ်မှာ မီးငြိမ်းနေပါပေါ့ ။ ထွက်မဲ့ ဟန်အပြင်မှာ ကျမရဲ့ သံသယကို ခြေဖျက်ဖို့ ပြောခဲ့ပေ "မေမေ့ မျက်ရည်ကြောင့် ငြိမ်းတာပါလေ..ဘယ်တော့မှမငိုပါနဲ့ မေမေ" တဲ့။ မောင်လင်းယုန်(ရှမ်းပြည်) ပြန်ဆိုသည် ကျမသည်ကဗျာကိုအသံထွက်.. မရွတ်ချင်ဖူး..။စိတ်ထဲမှာ သိမ်းထားလိုက်တယ်..။ဟောင်းနွမ်းဝါကျင့်နေတဲ့ မှတ်စုစာအုပ်ရဲ့  နောက်နားခပ်ကျကျမှာ ဆရာမောင်ဒီရဲ့  ကဗျာတပုဒ်ကို ကူးထားတာတွေ့ ပြန်တယ်..။ "သိမ်းငှက်တို့ရဲ့ သဘာဝ"တဲ။့ သိမ်းငှက်ပျိုတို့ရဲ့  ဘ၀အစဆိုတာ ဟို..သစ်ပင်အိုကြီးများရဲ့  ထိပ်ဖျားလောက်ကနေ အောက်ကို..ခုန်ချလိုက်တာပဲ..။ အဲဒီအခါမှာ ငှက်ငယ်ဟာ ကြောက်လန့်တကြားနဲ့ တအားအော်ဟစ်ရင်း အတောင်များကို ဖြန့်ကားလိုက်ရာမှာ အာကာသထဲမှာ သူ့ရဲ့ အသည်းနှလုံးဟာ ဗြုန်း..ဆို ပြောင်းသွားခဲ့တယ်လို့ တို့ အဘိုးက ကွမ်းတရိုးဝါးရင်းနဲ့ ပြောပြခဲ့ဖူးတယ်။ ။ (မောင်ဒီ)...........တဲ့။ ကျမ..ဒီကဗျာကို သိမ်းငှက်ကလေးတွေ ကြားအောင်..အကျယ်ကြီး ဌာန်ကရိုဏ်းကျကျ အော်ဟစ် ရွတ်လိုက်ချင်ပါတယ်..။့

No comments:

Post a Comment