Sunday, December 27, 2015

ဆောင်းနဲ့အတူ

နှင်းဝေတဲ့ ဆောင်းမနက်ခင်းတွေထဲမှာ..တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့.ဖေဖေ့ကို လဲမှာပြို မှာစိုးလို့ အိမ်အလုပ်တွေ လုပ်နေရင်းက ခဏခဏထွက်ကြည့်ဖြစ်တယ်.။အိမ်ရှေ့ လမ်းနံဘေးမှာ ဂွမ်းပုဆိုးကွက်ထောက်နဲ့ လမ်းလျှောက်နေတဲ့.ဖေဖေ့စတိုင်ကို ကြည့်ပြီး ပြုံးမိတယ်..။ပြီးခဲ့တဲ့ရက်က ရာသီဥတုအေးလာတော့ “သမီးရေ..ဖေဖေ့ကို ဒီလို ဂွမ်းပုဆိုးမျိုးလေး တထည်လောက်ချုပ်ပေးပါဦး”လို့ တောင်းဆိုလာတယ်..။ဒါနဲ့..ပေါင်းတည်မှာရှိတဲ့ ဈေးနှစ်ဈေးတခွင်မှာ.. ပုဆိုးချုပ်ဖို့ ဂွမ်းဖျင်ရှာရတယ်....။အသက်ရှစ်ဆယ်ကျော်အဖိုးကြီးအတွက်..လိုက်ဖက်မဲ့အဆင်လဲ ရွေးရသေးတာမို့ တောင်ဘက်ဈေးမှာက..ချည်သားဂွမ်းဖျင်ပဲရတယ်..။မီးခိုးရောင်.။.အကွက်ကလဲ သိပ်မရိုင်းလှဘူး..။ဒါပေ..အရပ်ရှည်ပြီး ၀တဲ့ ဖေဖေ့အတွက်..ချည်ဂွမ်းဖျင်အနံက လုံချည်ချုပ်ရတာ နဲနဲတိုမယ်လို့ စက်ဆိုင်တွေက ပြောတော့ .ရတာပဲ ချုပ်ပေးလိုက်ရပေမဲ့ စိတ်ထဲ သိပ်တော့ မကျေနပ်လှဘူး..။ဒါနဲ့ မြောက်ပိုင်းဈေးမှာ အနံကြီးမဲ့ ကတ္တီပါဂွမ်းဖျင်ရှာရပြန်တယ်..။ဆိုင်တွေက ဘာအတွက်လဲ မေးတော့..ဖေဖေ့အတွက် ပုဆိုးချုပ်ဖို့ပါလို့ ဖြေရင်း..လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ဈေးနှစ်ဈေးပတ်ပြီး ဖေဖေ့အတွက် ကချင်ပုဆိုးရှာရတဲ့ အဖြစ်ကို သတိရပြန်တယ်..။၁၉၉၆..၉၇ ခုနှစ်တွေလောက်က နေမယ်..။ အဲဒီအချိန်မှာ.ဒေါ်စု နေအိမ်အကျယ်ချုပ်က ပထမဆုံးပြန်လွတ်ပြီး..ဖေဖေတို့တွေလဲ ရန်ကုန်ကNLD ရုံးချုပ်မှာ..ဒေါ်စုအိမ်မှာ ပြန်လည်လှုပ်ရှားနေချိန်ဖြစ်မယ်..။၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တွေကို ရန်ကုန်မှာ..စုမိဖို့ကြိုးပမ်းတိုင်းလည်း မကြာမကြာ..ဖမ်းခေါ်နေချိန်ထင်ပါရဲ့ ..။ခပ်တည်တည်နဲ့ ဈေးတွေထဲမှာ လွှတ်တော်တက်ရင် ၀တ်ဖို့ ကချင်ပုဆိုးရှာနေတဲ့ အူကြောင်ကြောင် ငနဲမလေးကို အထည်ဆိုင်တွေက ရီချင်ရှာမယ်..။ ပိုရီစရာကောင်းတာက..ဒီလောက်သဲသဲမဲမဲ..ကချင်ပုဆိုးရှာနေရတဲ့ အကြောင်းရဲ့  ဖြစ်ရပ်ပါပဲ..။တကယ်တော့ ဖေဖေ့မှာ ဂန္ဒီအစည်းအဝေးတက်တုန်းက ၀တ်ခဲ့တဲ့ ကချင်ပုဆိုးလေး၂ထည်ရှိခဲ့တယ်..။ကချင်အစစ်ကလေးတွေ..။ဖြစ်ချင်တော့ ၉၄ခုနှစ်လောက်မှာ အိမ်ကို သူခိုးဖောက်ခံရတော့..ဖေဖေ့ကချင်ပုဆိုးလေး ၂ထည်ပါသွားတယ်..။သူခိုးဖောက်ခံရတယ်ဆိုတော့..တော်တော်ချမ်းသာတဲ့ အိမ်လို့ ထင်ကြမယ်..။အဲဒီသူခိုးလောက် ကံဆိုးတဲ့ သူခိုးရှိမယ်မထင်ပါဘူး..။အဲဒီနေ့က ဖေဖေက ရန်ကုန်သွား..။ကျန်တဲ့ညီအမတွေကလည်း ရန်ကုန်မှာကျောင်းတက်နေကြတော့..အိမ်မှာ ကိုယ်တယောက်တည်းရယ်..။ညကျတော့ တလမ်းကျော်က အဒေါ့်အိမ်မှာသွားအိပ်တယ်..။အိမ်ကိုသော့ခတ်ပစ်ခဲ့ရတာ..။အဲဒီည အိမ်ဘေးဘက်က ပျဉ်ချပ်တွေကို ခွါဝင်ပြီး ကိုရွှေသူခိုးက အေးအေးဆေးဆေး ခိုးရှာတယ်..။ဒါပေမဲ့ မူးရင်တောင် “အဘထ”ပဲ ရှူစရာရှိတဲ့ အိမ်ဆိုတော့ “ရွှေ”နဲ့တူတဲ့ ပြောင်ပြောင်လက်လက်ကို ရှာပြီး....ဖောင်တိန်နစ်သွားတွေကို ဖြုတ်ခိုးသွားရတယ်..။နောက်…ဖေဖေ့ဘီဒိုထဲက ဟိုတုန်းက ရွှေတောင်လုံချည်တွေ ဘန်ကောက်လုံချည်တွေနဲ့အတူ..သမိုင်းဝင် ကချင်ပုဆိုးလေး နှစ်ထည်ပါသွားတယ်..။နောက်..ကိုယ်တွေအိမ်ခန်းထဲက အ၀တ်ဘီဒိုတွေထဲက ထဘီတွေချည်း ရွေးခိုးသွားတယ်..။မင်္ဂလာဆောင်ခါနီး သူတို့သမီးလောင်းရဲ့  မ၀တ်ရက်ပဲ သိမ်းထားတဲ့ ၀မ်းဆက်ကလေးတွေခမျာ..တခြမ်းပဲ့ရရှာတယ်..။အင်း..အဖိုးအတန်ဆုံးဆိုလို့…ဖေဖေညတိုင်း သတင်းနားထောင်..တခါတလေ…ကက်ဆက်ခွေလေးထည့်နားထောင်လို့ရတဲ့ ရေဒီယိုကက်ဆက်အစုတ်ကလေး တလုံးပါသွားတယ်..။(ဒါလေး ပါသွားတာ အနှမျောဆုံးနဲ့ စိတ်အထိခိုက်ရဆုံးပဲ..။ချက်ခြင်း အသစ်မ၀ယ်နိုင်သေးလို့ ရေဒီယိုသတင်းတွေ နားမထောင်ရ..တဲ့ ဖေဖေ့မှာ..စိတ်တွေတိုတောင်းလို့..။) မနက်စောစော အိမ်ပြန်ရောက်တော့ တအိမ်လုံး ပွစာတက်နေ.. ခြေရာလက်ရာပျက်နေတဲ့ ကိုယ့်အိမ်ထဲကို ၀င်ရမှာ စိတ်စက်မသန့်လိုက်တာ..။ဒါနဲ့ ရပ်ကွက်လူကြီး ပြေးခေါ်..တော့..ရပ်ကွက်လူကြီးက အကြောင်းကြားလို့..နယ်မြေတာဝန်ခံရဲတယောက် ရောက်လာပြီး စစ်ချက်ယူတယ်..။သူက ပါသွားတဲ့ ပစ္စည်းစာရင်းကို နားထောင်ပြီး မဆလခေတ် တရားသူကြီးဟောင်း ၂နှစ်လောက် လုပ်ဖူးတဲ့ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့  ကြွယ်ဝမှုကို အံ့သြသင့်နေရှာပုံပဲ..။ရဲစခန်းမှာတိုင်ချက် လာဖွင့်ပါတဲ့..။ခုလို ပျောက်တဲ့ပစ္စည်း တန်ဖိုးမကြီးရင် ပြန်ရတတ်ပါတယ်တဲ့..။အခု အနှစ်၂၀ကျော်ပြီ…အမှုပိတ်သွားလောက်ရောပေါ့..း)) အဲဒါနဲ့ ကျောင်းတက်သွားရင်း ရဲစခန်းမှာတိုင်ချက်ဖွင့်မယ်လို့ စက်ဘီးကလေး စီးပြီး ထွက်လာခဲ့တယ်..။စက်ဘီးစုတ်ကလေးတောင်…ညက အဒေါ်တို့အိမ်စီးသွားမိလို့..တော်ပါသေးရဲ့ ..။သူခိုးက ပါတိတ်ဝမ်းဆက်ရဲ့ အောက်ပိုင်းတွေ ချည့် ခိုးသွားတာလဲ..တော်ပါသေးရဲ့ ။နောက်မို့ဆို ဆရာမတော့..ကျောင်းတက်ဖို့တောင်..ယူနီဖောင်းမရှိရှာတော့ဘူးလို့ သနားခံရဦးမယ်..။အလယ်တန်းကျောင်းလမ်းထဲ ရောက်တော့ ..ပုလဲဆိုင်ရှေ့ က မနက်တိုင်းစောင့်နေကျ..ကျောင်းဆရာနဲ့တွေ့ တယ်..။…ဖြစ်ကြောင်းကုန်စင်ပြောပြတော့.. ရဲစခန်းမှာ တိုင်ချက်ဖွင့်ဖို့ အတူလိုက်လာတယ်..။ ရဲစခန်းရဲ့  အမိုးကုပ်ကုပ်မှောင်မဲမဲအဆောက်အဦကြီးထဲကို သူ့ချစ်သူတယောက်တည်း လွှတ်လို့ ဘယ်ဖြစ်ပါ့မလဲတဲ့..။နောက်..အနှစ်၂၀ကျောက်အကြာ..၂၀၀၇ အောက်တိုဘာ ၁၆မှာ..ဒီအဆောက်အဦ မဲညစ်ညစ်ကြီးထဲမှာ..သူတို့လင်မယားနှစ်ယောက် အစိုးရမကြိုက်တာလုပ်လို့ တညတာ အချုပ်ခံရမယ်လို့ အဲဒီတုန်း ဘယ်တွေးမိမလဲနော်..။ LikeCommentShare

No comments:

Post a Comment