Saturday, December 18, 2010

`` အုတ် တံ တိုင်း နီ ရဲ့  အတွင်း တဖက် မှာ´´

ကားလမ်းမကြီး ဘေး က အုတ်တံတိုင်းနီ ကြီးရဲ့  အတွင်းတဖက်မှာ သူတို့ ရှိနေတာကိုလူတွေ သတိရကြသေးရဲ့ လား...။

ကားတွေ ဆိုင်ကယ်တွေက ပုံမှန် တ၀ီဝီ ဖြတ်သန်းသွားလာလို့...။ ဈေးသွား၊ ဈေး လာတွေ ရဲ့  စက်ဘီးဘဲလ် သံ တွေ.. သီချင်းဆိုသံတွေ..။ ဈေး သည် တွေရဲ့ ဈေး အော်ရောင်းသံတွေ..။ လူတွေ အားလုံး ပုံမှန် ဥဒဟို သွားလာ နေကြသံတွေ....။

ညဖက် လူခြေတိတ်ချိန်မှာ ဖြတ်မောင်းသွားတတ်တဲ့ အဝေးပြေး ကား ကြီးတွေ ရဲ့  အသံ ကို ကြားတိုင်း... ထူးအိမ် သင် ရဲ့  အမေ့ အိမ် သီချင်း လေးကို ခပ်တိုးတိုး ညည်းရင်း... အမေ့ အိမ်ကို သတိရကြစမြဲ...။ သူတို့ အနီးအနားမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းတော့ ရှိမယ်ထင်တယ်...။ မနက်စောစောမှာ အုန်းမောင်း ခေါက်သံနဲ့ အတူ... ကိုရင်လေးတွေ ရဲ့  စာ အံသံ တွေကိုလည်း ကြားရတတ်ရဲ့...။

ဟိုး... ခပ်လှမ်းလှမ်း ကနေ အသံချဲ့  စက်နဲ့ ဖွင့်နေကျ .... အစိန္တေယျ .. အစချီ တဲ့ ဗမာ သီချင်း သံလေးကလည်း.. မနက်တိုင်း ကြားနေကြ...။ အပြင်လောကရဲ့  လွတ် လပ် မှုသံစဉ်တွေက...... တိတ်ဆိတ်... ပိတ်လှောင်... ကျဉ်း ကြပ် နေတဲ့ သူတို့ ဆီ အုတ်တံတိုင်း နီကြီး ကို ဖြတ်ကျော် ၀င်ရောက် လာမြဲ....။

သူတို့ ဒီ နေရာကို ရောက်လာတာ ၂၀၀၈ ရဲ့  နိုဝင်ဘာ တစ်ညနေ...။ မှောင်ရီစ.. မြို့ ကလေး ရဲ့  ဘူတာရုံအိုအို ကလေး ကနေတဆင့်... မြို့ ပြင်ဘက်က နှစ်(၁၀၀)ကျော် သက်တမ်း ရင့်နေတဲ့ ဒီ အုတ် တံတိုင်း နီ ကြီး ရဲ့  အတွင်းကို .. ခေါင်း ငုံဝင်လိုက်ရ ပေမယ့်.. သူတို့ စိတ် တွေ ကတော့.. မ ငုံ့ လျှိုး ကြ...။

ကိုယ့် မြို့ ကိုလာတဲ့ ဧည့်သည်ကို ဒီလို ပုံစံ နဲ့ မကြိုဆိုချင်ရှာတဲ့ မြို့ကလေး က တိတ်ဆိတ်စွာ.. ၀မ်းပမ်းတနည်း.... ငြိမ်သက်လို့...။

ဒါပေမယ့် သူတို့ရောက်ပြီး သိပ် မကြာခင်မှာဘဲ မြို့ လေးဆီက စားစရာတွေ သတင်းစကားတွေ နွေးထွေး တဲ့ အားပေးသံတွေ ဟာ... သူ့နည်း သူ့ဟန်နဲ့ အုတ်တံတိုင်းနီ ကြီးကို ဖြတ်ကျော်ပြီး သူတို့ဆီကို အရောက် ၀င်လာကြတယ်...။

တစ်ရက်မှာ ငါးခြောက်ကြော်လေးတွေ ကြားမှာ၊ ကျစ်နေအောင် လိပ်ထားတဲ့ စက္ကူ လိပ်ကလေး က တဆင့် ... ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ဟာ သူတို့ဆီရောက်လာခဲ့တယ်....။

ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက် အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ စို့ လေး....တဲ့။

ကျေးဇူးတင်စွာနဲ့ ဒီကဗျာလေးကို ထပ်ကာထပ်ကာရွတ်ဆိုရင်း သူတို့အားတင်း ခဲ့ကြတာ.. ခုဆို... (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြန်ပြီ...။

သူတို့ ကို လူတွေ မေ့နေကြပြီလား....။
မေ့ မထားလောက် ကြ ပါဘူးနော်...။
တခါတခါ...သူတို့ရဲ့ ငယ်ရွယ် တက်ကြွတဲ့ အချိန် တွေ .....။
သူတို့ ဘ၀ပေးချစ်ခဲ့တဲ့ တိုင်း ပြည်အတွက်
အကျိုး ရှိရှိ အလုပ် လုပ် နေရမယ့် အချိန် တွေ ကို.... နှမျောသလို..။
ဘာလို့ များ... ဒီလို ကုန်ဆုံးစေရတာပါလိမ့်...။

သူတို့ ရဲ့  ဘ၀ကံ ကြမ္မာ ဟာ.. တိုင်းပြည် ရဲ့ ကံ ကြမ္မာ နဲ့ တထပ်တည်း ကျနေပါပေါ့ လား...။
တကယ်တော့၊ သူတို့ ဟာ... မြန်မာပြည်ရဲ့  နိုင်ငံရေး အကျဉ်းသမား (၂၀၀၀) ကျော်ထဲက
လူသိပ်မသိကြတဲ့ နိုင်ငံရေး အကျဉ်းသားတချို့  ပါ...။
ကိုယ်ယုံကြည်ရာကို မဆုတ်မနစ်လုပ်ဆောင်ကြလို့...
ဒီ အုတ်တံတိုင်း နီ ကြီး ထဲမှာ ပိတ်လှောင်ခံထားရတယ်...။
(၁၀) နှစ်ကျော် အချိန်ကာလတွေကို၊ သူတို့ တကယ်ဘဲ .. ဒီအထဲမှာ အကျိုးမဲ့ ကုန် လွန်ရတော့ မှာလား...။

အေးစက်နေတဲ့ တမံတလင်းတွေ ပေါ်မှာ ဆောင်းရာသီရဲ့  ခပ်ကြမ်းကြမ်း အအေးဒဏ်ကို ခံရင်း...။
သံတိုင်တွေ ကြားကနေ... တခါတလေ ရှားရှားပါးပါး မြင်ရတဲ့...နေရောင်ခြည် နွေးနွေးကို
လက်ကလေးတွေ ထုတ် လှုံ ရင်း...။
နောက်တနေ့ အတွက် အသက် ဆက်ဖို့ စိတ်ဓါတ် ခွန်အားတွေ၊ ကိုယ်ခန္ဒာ အင်အားတွေကို
အစွမ်း ရှိ သမျှ ကာကွယ် တည်ဆောက် လို့ ပေါ့...။
တခါတရံ အပြင်ကနေ ရှားရှားပါးပါး ရလာတဲ့ သတင်းလေးတွေကို
အငမ်းမရ နားစွင့် နေရင်း ..... တနေ့မှာ...
သူတို့ ချစ်တဲ့ အမေစု လွတ်မြောက်တဲ့ သတင်းကလေး ကို ၀မ်းသာ အားရ ကြားလိုက်ရတယ်...။

ဘာတွေ ဆက်ဖြစ်လာမလဲ....။
သူတို့ ဘ၀နဲ့ ရင်းပြီး ချစ်တဲ့ တိုင်းပြည်ကြီး မှာ ဘယ်လို အပြောင်းအလဲကောင်းတွေ
ပေါ်ပေါက် လာလေ မလဲ....။.....လဲ.။....လဲ။

နေ့ တစ်နေ့ ကုန်ဆုံး သွားတဲ့ ညမှောင်မှောင်မှာ
နာရီခေါက်သံတွေ.... လူသံ မပီသတဲ့ ဘာရာအော်သံတွေ ကြားမှာ၊
အိပ်မပျော် လူးလိမ့် ရင်း နောက်တနေ့ ရဲ့  မိုးသောက်မနက်ကို စောင့် မျှော်ရင်း...
တိုင်းပြည်ရဲ့  ကျက်သရေ ရှိ မယ့် အရုဏ်တက် မနက်ခင်းတွေ ကိုစောင့် မျှော်ရင်း...
သူတို့တွေဟာ အုတ်တံတိုင်းနီကြီးရဲ့  အတွင်း တဖက်မှာ
အချိန်တွေကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်း နေကြ ပါတယ်....။ ။

(နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် အမြန်ဆုံးလုံးဝ လွတ်မြောက်ပါစေ..)

1 comment:

  1. ဘယ်လို ခွန်အားတွေနဲ့ မေ့ထားနိုင်ပါ့မလဲ..
    လူချင်း မနီးကြပေမဲ့ စိတ်ချင်း တသားတည်းကျတဲ့ ညီအကို မောင်နှမတွေပဲ။

    ReplyDelete