Tuesday, May 18, 2010

ငွေမင်အောက်က ရတနာ


၁၉၉၁ခုနှစ်မှာပေါ့။
ပြင်ပရာသီဥတုကလဲ မိုးဦးကျကို မိုးမရွာဘဲ အုံ့ဆိုင်းမွန်းကျပ်လို့။ နိုင်ငံရေးရာသီဥတုကလဲ မွန်းကျပ်ပိတ်ဆို့။ ဒီလိုအချိန်မှာ အမျိုးသား စာဆိုကြီး ဆ၇ာကြီး မင်းသုဝဏ်က ကဗျာ တပုဒ်ကို ခံစားချက် အပြည့်နဲ့ ရေးလိုက်ပါတယ်။``မိုးဦးဆုတောင်း´´တဲ့။
ဒါပေမဲ့ ...ဒီကဗျာလေးဟာ စာဖတ်သူ တွေဆီကို လွယ်လွယ် ကူကူ ရောက်လာ တာမဟုတ်ပါ။ အဲဒီအချိန်က...ငွေမင်သုတ်တယ်၊ ဆုပ်ဖြဲတယ် ဆိုတဲ့ မဂ္ဂဇင်းတွေ ကပ်ဆိုက် နေချိန်။ ဘယ် မဂ္ဂဇင်း မှာလဲ တော့ မမှတ်မိပါ။ ဆရာကြီးရဲ့  ကဗျာကလေးကို ငွေမင်တွေ ဖုံးလျက်သား နဲ့ ပါလာ ပါတယ်။ ဘယ်ရ မလဲနော်...ဓါတ်ဆီ ဆွတ်ထားတဲ့ ဂွမ်းစ ကလေးနဲ့ ဖြေးဖြေးချင်း ပွတ်တိုက်ပြီး တူးဖော်ကာ ခက်ခက် ခဲခဲ ဖတ်ခဲ့ ။ထပ်တူ ခံစား သိမ်းဆည်း ခဲ့။ ၁၉ နှစ် အကြာ ဒီနေ့ ရဲ့  မွန်းကြပ်မှုတွေနဲ့ သွားပြီး တထပ်တည်း ကျနေ တယ် ထင်လို့။ ပြန်လည် မျှဝေ လိုက် ပါတယ်။

+++++

``မိုးဦးဆုတောင်း´´
-
အိုက်လှပူလှ နေခက်လှဟု
နေ့ညညည်းကာ တို့သူငါသည်
ရွာပါမိုးမင်း တမ်းတလျက်။
တတမ်းတတ နွမ်းလျလျနှင့်
မိုးဝမျှော်ကာ၊နေကြခါဝယ်
တက်လာတိမ်ပုတ်၊နောက်တောင်က။
တက်လာတိမ်ပုတ်၊မိုးဝအုပ်သော်
မလှုပ်ယှက်သာ၊ပိုအိုက်လာသည်
ရွာပါမိုးမင်း၊တမ်းတမြဲ။
တမ်းတခိုက်မှာ၊မိုးဒေ၀ါသည်
မျက်နှာပေါက်ဆိုး၊ရှစ်ခေါက်ချိုးနှင့်
ဂျိုးဂျင်းဟိန်းဟောက်၊ချုန်းခြိမ်းပျောက်သည်
အောက်မှာကျွမ်းထိုး၊ဒို့အများ
မိုးကြိုးပစ်မှာပါလေလား။
မိုးဖြူမစဲ၊မိုးမဲမရွာရှေးဆရာတို့၊
မိန့်မှာသည့်တိုင်း တပိုင်းမှန်ကန်၊
တပိုင်းကျန်သည် မှန်ပါစေတော့ရှေးစကား
မိုးဖြူရွာသွန်းပါစေသား။
မျှော်လင့်စောင့်စား လူအများ
မိုးဖြူရွာပါ့၊ခုမနား
ကယ်ပါယူပါ အိုနတ်များ။ ။
မင်းသုဝဏ်

No comments:

Post a Comment