ခု ရက်ပိုင်း မှာ ညီမလေး က ကိုယ့်ကို ကိုယ်ပိုင် ဘလော့ လေး တစ်ခု လုပ်ပေး လိုက်တယ်။
လူ တကိုယ် ၀ါသနာ တမျိုး ဆိုပေမဲ့ ကိုယ်ကတော့ ငယ်ငယ် တည်း က ပန်းချီ ဆွဲ နေရရင် လဲ ထမင်းမေ့ ဟင်းမေ့။ ကဗျာ လေး စာလေး တွေ လဲ ရေးပြီး ဟိုပို့ ဒီပို့။ ဒါပေမဲ့ဘယ်မှာ မှ ဟုတ်တိ ပတ်တိ တော့ မဖြစ်ထွန်း ပါဘူး။ ကျောင်း မဂ္ဂဇင်း လေး တွေ နဲ့သူငယ်ချင်း တွေ စု ထုတ်ကြ တဲ့ ကဗျာ စာအုပ် လေးတွေက လွဲလို့ ဘယ်မှာ
မှဖော်ပြ မခံရ ဘူးပါ။ ရန်ကုန် တက္ကသိုလ်ကြီး ကို ရောက် တော့လည်း ကိုယ် မရောက်ခင် နှစ်က တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကို ထုတ်ခွင့် ပိတ် ခံ ထား ရ တယ်လို့ ကြား ရ တယ်။ ကလောင် သွေး ခွင့် မရ ခဲ့ ပါဘူး။ ကျောင်းပိတ် လို့ ပြန်လာ တဲ့ အစ်ကို အစ်မ တွေ ပြောကြ တာ တော့ ၁၉၈၃-၈၄ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း မျက်နှာဖုံး က ပြဿနာ တက်တာ တဲ့။ မဂ္ဂဇင်း ရဲ့ ရှေ့ဖုံး ကို မောင်မြင့်ဌေး ဆိုသူ က ရေးဆွဲပြီး နောက်ဖုံး ရေးဆွဲသူ ကတော့ `လှမိုး´ လို စာအုပ်မှာ ဖော်ပြထား ပါတယ်။
စာအုပ် ၄ အုပ်ရဲ့ ကျောဖုံး ပုံချင်း ဆက်လိုက်ရင် `လွမ်းသူ့ ပန်းခွေ´ ပုံ ဖြစ်သွား တယ်ဆို လို့ဆက်စပ် ကြည့်ကြ။
မျက်နှာဖုံး မှာလည်း တချို့ ပုံ တွေဆိုမှန်ထောင်ပြီး ကြည့်ရင် အားကစား လုပ်နေ သူတွေ ရဲ့ ပုံ က နေ `ကျောင်းသား အရေးအခင်း တစ်ခုမှာ စစ်သား တွေက ကျောင်းသားတွေကို လှံစွပ် နဲ့ ထိုးနေပုံ´ ကို သွားတွေ့ ရ ပြန်ရော။
စာအုပ် ကို ဇောက်ထိုး ကြည့် လိုက်ရင်`အသုံးလုံး´စာသင် နေတဲ့ ပုံတွေ က နေမကြေနပ် လို့ ကျစ်ကျစ် ပါအောင် ဆုပ် ထားတဲ့ လက်သီးဆုပ် တင်းတင်း ကြီး ဖြစ် သွားရော။ ဟော.. ဒါ ကတော့ ဦးသန့် အလောင်း ကို ကျောင်းသား တွေထမ်း လာပုံ။ ဒီမှာက ဗိုလ်ချုပ် အောင်ဆန်း ပုံ။
`ဟယ်...ကြည့်စမ်း ဘွဲ့ ၀တ်စုံ ၀တ်ထားတဲ့ သူက ခေါင်းမှာ အပေါက်ဟောင်းလောင်း ကြီး .. ဘွဲ့တွေသာ ရပေမဲ့..ဘာမှ ခေါင်းထဲ မရဘူးလို့ ဆိုချင်တာ နေမယ်...ဒါကြီးက လူသေ ခေါင်းခွံကြီး၊ အရေး အခင်း တွေမှာ အသတ် ခံရတဲ့ ကျောင်းသား အရိုး တွေ ကို ဖော် ထားတာ။ သူတို့ ကျောင်းမှာ သိလာ သမျှပြောပြ နေတဲ့ အစ်ကို အစ်မတွေ ပြတဲ့ ပုံတွေကို ကြည့်ရင်း ကြက်သီး တမြမြ၊သွေး တကြွကြွ၊ အံ တကြိတ်ကြိတ်။
ဒါမျိုး ကိုယ် သုံးတန်း ကျောင်းသူ ဘ၀က တစ်ခါ ကြုံဖူး ပါတယ်။ ၁၉၇၄ ဦးသန့် အရေးအခင်း အပြီး ထွက် လာတဲ့ နှစ်လည် မဂ္ဂဇင်း စာအုပ်ကို ၇၄ အရေးအခင်း မှာ ပါခဲ့တဲ့ ကျောင်းသား ဟောင်း ဦးလေး က ၆၂ အရေးအခင်း ကျောင်းသား ဟောင်း ကိုယ့်ဖေဖေ ကို လာပြ တာပေါ့။ ငယ်သေး လို့ သိပ် မမှတ်မိ ပေမဲ့ ဖေဖေ တို့ရဲ့ နာနာ ကျည်းကျည်း ပြောသံ ဆိုသံ တွေနဲ့ အတူ မဂ္ဂဇင်း မျက်နှာဖုံးပုံ ပေါ်က သွေးစွန်း နေတဲ့ ကွန်ဗို ကေးရှင်း ပုံ ၊ အင်းလျား ကန်ထဲက ကျွန်းကလေး တွေကို ပုံဖော် ဆွဲထားတဲ့ စုတ်ချက် တွေက`နေ၀င်း သေပါစေ´ ဆိုတဲ့ စာလုံးတွေ ဖြစ်နေပုံ။
စစ် အာဏာရူး တို့ လက်ချက် နဲ့ လက်နက်မဲ့ ကျောင်းသား တွေ သွေးမြေ ကျခဲ့ ရတဲ့ ကြေကွဲ ဖြစ်ရပ် တွေဟာ အခွင့် သာ တိုင်း ကမ္ဘာ မကြေစွာ ပြန်ပေါ် လာစမြ ပါလား။ ဘယ်လိုမှ ဖျောက်ဖျက် မရ ပေမဲ့ အာဏာရူး ပီပီ၊ အာဏာ သုံးပြီး ကျောင်းသား တွေရဲ့ လွတ်လပ် စွာ ဖော်ထုတ်ခွင့် တွေကို တားဆီး ပိတ်ပင် မြဲ။ သည်တော့ ကိုယ် တက္ကသိုလ် မြေမှာ ခြေချ ခဲ့ရတဲ့ ၂ နှစ်တာ ကာလမှာ ရန်ကုန် တက္ကသိုလ် ပန်းချီ ခန်းလေးက အမှောင် လွှမ်းသော ခေတ်မှာ၊ သော့ခတ် ချိတ်ပိတ် အသံတိတ် လို့ပေါ့။ ကိုယ်ကတော့ ပန်းချီခန်း လေးနား ရစ်သီ ရစ်သီ ကြည့်ရင်း၊ ကိုယ့် ကျောင်း မဟုတ်တဲ့ စက်မှု တက္ကသိုလ် ရဲ့ ပန်းချီ သင်တန်း ကိုပဲ မျက်နှုာ ငယ်ငယ်နဲ့ တက်ခဲ့ ရတာ။ ဆရာ ကတော့ ဆရာကြီး ဦးလွန်းကြွယ် ပါ။
ယောက်ျားလေး တွေ ကြားထဲမှာ သင်တန်းသူ မိန်းကလေး က ကိုယ် အပါအ၀င် ၃ ယောက်တည်း ရယ်လေ ။၃ယောက်လုံး စက်မှု တက္ကသိုလ် က မဟုတ်ကြ။မိန်းထဲမှာ ပန်းချီ သင်တန်း မဖွင့်ဖြစ်လို့ လာတက်ကြ သူတွေ။နောက်ဆုံးနှစ် ကျောင်းပိတ် ခါနီး မှ ပန်းချီ သင်တန်း အတူ တက်တဲ့ အီကိုကသူငယ်ချင်း က ပြောလို့ မိန်းထဲမှာ ပန်းချီခန်း လေး ပြန်ဖွင့်ခွင့် ရတာ သိရ တယ်။
အပြေးအလွှား သွားခဲ့တော့ အဲသည် အခန်းလေး ကို သိမ်းဆည်း ရှင်းလင်း နေတဲ့ ပန်းချီမမွှေး က နွေးနွေး ထွေးထွေး ကြိုဆိုရင်း `တို့တွေ အာရ်စီ ထဲမှာ ပန်းချီ ပြပွဲ လုပ်မယ် ညီမတို့ ပုံတွေ ဆွဲတင် နော်´ တဲ့။ ကိုယ်က ထုံးစံအတိုင်း မ၀ံ့မရဲ။ `ညီမ သိပ် မဆွဲတတ် ပါဘူး အစ်မရယ်´ပေါ့။ တကယ်တော့ အဲသည် မတိုင်ခင် အီကို မှာလုပ်တဲ့ ပန်းချီ ပြပွဲလေး တစ်ခု မှာ ကိုယ့် ရေဆေးကား မှုန်ဝါးဝါး လေး၃ ပုံ တင်ဖူးတယ်။ ဆရာ ဦးခင်မောင်ညို (ဘောဂဗေဒ) ဆီမှာ ၃ ပုံကို ခြောက်ကျပ် လားမသိ ပြပွဲတင်ခ ပေးခဲ့ ရတာ၊ ပြန်တွေး ကြည့်ရင် ရီစရာ။ ပန်းချီပြပွဲ နေ့မှာ သူငယ်ချင်း တွေကို မပြောပဲ တိတ်တိတ် ကလေး သွား ကြည့်ပြီး ကိုယ်ဆွဲတဲ့ ပုံလေး တွေ ချိတ်ထားတာ တွေ့ရ မှ ၀မ်းတွေ သာလို့။ ကိုယ်တင် တဲ့ ပန်းချီကား ထဲက တစ်ပုံတော့ မှတ်မိ တယ်။ လယ်သမား အဖိုးအိုကြီး တစ်ယောက် ရဲ့ မျက်နှာ အနီးကပ် ပုံ။ မျက်နှာရှေ့မှာ လက်သီး ကို ကျစ်ကျစ် ဆုပ်လို့၊ မျက်လုံး တွေက မျက်ရည် တွေနဲ့ နီ လို့၊ ပြပွဲ အပြီး မှာတော့ ရှက်လို့ ကိုယ့် ပန်းချီကား တွေ ပြန်မယူ ဖြစ်ပါ။ အဲဒီ တုံးက ကိုယ်က ပန်းချီနဲ့ ပတ်သက်လို့ ၀ါသနာ အလျှောက် ထင်သလို ဆွဲနေတာ။ဆေးတို့ စုတ်တံတို့၊ စက္ကူတို့ကို လဲ ရှိတာ လေးနဲ့ ဆွဲချင်သ လိုဆွဲနေ တာလေ။
နောက်တခါက အာအိုင်တီ ပန်းချီ သင်တန်း ဆင်းပွဲမှာ လုပ်တဲ့ ပန်းချီပြပွဲ မှာ ကိုယ့်ပုံ လေးတွေ တင်ဖူးတယ်။ကိုယ်တက်တဲ့ ပထမနှစ် ပန်းချီ သင်တန်း က အခြေခံက စသင်တာ ဆိုတော့ ခဲနဲ့ ဆွဲတာ တွေကိုဘဲ အရင် စ သင် ရတယ်။နှစ်ကုန် ခါနီးမှ ရေဆေးနဲ့ ရေမျှော တာတွေ ကို အရောင် မပါဘဲ မိုနိုတုံးနဲ့ ဘဲ သင်ရတယ်။ သင်တန်း ဒုတိယနှစ် မှ အရောင်တွေ ကို စသင် ရမယ်။ ဆရာ ဦးလွန်းကြွယ် က မိုနိုတုံးနဲ့ မကျွမ်းကျင် သေးခင် အရောင်တွေနဲ့ ဆွဲတာတွေ သိပ်အား မပေးပါ။ ဒီတော့ သင်တန်း ဆင်းပွဲ မှာ ကိုယ်က အခြေခံ စသင် တဲ့ ပွိုင့်လေးတွေ ကို ဆက်ပြီး `ပွိုင့်များဧ။် စစ်မျက်နှာ အဖွင့်´ ဆိုတဲ့ ခေါင်းစဉ် နဲ့ စစ်တုရင် ခုံပေါ်မှာ နယ်ရုပ် ကလေးတွေ စရွှေ့ထားတဲ့ ပုံလေး ဆွဲတင် လိုက်တယ်။အဲလိုဘဲ သင်ခန်းစာ တခုတိုင်း အတွက်တပုံစီ ဆွဲ တင်တယ်။ နောက်ဆုံး မိုနိုတုံးနဲ့ ရေမျှောတဲ့ ပုံကလေး ကိုတော့ ကိုယ်တို့ ရင်ထဲမှာ ငယ်ငယ် ထဲက စွဲထင် နေခဲ့တဲ့ သမိုင်းပုံရိပ် ကလေး တခုကို ဆွဲတင် လိုက်တယ်။ခေါင်းစဉ်က `ဗိုလ်အောင်ကျော် အမှတ်တရ´။အဲဒီ ပန်းချီကားကို ဆွဲဖို့ မန္တလေးဆောင် ရှေ က သမိုင်းဝင် ကျောင်းသား သမဂ္ဂ ၀င်းကြီး ရဲ့  ၀င်ပေါက် အုတ်ခုံလေး ပေါ် ထိုင်ပြီး ဗိုလ်အောင်ကျော် အမှတ်တရ အုတ်ဂူလေး ကိုပုံကြမ်း ကြည့်ဆွဲ တယ်။ နောက်ခံက ကွပ်လပ် ဖြစ်နေ တဲ့ သမဂ္ဂ နေရာ ဟောင်းကြီး ရယ်။နောက် ဝေးဝေးက အားကစားရုံ ကြီးရယ်။ အိမ်ရောက်မှ အရောင် သွင်း တော့ တကားလုံး ကို အနီရောင် ဆေး မိုနိုတုံး နဲ့ ရေမျှော လိုက်တယ်။အနှစ်နှစ် အလလ က နာကျင် ခံစားချက် တွေကို တကားလုံး သွေးရောင် လွှမ်းနေတဲ့ ပန်းချီကား လေးထဲကို စီးမျော ထဲ့သွင်းပြီး ဆွဲ လိုက်တယ်။
+++
သင်ကြုံကြိုက် လို့ ရောက်ရှိတဲ့ အခါ.....လာ ကြည့်စမ်းပါ....
ယူနီယံ ဟောင်း တနေရာ...
ယူနီယံ ဟောင်း တနေရာ....
မသဲမကွဲ ရှိလဲရှိမှာ....သဲသဲ ကွဲကွဲ..ရှိလဲ ရှိမှာ..
.သွေးစက် တွေလဲ..တ၀က် တပျက်..ဆက်လက် ရှိဦး မှာ....
ဖက်ဆစ် နယ်မြေ...သင် ဖွေရှာ....
ယူနီယံေ ဟာင်း အဲဒီ တနေရာ......
+++ +++++
ပြပွဲ နေ့မှာ ကိုယ့် ပန်းချီကား တွေ အားလုံး ကို ဆရာကြီး ဦးလွန်းကြွယ် က`သင်တန်းရဲ့ မှတ်တမ်း အနေနဲ့ တနေရာ ထဲမှာ စုပြ ထားဖို့ စီစဉ်တယ်။အဲဒီတော့ သင်တန်း မှတ်တမ်း ပန်းချီကားများ ဆိုတဲ့နံမယ်ဘဲ တပ်လိုက် တယ်။` ဗိုလ်အောင်ကျော် အမှတ်တရ´ဆိုတဲ့ ခေါင်းစဉ် ကလေးမတပ် ခံရ ဘူး။
ပြပွဲနေ့ မှာ ကိုယ် သွားကြည့် တော့ အနီရောင် ဆေးမျှော ပန်းချီကားလေး ဟာ ခေါင်းစဉ်မဲ့ လို့။ဒီပုံထဲက ကျောက်တိုင် ပုပု ကလေးနဲ့ သွေးရောင် လွှမ်းတဲ့ ကွပ်လပ်ကြီးဟာ ဘယ်နေရာ က ဘာကို ပြောချင်နေ တယ် ဆိုတာလူတွေ သိချင်မှ သိတော့မယ်။ ဒီ ပန်းချီ ပြပွဲ အပီး မှာ တော့ ကိုယ့်ပန်းချီ ကားလေးတွေ တခု မကျန် အကုန် ပြန်သိမ်း ဖြစ်ခဲ့ တယ်။
ရန်ကုန် တက္ကသိုလ် ပန်းချီခန်း က လုပ်တဲ့ အာရ်စီ ထဲက ပြပွဲ မှာတော့ ကိုယ် ဘာပုံ မှ မတင် ဖြစ်ပါ။ အကြောင်း က ဒီလို....အဲဒီနေ့ က မမွှေးနဲ့ အတွေ့မှာ ` ညီမတို့ ၂ ယောက် ကို ပန်းချီ ပြပွဲ ဖွင့်ပွဲမှာ ဖဲကြိုး ဖြတ်ဖို့ဖဲကြိုးလေး ကိုင်ပေးနော်´ `ဒုက္ခော ... အဲဒါ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်တဲ့ ကိစ္စ´ `ဟာ..မလုပ်ချင်ပါဘူး အစ်မ ရယ် ..´ ဆိုတော့ ပြော မရ။`ဖဲကြိုး လည်း ကိုင်ပေး ပန်းချီကား လည်း တင်´ တဲ့။
`ကျမက အရောင် တွေ သိပ်မဆွဲ တတ် သေးဘူး။ မိုနိုတုန်း ပဲ ရတယ်´ ဆို တော့ `မိုနိုတုန်း လည်း
ဆွဲတတ်ရင်ကောင်းတာ ပဲ တင်သာ တင်ပါ ညီမ´။ အီကိုက သူငယ်ချင်းကလည်း `ဖဲကြိုးလေး ကိုင်တာ များ ဘာခက် လဲ´ တဲ့လေ။ ကိုယ်လည်း ရောယောင်ခေါင်းညိတ်ခဲ့ပေမဲ့ ပြပွဲ ဖွင့်တဲ့ နေ့မှာ မသွား ဖြစ်ပါ။ရန်ကုန် တက္ကသိုလ် ပန်းချီ ပြပွဲရဲ့ ဖွင့်ပွဲ မှာ ဖဲကြိုး ကိုင်မဲ့ သူတွေ ပေါမှ ပေါ။ ကိုယ်မသွား လည်း ဘာမှ မဖြစ်ဘူး လေ။ ဆွဲပြီးသား ကိုယ့်ပုံ လေးတွေ ကို တင်ရ မှာ မ၀ံ့မရဲ ဖြစ်ပြီး မတင် ဖြစ်ပါ ဘူး။ ကိုယ်တို့ ဆရာ ဓာတုဗေဒ က ဒေါက်တာ ခင်မောင်ညို က ဆရာ တီ ကောင်လေး တွေ ဆွဲထား တယ်လာ ကြည့်ကြ လို့ စာသင်ခန်း ထဲမှာ ဖိတ်ခေါ် ထားလို့ နောက်နေ့ တွေမှ တိတ်တိတ် ကလေးသွားကြည့် ခဲ့တယ်။
အဲသည် အချိန် တုန်း က ကျောင်းထဲ မှာသာ ပန်းချီ ပြပွဲ တွေ သိပ် မရှိတာ ကျောင်းရှေ့ ပြည်လမ်းပေါ် က ယုဒဿန် ပန်းချီ ပြပွဲ တွေ တော့ ကိုယ် အလွတ် မပေး အမြဲ ကြည့်ဖြစ် တယ်။
နောက်နှစ် ကျောင်းပြီးလို့ နယ် ပြန်ရောက်။ ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်ပြီးတဲ့ နောက်ပိုင်း မှာတော့ ပန်းချီနဲ့ အလှမ်းဝေး သွားခဲ့ ရတယ်။ နောက် ၀ါသနာ တမျိုးအရ မဂ္ဂဇင်း တွေကို ကိုယ် ရေးထားတဲ့ စာတွေ ကဗျာတွေ စာတိုက်က ပို့ဖူး တယ်။ ကိုယ့် စာလေး တွေ ကဗျာလေး တွေ ပါ မလားလို့ တောမြို့ လေး ကနေ တစောင့် စောင့်နဲ့။ သည်လောက် ပါပဲ။
ခုတော့ အင်တာနက်ေ ခတ် ဘလော့ဂါ ခေတ်။ ညီမလေး က အားပေး တယ်။ မမ ကဗျာတွေ စာတွေ ပို့လိုက်။ ညီမ ဘလော့မှာ တင် ပေးမယ် ဆိုလို့ လေးငါးပုဒ် ရေးလိုက် တယ်။ကိုယ့် စာလေး တွေ ကဗျာလေး တွေကို ကောင်းကင် ပေက နံရံကပ် စာစောင် မှာ ၀ိုင်းဝန်း ဖတ်ကြ အားပေး ကြတဲ့ ညီမလေး ရဲ့ ဘလော့ဂါ မိတ်ဆွေ တွေ ကိုလည်း ကြည်ကြည် နူးနူး ကျေးဇူး တင်လို့ ပေါ့။
ဒါပေမဲ့ တစ်ခု သွား တွေးမိတယ်။ အလည် လာသူတွေ က သူ့ ဘလော့ကို ဖတ်ချင်လို့ လာတာ။ ကိုယ်က ပြည်သူ့ဆိုင် က ရောင်းမစွံ တဲ့ တိုင်ယာ ဖိနပ်နဲ့ ရွှေဝါ ဆပ်ပြာ တွဲ ထုတ် သလိုများ ဖြစ်နေ မလား။ သူ့ ဘလော့ ပရိသတ် တွေကို စော်ကား သလိုများ ဖြစ်နေ မလားလို့ တွေးရင်း သူ့ဆီ
အသစ် ထပ်မပို့ပဲ ရပ်ထား လိုက်တယ်။
ဒါပေမဲ့ ဆိုင်းသံ ကြားရင် ကချင်တဲ့ သူလိုပဲ မရေး ရရင် မနေ နိုင်တဲ့ ကိုယ်က ကိုယ်ပိုင် ဘလော့လေး တစ်ခု လိုချင်မိတယ်။ အပိတ် အဆို့ အကျော် အလွှားတွေ သုံးလို့ ဟိုစမ်း သည်စမ်း လုပ် မရတဲ့ အဆုံးမှာ ညီမလေး ကို ဘလော့ တစ်ခု လုပ်ပေးဖို့ ပူဆာ မိတယ်။ ဒါနဲ့ သူ ကလည်း တားမရလို့ အိမ်ခွဲ ဆင်းပေး လိုက်တယ် တဲ့။ တကယ် တော့ ဘလော့ အိမ်ကြီး ရခိုင် မဟုတ်ရ ပါကွယ်။ ဘလော့ တဲကုပ် ကလေး ပါနော်။ `တဲကုပ် ကလေး´ ထဲ ကနေ ကိုယ် တွေးမိ ရေးမိ တာလေး တွေကို တင်ရင်း အဝေး ကပဲ တိတ်တိတ် ကလေး လှမ်းမျှော် ကြည့် နေနိုင် တယ်လေ။
အင်တာနက် လို င်းတွေ ကောင်း ရင် ပေါ့။
ကဲ ခုတော့ ညီမလေး က ကိုယ့်ကို ဘလော့လေး တစ်ခု လုပ် ပေးလိုက် ကြောင်း ကျန်တဲ့ ညီအစ်မ တွေကို ပါ သတင်း ပို့ လိုက် တော့ သူတို့ ဘာတွေ ပြောကြ လဲ.....သိလား။
`ဟိုက်.. တို့ရဲ့ ဖုန်ထူထူ မြို့ ကလေးက အိမ် ကလေး တော့ ပင့်ကူမျှင် တွေ အမှိုက် တွေ ဖုန်တွေ တလိမ်းလိမ်း နဲ့ နေ တော့မယ်´တဲ့။
`အိမ်သား တွေတော့ ဟင်းခွက်တွေ လျော့ တော့ မယ်တဲ့´ အားပေး လိုက် ကြပုံ များ...။
ကိုယ် ကတော့ ကောင်းကင် နံရံကပ် စာစောင် က တိမ်ကလေး တွေကို အားရင် အားသလို ဆေး ခြယ် ပါဦး မယ်။
2 comments:
ReplyDeletezizawa said...
ခြယ်ထားတဲ့ကားလေးတွေ လာကြည့်မှာပါ။ ရဲရဲသာခြယ်။ ပျော်ပျော်ကြီးသာခြယ်ပေတော့ အမရေ့။
April 29, 2010 2:53 PM
နှင်းစက် said...
အားပေးမည် ဆက်သာလုပ်.. (ဟင်းခွက်နဲတာတော့ဘာမှဖြစ်လောက်ပါဖူး ဒီမှာတောင် ကိုယ့်ကြက်ဥကိုယ်ကြော်စားပီး အားပေးနေရတာ) :P
May 2, 2010 7:27 AM
မနီရေ
ReplyDelete၈၃ ၈၄ စာအုပ်က တကယ်ပဲနော်။ မအယ်လည်း အကိုပြလို့ ကြည့်ရတယ်။ ဆီလူးပြီး မှန်ထောင်ကြည့်ဆိုလို့ အမျိုးတွေ ၀ိုင်းကြည့်ခဲ့တာ အမှတ်တရပဲ။
ဘွဲ့လက်မှတ် ချိုးချတဲ့ ပုံတို့ စစ်ဗိုလ်ခေါင်းက တံဆိပ် ထမိန်မှာ ထိုးထားတာတို့ ဆွဲတတ်လိုက်တာ။
မအယ်
ဗိုလ်အောင်ကျော် အမှတ်တရ ပန်းချီကားလေး သိမ်းထားသေးရင် တင်ပါလား မမနီ။ စိတ်ကူးလေးကို စိတ်မှန်းနဲ့ ဖော်ကြည့်နေမိလို့ပါ။
ReplyDelete