Friday, April 22, 2016

မြစ်နဲ့ငါ



မြစ်ကမ်းနဖူးမှာ 
နေ့နေ့ညည
မြစ်ကို ငါ..တစိမ့်စိမ့်ငေးကြည့်တယ်..။
မြစ်နဲ့ငါမိတ်ဆွေဖြစ်တယ်..။
 မြစ်နဲ့ငါစကားတွေအများကြီးပြောတယ်..။
မြစ်ရဲ့ စကားသံဟာ
တခါတခါ
လိပ်ပြာတောင်ပံခတ်သံလို
စည်းချက်ညီညီ.။
မြစ်ရဲ့ ထွက်သက်ဝင်သက်ဟာ
တခါတခါ
ပါးပျဉ်းထောင်ထနေတဲ့ မြွေတကောင်လို..
လှိုက်လှိုက်.ဖိုဖို..။
မြစ်ရဲ့ ခြေလှမ်းတွေဟာ
တခါတခါ
ပွင့်အာစပန်းတပွင့်ရဲ့ 
ပွင့်ဖတ်တွေ တလွှာချင်းပွင့်လာသလို
ဖျိုးဖျိုး ဖျပ်ဖျပ်။
မြစ်ကို ငေးရင်းငေးရင်းနဲ့
မြစ်ဟာ ငါ့ပန်းချီကားဖြစ်လာတယ်..။


ငါ့ပန်းချီထဲမှာ
မြစ်ရဲ့ စကားသံရယ်
မြစ်ရဲ့ ထွက်သက်ဝင်သက်ရယ်
မြစ်ရဲ့ ခြေသံအလျဉ်ရယ်
ဝိညာဉ်ပူးကပ်လာဖို့
ငါ့မှာ
ဆေးစက်ကျရာ အိပ်မက်တွေဖြစ်လို့..။


အိပ်မက်ထဲမှာ
ငါဟာမြစ်ဖြစ်လိုက်
မြစ်ဟာငါဖြစ်လိုက်နဲ့
မြစ်နဲ့ငါ
ငါနဲ့မြစ်
ပူးတုံခွါတုံ..။
ဒီလိုနဲ့
မြစ်က စီးမြဲ
ငါက..ငေးဆဲ..။
နောက်ဆုံးတော့
ငါဟာ
မြစ်ကိုငေးရင်းငေးရင်းပဲ
မြစ်နဲ့ငါ
အလှမ်းကွာကွာလာ..။

ငါ့ပန်းချီထဲက
မြစ်ဟာ
တိတ်ဆိတ်စွာ..။   ။



  (နီလာဆောင်နံဘေးက ဧရာဝတီသို့)

No comments:

Post a Comment