Friday, March 11, 2016

လူနှင့်သစ်ပင်များ

၂၀၁၄..ဖေဖော်ဝါရီ..၂၁။
ဖေဖေနဲ့  ငုပင်လေး
မိတ်ဆွေ..။သင်.. ငုပင် တပင် လောက် စိုက်ဖူးခဲ့ ပါသလား..။ကျမကိုယ်တိုင်တော့ မစိုက်ခဲ့ ဖူးပါ..။ဒါပေမယ့်  ကျမဖေဖေ စိုက်ခဲ့ တဲ့  ငုပင်ပေါက် တပင် အကြောင်း ပြောပြချင် လိုက်တာ..။ကျမရဲ့ ကိုယ်ပိုင် ငုပင်လို့  မဆိုနိုင်ပေမယ့်  ကျမတို့  မိသားစု ရဲ့  ကိုယ်ပိုင် ငုပင် လို့ တော့  ပြောလို့ ရမယ် ထင်ပါတယ်..။ဘာဖြစ်လို့ လဲ ဆိုတော့  ဒီငုပင်ကလေးကို ကျမ ဖေဖေ ကိုယ်တိုင်ခက်ခက်ခဲခဲ စိုက် ခဲ့ တာရကိုး..။အယူ သီးတတ်လွန်း တဲ့  မေမေ ရဲ့  ငြူစူ ကန့် ကွက် မှုတွေကို ခေါင်းမာတဲ့ ဖေဖေကပယ်ချ ခဲ့ တယ်..။အိမ်ခြံဝင်းထဲမှာ ငုပင်မစိုက်ကောင်းဘူးလို့  အယူရှိတဲ့ မေမေဟာ ဒီခြံဝင်းကလေးနဲ့  ကျမတို့  အားလုံးကို ရင်နာစွာ ခွဲခွာထားခဲ့ ရတာဟာ တိုက်ဆိုင်မှု တခုလေလား..။ မသိပါ..။ကျမတို့  မသိချင်ခဲ့ ပါ..။ကျမတို့ သိတာက ဖေဖေ တယောက် ဒီ ငုပင်ကလေးကို သေသေချာချာကို ပြုစု ယုယခဲ့ တာ..။သူ သိပ်ချစ်တဲ့  သမီးတွေကို ပြုစု ပျိုးထောင်သလို ပိုးမွေးသလိုကို မွေးခဲ့ တာ.။ဒီ.လို့  ပြောလို့ ရမလား..။မဟုတ်သေးပါဘူး..။ပိုးမွေးခဲ့ သလို မွေးခဲ့ တာ လို့ ပြောဖို့  သင့် တော် ပါမလား..။ဒီ ငုပင်ကလေး ရှင်သန်ဖို့  ဖေဖေ ပိုးကောင်လေးတွေ အများကြီးကို ဖယ်ရှားသုတ်သင် ခဲ့ ရတာပဲ..။ မနက်တိုင်း ငုပင်ပေါက်ကလေး အနားမှာ ထိုင်ခုံပုကလေး တလုံးပေါ်မှာ ထိုင်ရင်း ငုရွက်စိမ်းစိမ်းလေးတွေမှာ ကပ်တွယ် နေတတ်တဲ့  ပိုးဥကလေးတွေကို ဇာဂနာ တချောင်း နဲ့  စိတ်ရှည် လက်ရှည် ဆွဲထုပ် နေတတ်တဲ့ ဖေဖေ ။ နောက်တော့ ဖေဖေနဲ့အတူ...ကျမတို့ညီအမတွေပါ..ငုပင်ပေါက်ကလေး ရှင်သန် ဖို့  လိပ်ပြာတွေဥချခဲ့ တဲ့  လိပ်ပြာဥကလေးတွေကို လိုက်ဖယ် တတ်လာသည်.။လိပ်ပြာကလေးတွေဟာ…အရောင်အသွေးအစုံနဲ့  ချစ်စရာကောင်းသလောက် ငုပင်ပေါက်ကလေးလို အပင်တွေရဲ့  အရွက်ကလေးတွေကို ဖျက်ဆီးတတ်တာကိုတော့..ကျမတို့  မုန်းသည်..။ကြည့် စမ်းပါဦး..သစ်ရွက်စိမ်းစိမ်းကလေးတွေ ပေါ်မှာ သူတို့ ဥချသွားတဲ့  ပိုးဥဖြူဖြူကလေးတွေက အစီအရီ..။တော်ကြာ..ထွက်ကာစ..အရွက်စိမ်းနုကလေးတွေကို မွစာကြဲ အောင် ကိုက်ဝါးဖျက်ဆီးပစ်တတ်တဲ့ ဘောက်ဖတ် ကလေးတွေ ဖြစ်လာဦးမှာ..။ ဆွဲ နှုတ်..ဆွဲနှုတ်..။ပိုးဥ တွေ… အပင်ဖျက်ပိုးတွေကို ဆွဲနှုတ်။ ဒီလို နဲ့  ငုပင်ကလေး တနေ့ ထက် တနေ့  ပိုပို ကြီးလာသည်..။အရွက် အခက် တွေ နဲ့  စည်စည် ကားကား…ဖားဖား ဝေေ၀..။ဒါပေမယ့်  ခက်တာက ငုပွင့် ဝါခိုင် မပွင့် နိုင်သေး..။ဖေဖေ အရိပ်တကြည့်  ကြည့်  ကြည့် ခဲ့ တဲ့  ဒီငုပင်ကလေးကား ပွင့် ခဲ လှဘိခြင်း..။ပင်စည် မှာ ဓါးထက်ထက် နဲ့  ရေးထွင်းခဲ့ တဲ့  သံသယရှိသမျှမပွင့် စေရ ..ဆိုတဲ့  ကျိန်စာ တခု ကြောင့် လား..။ဒါတော့ မဖြစ်နိုင်…။ဖေဖေ သည် အကြောင်းအကျိုး မခိုင်ပဲ သံသယ ရှိခဲ လှပါဘိ..။သံသယ ၀င်လျင်လည်း နောက်မဆုပ် တမ်း ။ လေကို ဆန်ရ မလား..။ရေကို ဆန်ရ မလား..။အမှန် တရား သည် တခါတရံ ခါးသီးတတ်တာကို ဖေဖေ မသိမဟုတ်..။သို့ ပေမယ့်  ခါးသီးမှု သည် လည်း တခါတခါ လိုအပ်စွာ ချို မြ တတ်တာကိုး…။ ဘာပဲ ဖြစ်ဖြစ် ..တနေ့ တော့  သဘာဝ ဓမ္မ အရ ဒီငုပင်ကလေး ပွင့် ရမှာ မလွဲ..။ငုပွင့် ဝါခိုင် တို့ နှင့်  တင့် တယ်ရမည်မှာ မလွဲ..။ထို နေ့ တွင် ဒီ ခြံဝင်းထဲ မှာ မေမေ့ လိုပင် ကျမတို့  သားအဖ တွေ ရှိချင်မှ ရှိနေပေ လိမ့် မည်..။ရှိချင်လည်း ရှိနေလိမ့် မည်..။ဖေဖေ့  ငုပင်ကလေးကတော့  ထိုနေ့ ထိုအခါ တွင် ၀င်းဝင်း ၀ါ အောင် လှပစွာ ပွင့် နေပါလိမ့် ဦးမည်..။ ။
၂၀၁၆ ဖေဖော်ဝါရီ (၂၁)
ပြီးခဲ့တဲ့ ၂နှစ်လောက်က ကျမရေးခဲ့တဲ့ စာတပုဒ်ကို ပြန်ဖတ်မိရင်း..ငုပင်လေး ရှိရာ နေရာကို လှမ်းကြည့်မိတော့...ကျမတို့ငုပင်လေး မရှိတော့..။ကျမတို့ရဲ့ ငုပင်ကလေးကို ခုတ်လိုက်ပါပြီ..။မခုတ်ခင်..ငုပင်လေးရဲ့ လှပစွာပွင့်နေတဲ့ ငုပွင့်ဝါခိုင် တို့ကိုတော့မြင်လိုက်ရပါသေးသည်..။ ယခုတော့..ကျမတို့ခြံထဲတွင် ငုပင်ကလေး မပွင့်နိုင်တော့ပြီ.။သို့သော်..နွေဦးသင်္ကြန်မှာ တခြားတခြားသော နေရာများတွင် ပွင့်နေသော.. ငုပွင့်ဝါခိုင်တို့ကို ကျမတို့ မြင်နိုင်ပါသည်..။သို့သော်.ထိုငုပင်များသည်..ကျမတို့ ရဲ့  ငုပင်လေးတော့ မဟုတ်တော့ပါ..။
                                                               နီဇူလိုင်
                                                            ၂၁.၂.၁၆

No comments:

Post a Comment