Wednesday, June 5, 2013
“မိုးခေါင်ရေရှား ရပ်ဝန်းကလေးများ ”
               မုတ်သုန် လာချေပြီ..။  ပင်လယ်ကြီးကို ဖြတ်သန်းကာ    ပင်လယ်ကြီးရဲ့  လက်ဆောင်   ရေခိုးရေ
ငွေ့ တွေကို တိမ်တိုက် ရထား  တရွေ့ ရွေ့ နဲ့  တနင့်တပိုး သယ်ဆောင်..။မုတ်သုန်မိုးစက်ပွင့်ကလေးတွေ အဖြစ် ကျဲပက်.. ။မုတ်သုန်မိုးစက်များနှင့်ထိတွေ့   နမ်းရှိုက်ရသော အရာအားလုံးသည်.. အေးမြ လန်းဆန်းခြင်း..။နုပျို သစ်လွင်ခြင်း။စိမ်းစိုရှင်းသန့်ခြင်း..တို့ဖြင့် သြကာသလောကတခွင်  အလှဆင်..။  သို့ သော်  မုတ်သုန်မိုးစက်တို့ ဖြတ်သန်းသွားပါလျှက်  စိမ်းစိုရှင်းသန့်ခွင့်မရ..။  လန်းဆတ်အေးမြခွင့်မရ..။နုပျို သစ်လွင်ခွင့်မရ  ။မုတ်သုန်ရန့ံ့  ကို  အပြည့်အ၀  ရှူရှိုက်ခွင့် မသာသော   မိုးခေါင်ရေရှား  ရပ်ဝန်းကလေးတွေတော့..ရှိနေသေးသည်..။
+++               +++++
                       “မေမေ.. သမီး ရွေးတဲ့  ကျောပိုးအိတ်အသစ်ကလေးက  မိုက်တယ်နော်”
                    သူ့တကိုယ်လုံးကို  လှည့်ပတ်ကြည့်ရင်း  ကျေနပ်နေတဲ့ ...သမီးလေးကို ကြည့်ရင်း  မေ ပြုံးမိ
တယ်..။သမီးလေးရဲ့    ခေါင်းကလေးကို     ခပ်ဖွဖွကလေး ပုတ်လိုက်ရင်း  ..
          “အလှကြိုက်မလေး..။ကျော်ပိုးအိတ်အသစ်..ဖိနပ်အသစ်..ရေဗူးအသစ် ..နဲ့  အရမ်း..မိုက်ပါ့တော်။စာလဲ ကြိုးစားနော်..။သမီး  ပြီးခဲ့ တဲ့   စာသင်နှစ်မှာ ပထမရလို့   ဒါတွေမေမေ ၀ယ်ပေးတာ.။ကဲ..ကျောင်းနောက်ကျ
နေမယ်   သွားကြစို့.”    
                 ကျောင်းဖက်ကို  ကားမောင်းလာရင်း..မေ  တယောက်   အတွေးတွေကဆက်နေမိသည်..။
တဦးတည်းသော   သမီးလေးမို့   ပထမမရလဲ  ၀ယ်ပေးမိမှာလို့   မေ့ဖာသာတွေးရင်း     မေတို့  ငယ်ငယ်
ကျောင်း ဖွင့်ချိန်တွေကို   သတိပြန်ရမိတယ်..။မေတို့ ငယ်ငယ်က မောင်နှမတွေက  အစီအရီမို့ ..အတန်းသစ် တက်တိုင်း  ပုံနှိပ်စာအုပ်က အစ..ကျောင်းသုံးပစ္စည်းအဆုံး   ကြီးစဉ်ငယ်လိုက်  အကိုအမတွေရဲ့   အကျကို  အငယ်တွေက  ဆက်ခံရစမြဲ..။ကျောင်းရှေ့ မှာ ကားကလေးကို ရပ်လိုက်တော့  သမီးလေး က သူ့ကိုယ်သူ
ယုံကြည်မှု အပြည့်နဲ့  ခုန်ဆင်းကာ....
             “ မေမေ ..သမီးကို  အတန်းပိုင်တီချယ်က  ဘယ်နေရာနေချင်လဲတဲ့ ..။  ဘယ်သူနဲ့ ထိုင်ချင်လဲ
တဲ့ ..။တနေ့က သမီး သွားကန်တော့တော့  မေးလိုက်တယ်..။သမီးက  ရှေ့ ဆုံးတန်းမှာ ဖြူလဲ့ နဲ့  ပဲ တူတူထိုင်
မယ်လို့  ပြောလိုက်တယ်..။ သမီးနဲ့ ဖြူလဲ့ က  တီချယ့်စာသင်ဝိုင်းမှာလဲ  တူတူထိုင်တာလေ..။ဖြူလဲ့ ကလဲ သမီးနဲ့ ပဲ တူတူထိုင်မယ်လို့    တီချယ်ကို ပြောပြီသားတဲ့ ။သမီးတို့  အစောကြီး ခုံဦးဖို့  မလိုတော့ဘူးမေမေ” 
                   မေတို့ ငယ်ငယ်ကဆို လည်း  ကျောင်းဖွင့်စ အတန်းသစ်တက်ရင် ထိုင်ခုံနေရာ ကောင်းလေး
ရအောင် ဦးဖို့  အစောကြီး သွားစရာမလို...။ဘယ်လိုပဲ  နေရာတွေ  ဦးထားထား..။အတန်းပိုင်ဆရာမကကလေး
ရဲ့   အရပ်အနိမ့်အမြင့် ကို လိုက်ပြီး  နေရာတွေ  ပြန်ချပေးစမြဲ..။မေက  အရပ်ရှည်သူဆိုတော့  ဘယ်လောက်ပဲ
 နေရာဦးထားထား  နောက်ဆုံးတော့  တတိယတန်း စတု တ္ထတန်း လောက်မှာ သာ  ထိုင်ရစမြဲ..။
                  ကျောင်းဝတ်စုံအသစ်  နဲ့  သမီးလေးကတော့     မိုးဖွဲဖွဲကြားထဲမှာ   မိုးကာအသစ်  ကလေးနဲ့ 
ကျောင်းဝင်းထဲကို  လန်းဆန်းသစ်လွင်  ခုန်ပေါက်မြူးတူးစွာ.၀င်သွားသည်..။သမီးက  ကျောင်းကလဲ  အပ်ပြီး
သား..။နေချင်တဲ့  အတန်းနဲ့  ထိုင်ခုံနေရာကလဲ  အဆင်သင့်..။အတန်းပိုင် တီချယ့် ကျူရှင်မှာကလည်း  အပ်
ပြီးသား..မို့။မေလဲ စိတ်အေးလက်အေး ရှိလှသည်..။
   +++  
                       သူများတွေ     အဖြူအစိမ်းလေးတွေ နှင့်   ကျောင်းသွားနေသည်ကို   ကြည့်ရင်း ..တူးတူး မျက်ရည်တွေဝိုင်းလာသည်..။ ဒီနှစ် တော့ ကျောင်းတက်ခွင့်တောင် ရပါ့ မလား..။ သူများလို  ကျောင်းစိမ်းဝတ်စုံ အသစ်  ၀ယ်ဖို့ နေနေသာသာ..ကျောင်းပင် မအပ်နိုင်သေး..။ငါးတန်းနှစ်က   အမေ၀ယ်ပေးသော  ကျောင်းစိမ်း
ဝတ်စုံကလေးကလဲ  ရေသီနားလိုက်ကာ  ပါးပါးလေးပဲ ကျန်တော့သည်..။ဒီ   ကျောင်းဝတ်စုံကလေး   တစုံကိုပဲ
 တနှစ်လုံး  ဒုံးပေချပြီး   ၀တ်နေရတော့လဲ  ရေသီနားမလိုက် ခံနိုင်ပါ့မလားနော်..လို့   ၀မ်းနဲအားငယ်စွာ တွေးမိ
သည်..။ခြောက်တန်းနှစ်မှာ   ကျောင်းစိမ်းလုံခြည်လေး    တထည်လောက်  ထပ်ဝယ်ချင်လို့   ကျောင်းပိတ်ရက်
တလျှောက်လုံး   ရေခဲချောင်းရောင်းလိုက်..ဖရဲသီးစိတ်ရောင်းလိုက်  နဲ့    စုထားတဲ့  ပိုက်ဆံကလေးတွေကလဲ
အမေ့ဆေးဖိုး နဲ့  သာ  လုံးပါးပါးရရှာ  သည်..။ကင်ဆာဝေဒနာရှင်  အမေ   ကိုက်ခဲနာကျင်လို့  အော်ဟစ်နေရ
သည်ကို တော့ တူတူးတို့  ညီအမနှစ်ယောက်စလုံး မကြည့်ရက်..။အိမ်နားက ကြီးကြီးတို့ကို အကူအညီတောင်း
ပြီး    ရပ်ကွက်ထဲက  ဆေးထိုးဆရာကြီးကို  ခေါ်ကာ အကိုက်အခဲ အနာအကျင် ပျောက်ဆေးတွေကို ထိုးပေးမှ
 အမေအိပ်နိုင်သည် ကိုး..။အမေသာ နေကောင်းလို့ကတော့    တူတူးခုလို  ၀မ်းနည်း  နေရမှာ မဟုတ်တာ  သေချာသည်..။မနှစ်က ငါးတန်းကျောင်းအပ်ချိန်အထိ  အမေ အလုပ်လုပ်နိုင်သေးသည်..။
                 တူးတူး မမကတော့  စာသင်ရတာကို နဲနဲမှ  စိတ်မ၀င်စား..။ မဖြစ်ထွန်း... ။အမေနဲ့ အတူ သာ ဒိုးတူဘောင်ဖက်    အလုပ်လိုက်လုပ်သည်..။တူးတူးကတော့ ကျောင်းနေချင်သည်..။စာတွေသင်ချင်သည်..။ ပညာမတတ်ရင် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားရမည် ကို အမေ့ကို ကြည့်ရင်း တူတူးသိသည်..။ခုတော့  အမေ ၀ဋ်ကျွတ်သွားချေပြီ..။ အမေသေတော့  မမက အဖေ့ကြောင့်  အမေသေရတာလို့   ပြောပြောပြီးငိုနေသည်..။
အဖေ့  ကျောကုန်းကို ထုရိုက်ပြီးလည်း   ငိုသည်..။  အဖေကတော့   ၂၄နာရီစလုံးအရက် မူးနေသည်မို့   ဘာမှ ပြန်မပြောနိုင်..။အမေ့ အသုဘမှာ    ကြီးကြီးတို့   ပြောနေတာတော့    အမေသားအိမ်ကင်ဆာဖြင့် သေရသည်
မှာ အရပ်လက်သည်တွေနဲ့  ကိုယ်ဝန်တွေခဏခဏ  ဖျက်ချရလို့ ဆိုလား..။ဘာပဲဖြစ်ဖြစ် အရက်မူးလာတိုင်း
သွေးဆိုးသော     အရက်ဖိုးမရလျှင်    အမေ့ကို ရိုက်နှက်    အနိုင်ကျင့်တတ်သော   အဖေ့ကို  တူးတူးလည်း မုန်းသည်..။
                                “တူးတူး..။ရော့..သွား ကျောင်းအပ်ချေ”
မမအသံကြောင့်  တူးတူး အတွေးစတွေ  ရပ်သွားသည်..။ပါးပေါ်မှ မျက်ရည်စတွေကို  မမမမြင်အောင် ကပျာ
ကယာ သုတ်လိုက်ပေမယ့်  အချိန်မမီတော့..။မျက်ရည်များကြားမှ  မမကမ်းပေးနေသော ပိုက်ဆံများကို ဝေေ၀
ဝါးဝါး မြင်နေရသည်..။တစ်ထောင်ကျပ်တန်   ငါးရွက်...။
           “သွား..ကျောင်းအပ်လို့ပြောနေတယ်..။ကျောင်းအပ်ခက ၁၆၀၀။ပုံနှိပ်က ၁၅၅၀ တဲ့ ..။ပိုတဲ့  ပိုက်ဆံကို ဗလာစာအုပ်နဲ့ ဘောပင်ဝယ်.။အဲဒီ ၅၀၀၀ကျပ်က  အန်တီချို့ ဆီက  နေ့သွင်း ၂၀၀ဖိုးယူလာတာ..။ငါ့ ကို လာပြီး
ပြူးပြဲကြည့်မနေနဲ့ ..။ နင်စောစောက ကျောင်းသွား နေတဲ့  ကလေးတွေကို ကြည့်ပြီးငိုနေတာ..ငါမြင်တယ်..။အဲ့ ဒါကြောင့် အန်တီချို့ ဆီ သွားယူလာတာ..။တလပြည့်လို့    အခုနေ့သွင်း ၂၀၀ဖိုးကြေရင်   နောက်ထပ်  ၂၀၀ဖိုး
ထပ်ယူပြီး  ကျောင်းစိမ်းဝယ်ပေးမယ်..။အမေရှိရင်လဲ  နင့်ကို ကျောင်းတက်စေချင်မှာပါ.”
               မမ   ကမ်းပေးနေသော  ပိုက်ဆံကလေး ငါးထောင်ကို  လှမ်းယူရင်း  မမ တယောက် အန်တီချို့ 
ဆီမှာ ဘယ်လောက်တောင်းပန်ခယပြီး နေ့သွင်းပိုက်ဆံ ယူရလာ ရသည် မသိ.လို့တွေးမိသည်.။အန်တီချို့  အကြောင်း  တူးတူး ကောင်းကောင်းသိသည်..။
               အမေရှိစဉ်ကတည်းက   အရေးပေါ်ငွေလိုလျင်    အန်တီချို့ ဆီက ခုလိုပဲ နေ့သွင်းငွေယူရသည်..။
အမေမှ မဟုတ်  ..။တူးတူးတို့   တရပ်ကွက်လုံးက  လက်လုပ်လက်စားတွေမို့     အန်တီချို့ ကို  ပဲ အားကိုး
နေရသည်...။ ..ရပ်ကွက်ထဲက လူတွေ ဆင်းရဲသလောက်  အန်တီချို့  လက်မှာ တော့   ရွှေလက်ကောက်ကြီး
တွေ  တကွင်းပြီး တကွင်းတိုးလာသည်....။အန်တီချိုကလည်း  နေ့သွင်း ပြန်သွင်းးသည့် လူရဲ့  အခြေအနေ
ပေါ်မှာ ကြည့်ပြီး မှ   ငွေချေးတတ်သည်..။ ပြန်ဆပ်နိုင်ပုံ မပေါ်လျှင်  ငွေထုပ်ချေးလေ့မရှိ..။အခုလဲ မမ ဘယ်လို ပြောဆိုပြီးမှ ရလာသည်မသိ...။တကယ်ဆို    တူးတူးတို့ လို   အဖေက    အရက်သမား.အလုပ်လက်မဲ့ ..။
အမိမဲ့ သမီး    ဥမမယ် စာမမြောက်ကလေးတွေကို    အန်တီချို ငွေချေးစရာ  ဘာအာမခံချက်မှ မရှိ.။
ငွေပြန်မဆပ်သူတွေကို အန်တီချို  ဘယ်လိုလုပ်သည်ကိုလဲ  တူးတူးတို့ မြင်နေကြားနေရသည်..။တူးတူးတို့ကို  အဲဒီလို  လုပ်ခံရမှာ  တူးတူးကြောက်သည်..။ မမကို   အန်တီချို ဘယ်လို  ငွေချေးလိုက်သည်ကို    တူးတူး အရမ်းသိချင်လာသည်..။
             “ မမ.... နင် အဲဒီ နေ့သွင်း (၂၀၀)ကို    ဘယ်လို ပြန်ပေးမှာလဲ..ဟင်”
         တူးတူး မေးခွန်းမေးသံက   အဖျားခပ်တုန်ရီ တိုးတိမ်စွာ..။မျှော်လင့်ချက်မဲ့ ..စွာ။မမကလည်း  ငေးရီစွာ.။
မှုန်မှိုင်းမှိုင်း မျက်နှာကလေးနှင့်  ....
     “အန်တီချို့ အိမ်က    အလုပ်တွေ ကူလုပ်ပေးရမှာ..။သူက   ငါ့ကို တနေ့  (၅၀၀)ပေးမယ်..။  အဲဒီအထဲက တနေ့ (၂၀၀)သွင်းပေါ့ ..။တလပြည့် ရင် ကျေပြီ..။ငါ့ကို  ထမင်းလဲ ကျွေးမယ်..ဆိုတော့   ..ပိုတဲ့  (၃၀၀)က  နင်စားဖို့သောက်ဖို့ ရမယ်ပေါ့ ဟာ။  အဖေကတော့     သူ့ထိုက်နဲ့ သူ့ကံပဲ       မတတ်နိုင်ဘူး..။သွား..သွား ကျောင်းအပ်ချေ..။ကြီးကြီးတို့    နတ်လေ ချွန်   မေးကြည့်တုံးက အမေကလဲ  ၀င်ပူးပြောတယ်တဲ့ ..။တူးတူးကို ကျောင်းဆက်ထားပေးပါတဲ့ ..။တူးတူးကို ပညာတတ်ကြီးဖြစ်စေချင်တယ်..တဲ့ ”
           တူးတူး    မျက်ရည်တွေကို     ခပ်ကြမ်းကြမ်း   သုတ်လိုက်ရင်း  ..လက်ထဲက ပိုက်ဆံကို  ကျစ်ကျစ်
ပါအောင် ဆုပ်ထားရင်း..ကျောင်းဖက်ဆီကို အပြေးထွက်လာခဲ့ သည်..။
        နောင်ခါလာနောင်ခါဈေး..။  ကျောင်းတက်ချိန်ကျမှ  တောင်းမည့် ဘာကြေးညာကြေးတွေကိုလဲ  တူးတူး  စနေ တနင်္ဂနွေလို  ကျောင်းပိတ်ရက်တွေ မှာ  ရေခဲချောင်းဖြစ်ဖြစ်  ရောင်းပြီး ရှာမည်...။    အမေက တူးတူးကို  ပညာတတ်ကြီး ဖြစ်စေချင်သတဲ့ ..။အလွန်အခိုင်း   ရက်စက်သော  စရိုက်ကြမ်းတမ်းသော    အန်တီ့ချို့ အိမ်မှာ မမ  တနေကုန်   အလုပ်လုပ်ရမည်ကိုတော့    တူးတူးခဏလောက် မေ့ထားချင်ပါသည်..။
+++++
                         မိုးခေါင်ရေရှား ရပ်ဝန်းကလေးများကား  ခြောက်သွေ့ ခြင်း၊  ပူလောင်ခြင်း၊  ညှိုးချုံးခြင်း တို့ အတိပြီးလျှက်..။ရှင်သန်ရပ်တည်ခွင့်ကိုပင်  ထိပါးခြိမ်းခြောက်  ခံနေ ရ..။ တကယ်တော့  မိုးခေါင်ရေရှား ရပ်ဝန်း
လေးတွေ  ဆီသို့      မုတ်သုန်မိုးစက်များကို   ကို  အားလုံးနဲ့      အညီအမျှ  မရောက်ရအောင် မခံစားရအောင်   တားဆီးကွယ်ကာထားသော  တောင်စွယ် တောင်တန်းကြီးများကား  မြင့်မားလွန်း နေပါသေးသည်....။     
Friday, January 4, 2013
လွတ်လပ်ပြီ..တဲ့ လား
          “လွတ်လပ်သော လွတ်လပ်ရေး နေ့ သို့ ”
ကကျမတို့ ကို လွှမ်းခြုံလိုက်သည်..။အားကစားကွင်းကြီးထဲမှာ  လမ်းလျှောက်ရသဖြင့်   မော်တော်ကားတွေ ဆိုင်ကယ် တွေ  ရဲ့  အန္တရာယ်က ကင်းဝေးသည်..။လုံခြုံသည်..။လွတ်လပ်သည်..။
                  ခပ်လှမ်းလှမ်းမှ  သဲ့သဲ့ တမျိုး ..တိုးတိုးတဖုံ..ကျယ်ကျယ်တနည်း..အသံချဲ့ 
စက်ကြီးများနှင့်  ဖွင့် နေသော လွပ်လပ်ရေးနေ့  သီချင်းသံများကို ကြားနေရသည်..။အော်..ဒီနေ့ က  ကျမတို့ 
တိုင်းပြည်လွတ်လပ်ရေး ရခဲ့ တာ  (၆၅)နှစ်ပြည့်ပြီကိုး..။
           အားကစားကွင်းထဲမှာလည်း  ခေါင်းအုံးရိုက်ပွဲ..ချောတိုင် တက်ပွဲများ ကျင်းပရန် ၀ါးလုံးတိုင် တွေ  ထူထားသည်..။ရောင်စုံ အားကစား အလံများက    လေထဲတွင်  တဖျပ်ဖျပ်  လှုပ်ရှား ယိမ်းကလျှက်..။
ကွင်းလယ် မြက်ခင်းပြင်ပေါ် တွင်..ထုံးဖြူဖြူတို့  ဖြင့်  ရေးဆွဲထားသော.အသစ်စက်စက်.ပြေးလမ်းများ..။ငယ်စဉ်ဘ၀ က  လွတ်လပ်ရေးနေ့  ပွဲများကို ချက်ခြင်း သတိရသွားမိသည်..။ငယ်ငယ်ကတော့..ဒီ  အားကစားကွင်းကြီး ထဲမှာ..  လွတ်လပ်ရေးနေ့  ပျော်ပွဲရွှင်ပွဲများကို ပြခန်းပေါင်းများစွာ ဖြင့် ကျင်းပခဲ့ သည်..။ကျန်းမာရေးဌာနပြခန်း..။စိုက်ပျိုးရေးဌာနရဲ့  သစ်သီးဝလံပြခန်း၊ဒေသထွက်ကုန်ပြခန်းများ..စသည်ဖြင့် စုံလင်လှသည်..။ကျမတို့  မိသားစုက  ပညာရေးဝန်ထမ်းမိသားစု ဆိုတော့ ပညာရေးပြခန်းအတွက်  လုပ်အားတွေပေးကြရသည်ကိုလည်း  ပြန်အမှတ်ရပြန်သည်..။ပြခန်းတခုနဲ့ တခု သူ့ထက်ငါ သာအောင်..အပြိုင်နွဲကြတာမို့    ပြခန်းတကာ လှည့်လည် ကြည့်မောရသည့်  ကလေးဘ၀နေ့ ရက်များ....။ပြခန်းတွေကနေ  လွတ်လပ်ရေးနေ့  ဒိုးပတ်ပြိုင်ပွဲ တွေဖက် သွားကြည့်ဦးမလား..။အားကစားကွင်းအလယ်က  ကန်ငယ်ကလေးထဲမှာ  လှေတခါစီး တမတ်နဲ့   ကန်ပတ်ခရီးထွက်ဦးမလား..။
               လူက ကျန်းမာရေးလေ့ ကျင့် ခန်း တွေကို  ပုံမှန် လုပ်ရင်း..စိတ်ကတော့  အတိတ်ကာလ လွတ်လပ်ရေး နေ့တွေကိုပြန် ပြေး ထိတွေ့ နေစဉ်မှာ  မလှမ်းမကမ်းရှိ  မြို့ နယ်အုပ်ချုပ်ရေးမှူးရုံး ဖက်မှ..
အဆိုတော်ခင်ညွန့် ရည် ဧ။်   လွတ်လပ်ရေး နေ့  သီချင်းသံများက  လွင့် ပျံလာပြန်သည်..။နံမယ်ကျော်  ဇာတိမာန် သီချင်းခွေထဲမှလွတ်လပ်ရေးနေ့  သီချင်းများ၊ဗိုလ်ချုပ် အောင်ဆန်း သီချင်းများ.။တဆက်တည်း အချိန်မတော်..အာဇာနည်နေ့ သီချင်းများကိုပါ..အရှိန်မပြတ် ကြားလိုက်ရလို့  ပြုံးချင်ချင်..။ဒီလို သီချင်းတွေကို  ဖွင့် ခွင့်  မရခဲ့ ကြတာ ကြာပြီကိုး..။
          အရင် ၁၉၉၀ ကျော်ကာလများက  ဒီသီချင်းခွေကို ပိတ်ပင် တားဆီးခံထားရတဲ့   ကာလတခုကို ဖျပ်ခနဲ  သတိရသွားပြန်သည်..။မိတ်ဆွေတယောက်က  ဘယ်ကရလာသည် မသိ..။ဇာတိမာန်(၁)(၂)  ဆို တဲ့   ဒီသီချင်းခွေကလေးနှစ်ခွေကို  လက်ဆောင်လာပေးသည်..။
ဒီအခွေတွေ ကို  အစိုးရက ပိတ်ပင်ထားသည် တဲ့ ..။တရားဝင် အမိန့် ထုပ်ပြီး ပိတ်မပိတ်ဆိုတာကို တော့  မသိ..။
နားထောင်ကြည့်မိတော့  ဘာများပိတ်ပင်စရာ ရှိသည့် အခွေလည်း လို့  မေးခွန်းထုပ်စရာ..။မတရားတဲ့  အမိန့် အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ဖို့  တာဝန်ရှိသည်လို့  ခံယူထားတဲ့  ကျမ ဖေဖေက  ဒီသီချင်းနှစ်ခွေကိုအကျယ်ကြီး ဖွင့် ရင်း     ဖြတ်သန်းခဲ့ ရသော  ကာလဆိုးကြီးကို  အားတင်း အံတုခဲ့ ကြတာတွေကိုလည်းသတိရပြန်သည်..။အခုတော့  မြို့ နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်တဲ့  (၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့  အခမ်းအနားမှာပင်  တခါက မြေအောက် လျှိုးခဲ့  ရဖူးသော ဇာတိမာန် သီချင်းသံတို 
မိုးယံ လွင့် ပျံလျှက်..။အနှစ် (၂၀)လောက် ပိတ်ပင် ထားခံခဲ့ ရသော  မြို့ လည်မှ  လွတ်လပ်ရေးကျောက်တိုင်
မှာ  ရောင်စုံမီးကုံး တွေ နဲ့  တောက်ပ၀င်းလက် နေနိုင်ပြီ..။လမ်းတွေထဲမှာ လွတ်လပ်နေ့  အားကစားပြိုင်ပွဲ တွေ  ပြန်ကျင်းပနေကြပြီ..။(၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့   အခမ်းအနား
ကို  မြို့ မိမြို့ ဖများ၊ နိုင်ငံရေးပါတီများ၊လူမှု ရေး အသင်းအဖွဲ့ များ စုံစုံ ညီညီ နဲ့  ကျင်းပမည်..ဆိုတဲ့  သတင်း
ကိုလည်း   ကြားနေရသည်..။လူထုက   ၀မ်းပန်းတသာ ရှိနေကြသည်..။ဒါက  သာမန်နယ်မြို့ လေးတမြို့  ရဲ့   အုပ်ချုပ် ရေး အရာရှိတွေ ရဲ့   စိတ်သဘောနှင့်   ကျင်းပရခြင်းမဟုတ်..။ တနိုင်ငံလုံး က
မြို့ တွေ နယ်တွေဆီကို  နိုင်ငံတော် အစိုးရရဲ့    ထုပ်ပြန် ညွှန်ကြားချက် များ အရကျင်းပကြရ ခြင်းသာ..။ဒီမိုကရေစီ နိုင်ငံတော် အသွင်ဆောင်ဖို့  ပြယုဂ်ပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..ဒါက  အပေါင်း လက္ခဏာ တရပ်မဟုတ်.လား .။ကျမတို့  ချစ်ခင် လေးစားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားတွေ..နိုင်ငံရေး အင်အားစု တွေ  လည်း  (၆၅)နှစ် မြောက် လွတ်လပ်ရေး နေ့ မှာ လွတ်လွတ်လပ်လပ်..တက်တက်ကြွကြွ နှင့်  နိုင်ငံရေးဇာတ်ခုံပေါ်တွင် သူ့ နေရာ နဲ့သူ ရှိနိုင်နေကြပြီ..။
              လွန်ခဲ့ သော အနှစ်(၂၀)ကျော်ကာလတွေက သူတို့ တတွေသည်..အကျဉ်းထောင်တွေထဲမှာနေအိမ်
အကျယ်ချုပ် ဘ၀တွေမှာလွတ်လပ်ရေးနေ့  များစွာကို  မလွတ်မလပ် ဖြတ်ကျော်ခဲ့  ကြရသည်..။ထိုကာလ ရဲ့  လွတ်လပ်ရေး နေ့ တနေ့ မှာ   ကျမနဲ့ ဖေဖေ  လူမသိသူမသိ ကျင်းပခဲ့ တဲ့   နိုင်ငံရေးအထိမ်းအမှတ်ပွဲကလေး တခုကိုလည်းသတိရမိပြန်သည်..။သမီးငါးယောက် အနက် ဖေဖေနှင့်  အနီးကပ် အနေရဆုံးကျမက  ဖေဖေရဲ့  တိတ်ဆိတ်သော နိုင်ငံရေး အထိမ်းအမှတ်ပွဲကလေးတွေမှာ အမြဲပါဝင်ခဲ့ စမြဲ..။တနေ့ သော လွတ်လပ်ရေး
နေ့ မှာ  ဖေဖေက
             “တို့ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် နဲ့  နိုင်ငံရေး အကျဉ်းသားတွေ  အကျဉ်း
ကျနေတဲ့  လွတ်လပ် ရေး နေု့   မှာ   သူတို့ ကို  စာနာမျှဝေတဲ့   အနေနဲ့ တို့ လည်း  အိမ်ထဲမှာ  ကို ယ့် ကိုယ်ကို အကျဉ်းချပြီး နေကြစို့ ..”လို့ 
ပြောလာသည်..။လွတ်လပ်ရေး နေ့  တနေ့ လုံး  နေအိမ်ကနေ  အပြင်ကို မထွက်ကြ ဘူး..။အိမ်ထဲမှာလည်း
တယောက် နဲ့  တယောက် စကားမပြောကြဘူး..လို့ ဆိုလာသည်..။ကျမကလည်း  ဖေဖေ့ သမီးပီသစွာ
ဟုတ်ကဲ့ ပါ ဖေဖေ..ပေါ့ ..။အိမ်ရှေ့ တံခါးမကြီးကို ပိတ်ထားလိုက်.သည်.။ ဒီလို အချိန်မျိုးမှာ ဧည့် သည်လာနေလျှင်..ကိုယ့် အဓိဌာန် ပျက်နေဦးမည်..။သားအဖနှစ်ယောက်သား  စာအုပ်တအုပ်စီဖတ်ရင်း လွတ်လပ်ရေး နေ့ မှာ မလွတ်လပ်ရသူများအတွက် .စာနာဂုဏ်ပြုတဲ့  အထိမ်းအမှတ်ကို တိတ်တိတ်ဆိတ်
ဆိတ် ကျင်းပနေခဲ့ သည်.။ရီအားထက် ငိုအားသန် အမှတ်ရစရာ အဖြစ်တခုကလည်း..ရှိလိုက်သေးဧ။်။ ခဏ
အကြာမှာ အိမ်ရှေ့ မှ ခေါ်သံတခုကြားလိုက်ရဧ။်..။ဖေဖေ နဲ့ ကျမက  အသံပြန်မပြုပဲ..တိတ်ဆိတ်နေကြဧ။်။
အသံ ရှင်ကား  ဖေဖေ့ တပည့် ရင်း  တဦးအသံ..။သူက အိမ်ရှေ့ ကခေါ်မရ တော့  အိမ်ဘေးဖက်ကို ပတ်လာသည်..။အိမ်ဘေးပြူတင်းပေါက် တံခါးတွေ ဖွင့် ထားတာ တွေ့ တော့ ပြူတင်းတံခါးကြားမှ ပြုံးပြုံးကြီး လှမ်းခေါ်သည်..။သူ့ လက်ထဲမှာ သူ့ ခြံထွက် စလေ ဆီးသီး ထုပ်ကြီး နှင့် ..။နှစ်တိုင်း..သူ့ ခြံထွက် စလေ ဆီးသီး ချိုချိုတွေပေါ်ချိန်မှာ  လက်ဆောင် ပေးတတ်မြဲ..။ဒီေ န့ မှ တိုက်တိုက် ဆိုင်ဆိုင်..လာပေးသည်..။
တံခါးကြားမှ ထိုးပေးလာသော ဆီးသီးထုပ်ကို အသာယူရင်း   ပါးစပ်ကို ညွှန်ပြရင်း  လက်ခါပြလိုက်သည်။
စကားမပြောနိုင် ဘူး..ဆိုတဲ့  သဘော..။သူက နားမလည် နိုင်သလို   နဲ့   ဖေဖေ့ ကိုလည်း  လှမ်းကြည့် သည်..။
 စာဖတ် မပျက် သည့်   ဖေဖေ့ ကို ကြည့် ပြီး..သူသဘောပေါက် သွားတာလား..ဘာမှန်းမသိတာလားမသိ..။
လက်ကာပြရင်း ပြန်ထွက်သွားသည်..။ နောက်တနေ့  အိမ်လာမှ   သူ့ ကို အကြောင်းစုံ ရှင်းပြခဲ့ ရသည်..။
သားအဖနှစ်ယောက်လည်း  ထိုနှစ်က လွတ်လပ်ရေးနေ့ အသံတိတ် အိမ်ပြင်မထွက် ဆန္ဒပြပွဲ နဲ့  စလေဆီးသီး လက်ဆောင်အကြောင်းကို  မကြာခဏ ပြန်ပြောရင်း  ပြုံးမိ ရသည.်..။  ဖေဖေက  စာရေးဆရာကြီးမောရစ်ကောလစ် ရေးခဲ့ ဖူးသော  အိန္ဒိယကွန်ဂယက်ပါတီခေါင်းဆောင်ကြီး ဆင်ဂုတ်ပတား အား..အင်္ဂလိပ်ဘုရင်ခံက  တရားစွဲသော အမှုကို ပြောပြပြီး..တခါတခါ မှာ ကိုယ့် နိုင်ငံရေး အာခံမှုတွေမှာ လာဖျက်ဆီးတတ်တာက  တဖက်ရန်သူထက်  ကိုယ့် အချင်းချင်းရဲ့   မရည်ရွယ်ထားတဲ့   အနှောင့် အယှက်တွေဖြစ်နေတတ်ကြောင်း  ရီကာမောကာ ပြောပြခဲ့ တာလေးတွေကိုလည်း  ပြန်အမှတ်ရမိပြန်သည်..။ခုတော့ ဒါတွေ.အတိတ်မှာ ကျန်ခဲ့ပြီ..။
အနာဂတ်ကို  လှမ်းမျှော်ရင်း  ပစ္စုပ္ပန်ကို ဆင်ခြင်ကြည့်တော့  ကိုယ့် အနီးပတ်ဝန်းကျင်မှာတော့..လွတ်လပ်
ရေး နေ့  ပျော်ပွဲ ရွှင်ပွဲ တွေ  ကျင်းပနေနိုင်သည်..။အခုလောက်ကလေး  အပေါ်ယံလွတ်လပ်ခွင့် ရသည်ကိုပင် ပြည်သူလူထုခမျာ  ကျေနပ်အားရလျှက်..။နာရီကို ကြည့်လိုက်တော့ ..လမ်းလျှောက်ချိန်ပြည့်ပြီ…။ကျမ ခင်ပွန်းက  သွားကြစို့ လို့  နှိုးဆော်လိုက်သည်..။ ခပ်လှမ်းလှမ်းရှိ လွတ်လပ်ရေးနေ့  အခမ်းအနားမှ သီချင်း
သံ တွေက  ခါတိုင်းထက် တော့   တစုံတရာ လွတ်လပ်မှု ရနေ သယောင်ယောင်..။
          “ လွန်ခဲ့ တဲ့   အနှစ်နှစ်ဆယ်လောက်က  တို့ ဖြစ်စေချင်ခဲ့ တာလည်း  ဒီအခြေအနေမျိုးပဲ လေ..။ခု..
အပေါ်ယံမှာ ဒီလောက်ကလေး ဖြစ်လာတာပဲ ၀မ်းသာရမှာ ပေါ့ ..”လို့  ကျမခင်ပွန်းက  ပြောလိုက် သည်..။ကျမတို့  ခြေလှမ်းများကား    ကွင်းပြင်ဆီ ကို ဦးတည်နေပြီ....။အိမ်ပြန်လမ်း ကလေးက  ရိုးရှင်း စွာ တိတ်ဆိတ်လို့…။ကျမစိတ်ထဲမှာတော့ အတွေးနယ်ဆက်ချဲ့ နေမိသည်..။
             တကယ့် အနှစ်သာရမှာကော..ဘယ်လောက် လွတ်လပ်မှု တွေ ရနေပြီလဲ..။ကချင်ပြည်နယ်မှာ စစ်မီးလျှံတွေ တ၀င်းဝင်းတောက်နေတုံး...။စစ်ပွဲများကြားမှ  ဆင်းရဲ ဒုက္ခအကြီးအကျယ် ရောက်နေကြသော ဒေသခံ  စစ်ပြေးဒုက္ခသည်များ..။ရခိုင်ဒေသမှ  တို့ပိုင်နက်မြေကို ထိပါးလာသည့်  မအေးနိုင်သောအရေးအခင်း
များ..။..လက်ပံတောင်းတောင်ဒေသ နဲ့  တတိုင်းပြည်လုံး အနှံ့ သဘာဝ သယံဇာတမုဒိမ်းကျင့် ခံနေ ရ မှု  များ။လွတ်လပ်သောတိုင်းပြည်အတွင်းမှ   မလွတ်လပ်သေးသော.. ပြည်သူလူထုဧ။် ဆန္ဒဖော်ထုပ်ခွင့် အကန့် 
့အသတ်များ..။အဖမ်းအဆီး အခြိမ်းအခြောက်များ..။ပြည်သူအများစုကြီး ရဲ့   ဆင်းရဲမွဲတေနေဆဲ  ဘ၀များ.။
လယ်ယာမြေများ ဆုံးရှုံးနေသော လယ်သမားမိသားစု များ..။သူတို့ အားလုံး ရဲ့ ဘ၀တွေ   လုံခြုံ အေးချမ်း မှု  တကယ်ရရှိသော နေ့ များကို ရောက်ဖို့  ကျမတို့   ခြေလှမ်းတွေ အများကြီး လှမ်းရဦးမည်..။  သူတို့ အားလုံး  လွတ်လပ်ရေး တေးတွေကို  ပီပီသသ သီဆိုနိုင်သော   လွတ်လပ်ရေးနေ့ များကို  အမြန် ရောက်စေ.ချင်ပါသည်။           
 .
Monday, October 15, 2012
ရူးချင်ယောင် ဆောင်မနေနဲ့ 
+++ရူးချင်ယောင် ဆောင်မနေနဲ    +++ရူးချင်ယောင် ဆောင်မနေနဲ့ +++
    ခုခေတ် သီချင်းတပုဒ်ရဲ့  ရေပန်းစား နေတဲ့  စာသားလေးပါ..။ခုခေတ် လူငယ်တွေ ကြား ထဲမှာလဲ ဒီဝေါဟာရ
အသုံးကလေးက   တော်တော် တွင်ကျယ်သား…။လူတယောက်ယောက်က  အခွင့် အရေးတခုခုကို ရယူနိုင်ဖို့ 
နည်းမှန်လမ်းမှန် ရိုးရိုးသားသား  မကြိုးစားပဲ..ရူးသလိုလို သွပ်သလိုလို..အရူးပါးစတိုင် နဲ့  အချောင်ကြိုးစား
ကိုယ်တာဝန်ယူရမယ့်  ကိစ္စမျိုးကို  တာဝန်မယူချင်တဲ့  အခါမျိုးမှာ ဟိုလိုလို ဒီလိုလို  မသိသလို လုပ်နေရင်လဲ “ဒီကောင်..ရူးချင်ယောင် ဆောင်နေတယ်..”လို့  ပြောတတ်ကြတယ်..။ပြောကြဆိုကြတဲ့  လေသံတွေကို ကြည့်ရင်ကို ရူးချင်ယောင်ဆောင်တယ်..ဆိုတာ ကောင်းတဲ့  အပြုအမူ မဟုတ်မှန်းသိသာထင်ရှားနေပါတယ်။
                တကယ်တော့ ခပ်ရိုင်းရိုင်းစကားလုံးနဲ့  အရူးလို့  အခေါ်ခံရတတ်တဲ့  တကယ်စိတ်မနှံ့ သူတွေကို   လူအများက  တော်ရုံတန်ရုံ ဗွေ မယူ..ကြ။ခွင့် လွှတ်ထားတတ်ကြတယ်။ဒါကို  အခွင့် ကောင်းယူပြီး.တဖက်
သားရဲ့ စာနာထောက်ထားမှုကို အလွဲသုံးစား လုပ်ကာ  ရူးချင်သွပ်ချင်ယောင် ဆောင်ပြီး  ကိုယ့်လိုဘ ပြည့် ဖို့  ကြိုးစားရယူတတ်သူတွေကို   လူတော်တော်များများက  ရွံရှာကြ ပါတယ်။ဘယ်သူမှလည်း  အထင်ကြီးတန်ဖိုး
ထားကြမယ် မထင်ပါ..။တနည်းအားဖြင့်  ဟန်ဆောင်တယ်.. ဆိုခြင်းဟာ …လိမ်လည်ခြင်း တမျိုးပါပဲ..။
ကိုယ်အလိုရှိရာ တခုခုကို ရဖို့ ဟန်ဆောင်ကြိုးစားပြီး  ရလာတဲ့   အရာကကော..အမှန်စင်စစ်  တန်ဖိုးရှိ နိုင်ပါ့ မလား..။
                    ဒါပေမယ့်   ခုတလော..ရူးချင်ဟန်ဆောင်သူတွေ   များလာ လို့ လားမသိ..။ရူးချင်ယောင်
ဆောင်မနေနဲ့  .” ဆိုတဲ့  စကားလုံးက လူထုကြားမှာ ရေပန်းစားလာတဲ့  ဝေါဟာရ တခုဖြစ်လာနေတယ်..။. လူငယ်တွေကြားမှာ ရူးချင်ယောင်ဆောင်မနေနဲ့ ..လို့  ရှုံ့ ချသံ   တွေ ကြားလာရတယ်..။ဘာဖြစ်လို    ရူးချင်
    +++++                               +++++                                            +++++
ကြားနေတဲ့  ငါးတန်းကျောင်းသူ  တူမကလေး ရဲ့ စာကျက်သံကို ကြားလိုက်တော့ အလန့် တကြားဖြစ်သွားမိ
တယ်..။သူကျက်နေတဲ့  စာက  ငါးတန်းမြန်မာဖတ်စာထဲ မှာပါတဲ့   ကဗျာသင်ခန်းစာ တခုပါ။
“ပညာလိုသော်”  ဆိုတဲ့  ကဗျာ တပုဒ်ရဲ့  ဆက်စပ်အမေးအဖြေ တွေကို ကျက်နေတာပါ..။
မေးခွန်း(၃)။        ပညာရှိထံသို့  မည်သို့  ချဉ်းကပ်ရမည် နည်း။
အဖြေ(၃)။       ။ ပညာရှိထံသို့   ရူးသွပ်ချင်ဟန်ဆောင်ရွေ    အခါအခွင့် ကို ချောင်းမြောင်းကာ အနီးကပ်ဝင် ရောက်ရွေ     ပညာသင်ယူရပါမည်..။
ကြားရချက် က  နားထဲမှာ ခိုးလိုးခုလု ဖြစ်သွားတော့..  “ သမီး စာက အဆန်းပါလား..။ပညာရှာ.ပမာသူဖုန်းစား
ဆိုတာထက်တောင်  ဆိုးနေပါလား..။”  လို့  ပြောမိတယ်..။သမီးလေးက  ခေါင်းကလေးကို ကုပ်ရင်း..
       “သမီးလဲ  ဆရာမသင်လို့ သာကျက်နေရတာ..။ဘာကြီးမှန်းလဲ မသိဘူး။ပညာရှာ ပမာသူဖုန်းစားဆိုတာကကော ဘာလဲဟင်”  လို့  မျက်မှောင်ကလေးကုပ်ရင်း
ပြန်မေးရှာတယ်..။
ချင်သူတွေက  သူဖုန်းစားလို..တောင်းပန်ခယပြီး သင်ကြရတယ်..။ခုခေတ်လို  ပညာရွာခေတ်ကြီးမှာ ပညာတွေ
ကို လျှို့ ဝှက်ထားလို့  မရတော့ဘူး..။ပညာရပ်တခုခု ကို ရရင်ချက်ချင်း  ဖြန့် ဝေနေကြတဲ့  ခေတ်ကြီးကို ရောက်နေပြီ..။ဒီလို ခေတ်ကြီးမှာ ပညာရှာပမာသူဖုန်းစားဆိုတာ တောင် ခေတ်မမီတော့ တဲ့  အတွေးအခေါ်
တရပ် ဖြစ်နေပြီ။အခု ကဗျာထဲကလို  ပညာလိုလို့  ရူးချင်သွပ်ချင်ယောင်  ဆောင်ပြီး ချဉ်းကပ်ရမယ်..ဆိုတဲ့ 
နည်းနာ တွေက  ပိုတောင် ဒိတ်အောက်နေပြီ..” လို့  ရှင်းပြမိတယ်.။  ပြီးတော့  စိတ်ဝင်စားတာနဲ့  သူ့ မြန်မာစာဖတ်စာနဲ့  လေ့ကျင့် ခန်းစာအုပ်ကလေးတွေကို  ယူကြည့်မိပါတယ်..။့
ပဉ္စမတန်း မြန်မာဖတ်စာရဲ    စာမျက်နှာ(၂၅)မှာ  “ ပညာလိုသော်”   ဆိုတဲ့  ကဗျာကို တွေ့ ပါတယ်..။
   “ပညာလိုသော်”
ပညာလိုသော်၊ပညာရှိကို ယှဉ်
မေးစဉ်နေ့ ညမပြတ်။
အဖတ်အအံ၊အကြံအရေး
ရှေးရှေးထုံးကိုဆောင်။
သွပ်ကျွန်မူရွေ့ ချောင်း
ခင်ပွန်းကောင်းကိုလိုသော်
သူ့ စီးပွါးကိုရှာ။
ချစ်သသူကို ဥစ္စာ မငှားရ ။    ။တဲ့ ..။
ကဗျာအောက်ခြေမှာ ကဗျာရေးသူ စာဆိုအမည် မပါပါ..။ကျမတို့  ငယ်ငယ်က  သင်ခဲ့ ရတဲ့  ကဗျာတွေ စာတွေ
မှာ စာဆိုအမည် တင်မက  စာဆိုဖြတ်သန်းတဲ့  ခေတ်တောင် ပါတတ်ပါတယ်..။အမည်မသိရင်တောင်.
.အမည်မသိစာဆို လို့ ပါတတ်ပါတယ်..။ဒါပေမယ့်  (၁၉၈၈) အလွန်နှစ်တွေမှာ  သူပုန်စာဆိုလို့ 
ခုခေတ် ကျောင်းသုံးပြဌာန်း ကဗျာ တော်တော် များများမှာ စာဆိုအမည် မပါတော့ ပါဘူး..။အခု..ပညာလိုသော်
ကဗျာ ဟာ.. သူ့ ခေတ်သူ့ အခါ က မှန်ကန်တယ်ထင်ခဲ့ တဲ့ မသင့်တော်သော်လည်း ယာယီအောင်မြင်မှုရခဲ့ တဲ့  အတွေးအခေါ်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်..။
ပါပါတယ်..။ခက်ဆစ်တွေထဲမှာ
ရူးကျွန်မူ= ရူးဟန်ဆောင်သည်။
သွပ်ကျွန်မူ=သွပ်ဟန်ဆောင်သည်။
 လို့  အဓိပ္ပါယ် ဖွင့် ဆိုပေးထားပါတယ်..။
                   စကားပြေထဲမှာလည်း..ဒီအပိုဒ်ကို
 “ပညာရှိထံပါးသို့  ရူးသွပ်ဟန်ဆောင်ရွေ့  အခါအခွင့် ချောင်းမြောင်းကာ အနီးကပ်ဝင်ရောက်ရွေ့  ပညာသင်
ယူရပါမည်။”လို့  စကားပြေ ပြန်ပေးထားပါတယ်..။
                ကျမလည်း  ကိုယ့် နယ်ကို ပြန်ရောက်တော့  မနေနိုင် မထိုင်နိုင်..ကျမတို့ နယ်က ငါးတန်းကလေးတွေစာအုပ်တွေ ယူကြည့်မိပါတယ်..။အကုန် တထပ်တည်းပါပဲ..။သင်တဲ့ ဆရာမတွေကို
 မေးကြည့် တော့  သင်ရိုးညွှန်းတန်းအရ  တပြည်လုံး ဒီသင်ရိုးအရ တညီတည်း သင်ရတယ်..လို့ ပြောပါတယ်.။
ဒါဆို  တနိုင်ငံလုံးက ငါးတန်းမြန်မာစာသင်ရိုးရဲ့ ပညာလိုသော်   ကဗျာကို   သင်ခဲ့ ဖူးသူတိုင်း  ရူးချင်ယောင် ဆောင်ပြီး  ပညာရှာဖို့  လမ်းပြခံခဲ့ ရမှာပေါ့ ..။သွန်သင် ခံခဲ့ ရမှာပေါ့ ..။ကလေးတွေကို ဒီသင်ခန်းစာသင်ပေး တဲ့  ရည်ရွယ်ချက်က  ဘာပါလိမ့် ..။
           ပညာ(ကိုယ်လိုချင်တာ) ရဖို့  မသင့် တော်တဲ နည်းလမ်းမျိုးလဲ..သုံးရမယ်လို့ ဆိုလို ထားတာလား..။
မျိုးတွေ ရိုက်သွင်း နေချင်တာလား..။
                   ကျောင်းတကျောင်းက  သူငယ်ချင်းဆရာမကတော့.. ကျမနဲ့  စိတ်ချင်းတူနေတာကို ၀မ်းသာအားရတွေ့ လိုက်ရပါတယ်..။သူလဲ  ဒီကဗျာကြီးကို မကြိုက်ဘူး..။မသင်ချင်ဘူး..တဲ့ ။
ဒီတော့ ကလေးတွေကို ကဗျာ  ပုဒ်ရင်းကိုပဲ လေ့ ကျင့် ခန်းစာအုပ်ထဲမှာ ရေးခိုင်းထားလိုက်တယ်တဲ့ ..။စာမေးပွဲ မှာထဲ့  မမေးဘူးလို့ လဲ  ကလေးတွေကိုကြေညာထားလိုက် သေးသတဲ့ ..။သူ လည်း   သူတတ်နိုင်သလောက်
 လုပ်တာနေမှာ ပေါ့ လေ..။
                       တကယ်တော့..ဒီလို  .နုနယ်တဲ့ ကလေးတွေအတွက်  အတွေးအခေါ်  အဆိပ်အတောက်
ဖြစ်စေမယ့်   သင်ခန်းစာမျိုးတွေကို  သင်ရိုးထဲမှာ ပြဌာန်းထားတာကိုက  သင့် တော်တယ်  မထင်ပါဘူး..။
မိတ်ဆွေတို့ ကော  ဘယ်လို ထင်ကြပါသလဲ..။
                ကျမကတော့ ငါးတန်းကျောင်းသူ  တူမလေးရဲ့  ချက်ကြလက်ကြ ပြောလိုက်တဲ့  စကားလေးကိုပဲ ကြားယောင်နေပါတယ်..။
“ သမီးလဲ..ဒီစာကြီးကို သင်ရတာမကြိုက်ပါဘူး..။ပညာလိုချင်လို့  ရူးချင်ယောင် သွပ်ချင်ယောင်ဆောင်ရင်
အရူးပညာပဲ ရမှာပေါ့ နော်.”.တဲ့  ။        
Saturday, July 7, 2012
ကြယ်ဖျောက်တစ္ဆေ
ကောင်းကင်မှာ
ကြယ်တွေဟာ
စိန်လိုတောက်ပ
လမ်းပြလို့ ..။
တစ္ဆေကတော့
တစ္ဆေလိုပေါ့ 
ကြယ်ရောင်ကို မော့မကြည့်ရဲဘူး...။
ကြယ်ရောင်တဖျပ်ဖျပ်အောက်မှာ
တစ္ဆေဟာ
မာယာနဲ့ လှည့် စားဖို့   အခွင့် မသာ။
သွေးရူးသွေးတမ်း တစ္ဆေဟာ
ကြယ်တွေကို မြက်ရိုင်းတောအောက်
ထိုးဖျောက်ဖို့ ကြိုးစားတယ်။
အရာရာ နဲ့ ဖုံးအုပ်
ကြယ်တွေကို လှုပ်မရအောင် ကြိုးစားတယ်..။
ကြယ်တွေကိုဖျောက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို ဖျက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို မေ့   သွားအောင်ကြိုးစားတယ်..
ဒါပေမယ့် 
ကြယ်တွေက
ကြယ်တွေလေ
ကောင်းကင်မှာပဲ  တောက်ပနေသပေါ့ 
စိတ်လျှော့ 
တစ္ဆေ
နင်သာ  မကောင်းဆိုးဝါးဘ၀က
မြန်မြန်ကျွတ်လွတ်ပါစေ..။       ။