Monday, May 10, 2010

ရေ - ရေ- ရေ ပေးပါ


ခြစ်ခြစ်တောက် ပူပြင်းသော နွေနေ က ဘယ်သူ့ ကိုမှ မညှာတာ။ လမ်းဘေး မှ အေးမြ အရိပ်ပေး သည့် သစ်ပင်ကြီး များ လဲ မရှိ တော့။ တနှစ်ထက်တနှစ် အညာ ဆန်လာသော အပုပိုင်းဇုံ ထဲ ရောက်မှန်း မသိ ရောက် လာသော ကျမ တို့ မြေလတ် ဒေသ ကလေးမှာ ဒီလောက် ရေဘေး ဒုက္ခ ကြုံနေ ရတာ ။ တသက်နဲ့ တကိုယ် မကြား ဖူး ခဲ့။

သတင်း တွေထဲမှာ ဖတ်ရ ကြားရသော ရေချို ရှားပါး ပြတ်လပ်မှု သတင်းများ.. ဧရာဝတီ တိုင်း နာဂစ် ဒေသမှသည် ရန်ကုန်တိုင်း ပဲခူးတိုင်း ၊ တနိုင်ငံလုံး အနှံ့။ ဟိုနေရာ ဒီနေရာကြားနေရာမှ ။ ခုတော့ ကိုယ့်အနား ရောက်လာပြီ။ အံ့သြယုံ မှင်သက်ယုံ စာနာယုံ နဲ့မရ။ ၀ိုင်းကြ ၀န်းကြရပြီ။ ကျမတို့မြို

့ကလေး အနီးမှ ရွာ ၁၀ ရွာ ခန့်မှာ သောက်ရေ သုံးရေ ပြတ်လပ်နေ ပြီတဲ့။



``အမရေ...တခါမှ မကြားဖူးဘူး။ ရေချိုတွင်း တွေလဲ အကုန်ခန်း၊ ကျီးကွင်းတွေ တောင်ပေါ်လို့။စက်ရေတွင်းတွေလဲ ရေမထွက်တော့ ဘူး။´´



``ဘယ်တုံးကမှ ရေမခန်းခဲ့ဖူးတဲ့ ဆောင်းဘဲကန်ကြီးလဲ ရွှံ့ အိုင်ကြီး ဖြစ်နေဘီ´´


``ဟဲ့....နင်တို့ အနားက အင်းမအင်း ကြီးကကော၊ဘယ်တုံးကမှ ရေမခန်းဖူးတာ´´


``မရှိတော့ ဘူး.. အမရေ... ခုနှစ် အစောကြီး ကတည်းက ရေခန်းလို့၊လူတွေ ငါးဝင် ပက်ကြတာ...ရေတပေါက်မှ မရှိတော့ဘူး။´´


``ဆည်မြောင်း် လက်တံ တွေကကော....ရေမရှိဘူး လား ဟဲ့´´


``အမကလဲဗျာ...ဆည်ရေ ဆိုတာ လိုချင်ရင် မလာဘူး။ မလိုချင်မှ ရေလွှတ်တာ.. အမလဲသိသားနဲ့´´


``ဟဲ့...လူတွေ ဒီလောက် ဒုက္ခရောက်နေကြတာ..ဘယ်သူမှ ရေလွှတ်ပေးဖို့ မစီစဉ် ကြဘူးလား။လိုအပ် သည်များကို စီစဉ် ညွှန်ကြား နေကြ သူတွေ...ဘယ်သွား အိပ်နေ ကြ သတုံး...´´



``သိပါဘူး အမရယ်... ရွာက လူတွေ သွားပြော ကြတာ ဘဲ... ဒါပေမဲ့ ရေလို ချင်ရင်...ရေလောင်း ရမယ်လေ.. ကျနော်တို့လဲ လောင်း ရလွန်း လို့..ရေတောင် မကျန် တော့ပါဘူး။ ခုခေတ်က ပုဒ်မ(၄)ေ လ... ပေးမှလုပ်တာ အမရဲ့... ´´


``တော်ပါတော့ဟယ်´´



+++



နောက်ဆုံးတော့ ကိုယ်မထူ လျင် ကိုယ် မထ ရသော ခေတ်ကြီးမို့ ကျမတို့ လူထု ကဘဲ ကိုယ်ထူ ကိုယ်ထ စတင် လှုပ်ရှား ကြပါဘီ... ထော်လာဂျီ တတ်နိုင်သူက ထော်လာဂျီ။ ဒိုင်နာကား..ဟိုင်းလတ်ကား...အဆင်ပြေရာ ကားများပေါ် မှာ တာလပတ် မိုးကာဖျင် တွေကို ကန် ဖွဲ့ပြီး ရတဲ့နေရာ က ရေကို ယူ... ရေလှူ ထွက်ကြပြီ။ ကျမတို့မြို့ ကလေးက ရေသိပ်မရှားသေးလို့ တော်သေးတယ်။ စက်ရေတွင်း ရှိသူ များ ကလဲ မလာသော လျှပ်စစ်မီး ကိုစောင့်မနေနိုင်။ မီးစက် မောင်းပြီး ရေတင်ကာ ရေလှူ သွားမယ့် သူတွေကို ရေလှူပြီး ရေကုသိုလ် ယူကြ။ ဘုန်းကြီးကျောင်း တွေထဲမှာ ရှိတဲ့ ရေတွင်း ရေကန် တွေက နေပြီး လူငယ်လေး တွေ ကိုယ်တိုင် ထမ်းပြီး ရေစု သူက စုကြ။ ထော်လာဂျီတွေ ပေါ်တင်ပြီး ရေလှူ ထွက်ကြ။ တလမ်းလုံး ရေအလှူ သွားကြတဲ့ ကားတွေ

မပြတ်ကြ။ ရေလှူ ထော်လာဂျီ စက်သံတွေ တညံညံ။



တတ်နိုင်သူတွေက သောက်ရေ သန့်ဗူး တွေဝယ်ပြီး သွားလှူကြ။ မီးသတ်ကား တွေနဲ့ ရေသွား လှူသူတွေ လဲရှိတယ်။ ရေလှူချင် သူက မီးသတ်ကား တစီးကို ကျပ်နှစ်သောင်း ပေးလျင် မီးသတ်ကားက ဆည်ရေရှိတဲ့ နေရာက ရေကို စုတ်ပြီး ရေသွား လှူပေး ပါ သတဲ့။ အလှူရှင် ကိုယ်တိုင် လိုက်လှူချင် သပဆို မီးသတ်ကားကြီး ပေါ်တက်စီးပြီး လိုက်သွားရုံ တဲ့......။


ရေရှားနေတဲ့ နေရာတွေက ရွာတွေဆိုတော့ ကျွဲနွားတွေ သောက်ဖို့ ရေတွေကလဲလို။သက်ကြီး ရွယ်အိွုေကလေးတွေ ကလဲ သောက်ရေ သာမက သုံးရေပါပြတ် နေတော့ အရမ်း ဒုက္ခရောက် နေကြတာပါ။ ရေအလှူကားတွေလာရင် ရေပုန်းတွေ ရေခွက်တွေ ရရာ ဆွဲပြီးေ ပြးထွက် လာကြတာမြင်ရတော့... နာဂစ် မုန်တိုင်းသင့် ဒေသ က လူတွေအတိုင်း။ ရေအလှူရှင် တွေမှာ မျက်ရေ စို့ပြီး၊ မရှိရှိတဲ့ ကြားက

နောက်နေ့ ရေလာလှူဖို့ ဆုံးဖြတ်ကြ။ တယောက်နဲ့ တယောက် လက်ဆင့်ကမ်း နှိုးဆော်ကြရင်း ရေလှူကားတွေ တနေ့ထက် တနေ့များ လာပေမဲ့ ဆင့်ပါးစပ် နှမ်းပက်သလို။


ဒီအတိုင်းသာ ရေရှည် ဆိုလျင် အားလုံး ဒုက္ခရောက်ကြတော့မှာ။ လက်ညှိုး ညွှန်ရာ ရေဖြစ်ရင် တော့လဲ ကောင်းသား။ ခုတော့ လက်ညှိုးတောင် ညွှန်ဖော် မရ.....။



+++++ +++++++



လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ကျမတို့ ဒေသက ချောင်းတွေ မှာ ရေနည်းပါး ခန်းခြောက် လာတာ သတိထား မိကြပေမဲ့...သာမန်ကာလျှံ ကာ နေမိကြတာ။ ဒုက္ခအိုးကြီး ဒီလောက် လျင်လျင်မြန်မြန် ကိုယ့်အနား ဆိုက်ရောက် လာမှာ မတွေးမိကြ။ ချောင်းထိပ်ဖျား တွေမှာ ဆည်တွေ ဆောက်ကြတာ။တချို့ ချောင်း တွေဆို ဆည်ရေလွှဲမြောင်း တာဘောင်တွေ ဖြတ်ဆောက်ကြတော့ ချောင်း အောက်ဖက်တွေကို ရေမစီး တော့လို့ ချောင်းတွေ ကော ကုန်တာ တွေ။ ပထမ တော့ ကိုယ် နဲ့ သိပ် မဆိုင်သလို။ ခုတော့ ဆည်ရေ ရဲ့ အကျိုး ကျေးဇူးကိုပြည့်ပြည့် ဝ ၀ မခံစား ရဘဲ ဆည်မြောင်း တွေ ဘုံးဘော လအော ဖောက်ခြင်းရဲ့ ဆိုးပြစ် တွေ ကိုတော့ ကောင်းကောင်းခံစားနေရပေပြီ။


တနိုင်ငံလုံးနေရာအနှံ့ ရေခမ်းခြောက်မှုတွေနဲ့ ရင်ဆိုင် နေရပေပြီ။ သောက်ရေ သုံးရေ ရှားပါး ပြတ်လပ်ခြင်း ဟာ တနှစ်ထက် ပိုပို ပူနွေးလာ တဲ့ ကမ္ဘာမြေပေါ်က လူသားတွေကို ခြိမ်းခြောက် နေလေပြီ။ ဒီထက် ပိုကြောက်စရာ ကောင်းတာက ကျမတို့ တနိုင်ငံလုံးရဲ့  အသည်းနှလုံး အသက်သွေးကြော``ဧရာဝတီမြစ်ကြီး´´ရဲ့  အနာဂတ်။



ယခုတောင် ဧရာဝတီ မြစ်ရေတွေ တနှစ်ထက် တနှစ် လျော့ပါးနေပြီတဲ့။ ဧရာဝတီ မြစ်ဆုံ ရေကာတာကြီး တည်ဆောက် ဦး မတဲ့။ ဧရာဝတီမြစ်ဆုံ ရေကာတာကြီး တည်ဆောက်ပြီးလျင် ဘယ်သူတွေအကျိုးရှိပြီး ဘယ်သူတွေ အကျိုးယုတ်မှာလဲ။ ကျမတို့ တိုင်းပြည်အတွက်တော့ အခုကြုံတွေ့နေရသော သဘာဝ ဘေးအန္တရာယ်များ ထက်ကြောက်စရာ ကောင်းသော ဘေးဆိုးများကို

လက်ကမ်းနေလေပြီ။ ကျမတို့ အားလုံး တယောက်မကျန် သဲကန္တာရ အတွင်းမှ ``ရေ....ရေ.....ရေ...ပေးပါ´´ လို့ အော်နေ ပါသော်လည်း ရေ လာလှူမယ့် သူတောင် ကျန်ပါဦးမလား။ ။



1 comment:

  1. အခုလည်း ပဲခူးဘက်မှာ ရေတွေ ခန်းကုန်လို့ လူတွေ အတော် ဒုက္ခရောက်နေကြတယ်။ ရေချိုတွင်းတွေလည်း မရှိတော့ ပြဿနာပါပဲ။ မြန်မာပြည်တွင်းမှာ သဘာဝ ပတ်ဝန်းကျင်ကြီး ပျက်ဆီးလာတာ အတော်ကို သိသာလာပြီ။

    ReplyDelete