အဲဒီနေ့က...မိုးဖွဲဖွဲလေးကျနေတဲ့ကြားမှာ... စက်ဘီးကလေးစီးပြီး....ကျောင်းတက်ဖို့လာခဲ့တယ်...။
စိတ်ထဲမှာ.. `ဒီနေ့ ..ဘာတွေ ဖြစ်လာမလဲ´ဆိုတာ စိတ်စောနေမိတယ်..။ အဲဒီအချိန်မှာဘဲ.. အရှိန်ပြင်းပြင်း မောင်းလာတဲ့...ကားတစီးဟာ....ကျမနံဘေး ကနေ ဖြတ်ပြီး..ကျောင်းဝင်း ထဲကို... .ရေးကြီးသုတ်ပြာ.... ၀င်သွားတယ်။ မြို့နယ်ကောင်စီဥက္ကဌ ဗိုလ်မှူးနဲမြို့နယ်ရဲမှူး အပါ အ၀င် ....မြိုနယ် အာဏာပိုင်တွေလေ..။ ဒီရက်တွေမှာ...သူတို့လည်း..ပျားတုပ်နေတာကိုး..။ ဒီနေ့က... ကျောင်းသားတွေ ..ပြည်သူတွေရဲ့ သွေးနီနီတွေနဲ့ စွန်းထင်းပေကျံနေတဲ့ ဦးနေ၀င်းရဲ့ ... မ.ဆ.လ အစိုးရကို..တတိုင်းပြည် လုံး အုံကြွ တော်လှန်ကြဖို့  ရက်ချိန်း ပေးထားတဲ့ .... သမိုင်းဝင်....၈ရက် ၈လ ၈၈ ..လေ။
သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်မယ့်နှစ်မှာ ... ကျမ က ကျောင်းပြီးစ ဆရာမပေါက်စ
ဘ၀နဲ့ စာမသင်ရသေးဘဲ.. .မြို့စွန်က.. အထက ကျောင်းရုံးမှာအလုပ်ဝင်နေရချိန်.....။
အဲဒီမနက်က ကျောင်းတကျောင်းလုံး ထူးထူးခြားခြား တိတ်ဆိတ်နေပြီး၊ မြို့နယ်ကောင်စီဥက္ကဌ ဗိုလ်မှူးနဲ့ မြို့နယ်ရဲမှူး တို့တွေရဲ့ စစ်ဖိနပ်သံကြီးတွေကဘဲ ကျောင်းကော်ရစ်တာ တလျှောက်မှာ......တဒေါက်ဒေါက်နဲ့ မုန်းစရာကောင်းအောင် ကြားနေရတယ်။
ကျောင်းသားတွေကတော့...ခါတိုင်းလို.....မဟုတ်ဘဲ..တိတ်ဆိတ်နေတယ်...။
မုန်တိုင်းမလာခင်...ငြိမ်သက်နေတဲ့..ပင်လယ်ပြင်ကြီး...လိုမျိုး။ ဆရာ ဆရာမတွေကလည်း..
ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့် နေရင်း..တချို့ က..ကျောင်းနံရံ တွေ မှာ
ကပ်ထားတဲ့ ဆန္ဒပြဖို့ နှိုးဆော်စာတွေကို... လိုက်ခွါတဲ့လူက..ခွါ။ တချို့ကတော့..ကျောင်းသားငယ်တွေကို ဆန္ဒပြမှုတွေ မလုပ်ကြဖို့ ချော့တခါ...ချောက်တလှည့်..ပြောနေကြတယ်..။ ဒါပေမယ့်..သူတို့လဲ..တာဝန်အရ..လုပ်နေကြပေမယ့် ပေါက်ကွဲကာနီး ဗုံးကြီးတခုလို ဖြစ်နေတဲ့...တိုင်းပြည်အခြေ အနေတွေ အရ... စိတ် လှုပ်ရှားနေကြပုံရတယ်..။
ဒီလိုနဲ့ နေ့လည် (၁၁)နာရီခွဲ.. ထမင်းစားကျောင်းဆင်းချိန် ရောက်လာပြီ။ မြို့နယ် ပညာရေးမှုး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမတွေနဲ့  မြို့ နယ်အာဏာ ပိုင်တွေ ဟာ လုံခြုံရေးသတိအပြည့်နဲ့ ကျောင်းဂိတ်ပေါက်ဝမှာ စောင့်နေကြတယ်..။ ကျမတို့ မြို့မှာလည်း... အထက ကျောင်းသားလေးတွေကနေ..စပြီး..ဆန္ဒပြကြမယ်လို့ သတင်းရထားတယ်..တဲ့ ..။မြို့ ထဲမှာလည်း လူတွေက.. တလှုပ်လှုပ်တရွရွနဲ့ ဒီနေ့ ကို စိတ်လှုပ်ရှားစွာ......စောင့်ကြည့်နေကြတယ်။ မြို့လည်...တိုင်းချစ်..ရုပ်ရှင်ရုံမှာ...အဲဒီရက်တွေမှာ...ပြနေတဲ့ရုပ်ရှင်ကားက...`ခြိမ်း၍မရွာသောမိုး´တဲ.့.။ တချိုကလည်း..ဒီနေ့ကို.. `ခြိမ်း၍ မရွာသောမိုး´ဘဲဖြစ်မှာပါလို့  ဆိုနေကြတယ်..။
ကျမ ..အလုပ်လုပ်နေတဲ့ ..ပညာရေးမှူးရုံးရဲ့ စာရေးကြီးကလည်း..ပညာရေးမှူးတွေနဲ့ အတူ ကျောင်း ဂိတ်ပေါက်ဝကို... ဆင်းလိုက်သွားတယ်။ သူ့သား ကိုးတန်းကျောင်းသားလေး ကလည်း...ကျောင်းသားတွေထဲမှာ.. လှုပ်လှုပ်ရှားရှား ရှိနေသူကိုး...။ စာရေးကြီးက....သူတို့ ငယ်ငယ်ကျောင်းသား သမဂ္ဂတွေရဲ့လှုပ်ရှားမှုတွေကို....အမြဲပြန်ပြောင်းပြောပြတတ်သူ..။ သူတို့ ခေတ်ကဆို.... ကျောင်းသားအရေးတွေအတွက်...ပညာရေးဝန်ကြီးအထိ တက်ပြီး သူတို့ ကျောင်းသားတွေ.. တောင်းဆိုခဲ့တာကို...အမြဲဂုဏ်ယူတတ်သူ။
ပြီးတော့...`မင်းတို့ ..ခုခေတ် ကျောင်းသားတွေ ငါတိုခေတ်က ကျောင်းသားတွေလောက် သတ္တိ မရှိ ပါဘူးကွာ´ လို့ ..ခဏခဏပြောတတ်ပေမယ့် သူ့ သား (၉)တန်းကျောင်းသားလေး ယူယူ လာတဲ့  `တို့နောင်တော်...ကျောင်းသားတွေ အသတ်ခံနေရပြီ..´ ဆိုတဲ့ လက်ကမ်း စာရွက်မျိုး ကလေးတွေ ကိုတော့ ရုံးထဲ ယူယူလာပြီး အချင်းချင်းလှည့် ဖတ်ဖို့ တိုးတိုးတိတ်တိတ်.. ပေးတတ်တယ်..။ အဲဒီအချိန်က ...လူထုကြားထဲမှာ...ရင်နင့်စရာပျံ့နှံတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ .. ၁၉၈၈ ခု... မတ်လဇွန်လ..ကျောင်းသား အရေးအခင်း တွေက... ကြေကွဲနာကျည်းစရာ ..ဖြစ်ရပ်တွေ..။
ဖမ်းဆီးခံကျောင်းသားတွေ .. လုံထိန်းကားထဲ မှာ ပိတ်မိမွန်းကြပ်. သေဆုံးခဲ့ ပုံတွေ..ကို ဦးအောင်ကြီးက... သူ့ ဆရာဦးနေ၀င်း ဆီ... (မသိဘူးထင်လို လားမသိ) အစီရင်ခံထားတဲ့ စာတမ်း ရှည်ကြီး ကို လည်း ကျမတို့  ရုံးထဲမှာ တိတ်တဆိတ်...လှည့် ဖတ်ကြတယ်..။ တကယ်တော့ .. တတိုင်းပြည်လုံးနီးပါး .... ပြည်သူတွေဟာ..ဦးနေ၀င်းနဲ့ မဆလ အစိုးရကို ရွံရှာ..မုန်းတီး...နာကျည်း...ဒေါသထွက်နေကြပြီ....။
ကျောင်းဆင်းခေါင်းလောင်းထိုးချိန်မှာ၊ ကျောင်းသားတွေဟာ ခါတိုင်းထက် တိတ်ဆိတ် စွာနဲ့ ကျောင်းဆင်း သွားကြတယ်..။ ခဏအကြာမှာတော့... ပညာရေးမှူးနဲ့အဖွဲ့က... ခုမှဘဲ စိတ်သက်သာ သွားတဲ့ ပုံနဲ့ ရုံးခန်းထဲကို ပြန်ဝင်လာကြတယ်..။ ရှေ့ဆုံးက၀င်လာတဲ့ စာရေးကြီးကလည်း ရုံးခန်းပေါက်ဝမှာ ဖိနပ်ချွတ်ရင်း သူ့ လက်သုံးစကားကို ရေရွတ်လိုက်တယ်...။
`မင်းတို့ ခေတ် ကျောင်းသားတွေ တို့ ခေတ်က ကောင်တွေလောက် သတ္တိ မရှိပါဘူးကွာ´တဲ့ ..။
ပြောလို့မှ စကားမဆုံးသေးဘူး... အ.ထ.က ကျောင်းဝင်းနဲ့ ကပ်ရက်......လျှပ်စစ်ရုံးရှေ့လမ်းမပေါ်ကနေ...
တခဲတနက်.... ကျယ်လောင်မြည်ဟီးတဲ့...ကြွေးကြော်သံကြီး... ထွက်ပေါ်လာပါတယ်..။ အ.ထ.ကကျောင်းသားလေးတွေရဲ့ `တို့ အရေး...တို့ အရေး´ ဆိုတဲ့  ကြွေးကြော်သံ ကြီး ပါဘဲ....။ ခုမှ ကျောင်းပေါ်ပြန်ရောက်ကာစ ပညာရေမှူးနဲ့  အဖွဲ့ ဟာ ကသောင်းကနင်း.. ကမန်းကတန်း နဲ့  ဆန္ဒပြ ကျောင်းသားတွေ ရှိရာ လမ်းမပေါ်ကို ပြန်ပြေး ဆင်းသွား ကြပါတယ်..။ ကျမလည်း...လုပ်လက်စ အလုပ်တွေ ကိုထားခဲ့ပြီး.... စက်ဘီးကလေး ကို တွန်းကာ.. ဆန္ဒပြ ကျောင်းသား တွေနောက်က.. လမ်းလျှောက် ရင်း လိုက်ခဲ့ ပါတော့ တယ်..။ အပြစ်မဲ့  လက်နက်မဲ့ ကျောင်းသားတွေ... .ပြည်သူတွေအပေါ်.. သူတို့ ရဲ့  ဆန္ဒကို ငြိမ်းငြိမ်းချမ်း ချမ်း ထုတ်ဖော်ပြသရုံ နဲ့ ရက်ရက်စက်စက်.... လူမဆန်စွာ၊ ပစ်ခတ်ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ အစိုးရကို၊ ကျမလဲ ရွံရှာမုန်းတီး၊ စက်ဆုပ်ကြောင်း၊ လူစိတ်ရှိတဲ့ ပြည်သူတယောက် အနေနဲ့  ပါဝင်ဆန္ဒပြ ရမှာပေါ့ နော်။
အစပိုင်းမှာ ကျောင်းသားလေးတွေ.. အဓိကကြွေးကြော် ကြတာက လောလောလတ်လတ်... မတရား
သတ်ဖြတ် ဖမ်းဆီးခံခဲ့ရတဲ့.. သူတို့ရဲ့ အကိုအမတက္ကသိုလ်ကျောင်းသားတွေအတွက်.... မကျေနပ်ကြတာတွေပါ..။ တက္ကသိုလ်အသီးသီးက ကျောင်းပိတ်လွှတ်လိုက်လို့  ကိုယ့် မြို့ ကို ပြန်ရောက်နေကြတဲ့ အကိုအမတွေ ဆီကကြားခဲ့ရတဲ့.. ၁၉၈၈ မတ်လရဲ့ ဖုန်းမော်အရေးအခင်း။ နောက်..အင်းလျားကန်ဘောင်မှာ ကျောင်းသားတွေရဲ့ သွေးစွန်းခဲ့တဲ့ တံတားနီ အရေးအခင်း..တွေကို၊ အခြေခံပါတယ်။ တဖြည်းဖြည်းနဲ့ ကျောင်းသားတန်းကြီးဟာ၊ ကျောင်းဆင်းလာတဲ့ လူအုပ်နဲ့ အတူတူ ရဲစခန်း ရှေ့ ကဖြတ်ပြီး မြို့ လည်ခေါင်ဖက်ကို ဦးတည်လာခဲ့ တယ်..။
မြို့ နယ်ကောင်စီရုံးရှေ့ က အဖြတ်မှာ အဲဒီ အချိန်က မြို့ နယ်ကောင်စီဥက္ကဌ ဗိုလ်မှူးက..ထွက်လာပြီး..
ကျောင်းသားအုပ်ထဲက သူ့ သူငယ်ချင်းရဲ့သားဖြစ်တဲ့...ဦးဆောင်သူလို့ ထင်ရတဲ့ ကျောင်းသား တယောက်ကို.. ၀င်ဆွဲပါတယ်။ ကျာင်းသားရဲ့ ရင်ဘတ် အင်္ကျီ ကော်လာစကို ဆွဲပြီး `မင်း...စာရေးကြီး.ရဲ့ သားမဟုတ်လား´ ဆိုပြီး ဆွဲထုတ်တော့ ကျောင်းသားငယ်တွေ ရှူးရှူးရှားရှား
ဖြစ်ကုန်ကြပါတယ်..။ အခြေအနေကို စောင့်ကြည့်နေတဲ့  မြို့ လူထုကလည်းဝိုင်းအုံ လာပါ တယ်..။ အဲဒီအချိန်မှာ...မြို့ နယ်ကောင်စီဝင်...တရားသူကြီးဖြစ်နေတဲ့  အထက ကျောင်းအုပ်ဆရာကြီးဟောင်းကလည်း ကောင်စီ ဥက္ကဌကို၊ အဲဒီလို မလုပ်ဖို့  တားလိုက်ပါတယ်။
အဲဒီအချိန်မှာ..ကျောင်းသားတန်းကြီးရဲ့ နံဘေးမှာ အဆင်သင့်စောင့်နေကြတဲ့ မြို့လူထုကလည်း အင်အားကောင်းကောင်းနဲ့  ၀န်းရံလိုက်ကြပါပြီ..။
တယောက်ယောက်က..မြို့ လည် အာဇာနည် ကျောက်တိုင် ဆီကိုချီတက်ကြမယ် လို့ဆော်သြလိုက်
သံနဲ့ အတူ..ဆန္ဒပြ လူတန်းကြီးဟာ..ကြွေးကြော်သံတွေကို တခဲတနက်ကြွေးကြော်ရင်း.. ဆက်လက် ချီတက် လာကြပါတယ်..။ လူအုပ်ထဲမှာ တက္ကသိုလ်ကျောင်းတွေပိတ်ထားလို့  နယ်တွေပြန်ရောက်နေတဲ့  တက္ကသိုလ်ကျောင်းသူ ကျောင်းသား တွေကိုလည်း တွေ့ နေရပါတယ်..။
စက်ဘီးကြီး ကန့် လန့် ကန့် လန့် နဲ့  လိုက်နေတဲ့  ကျမကို..အသိဦးလေး တယောက်က လွတ်လွတ် ကျွတ်ကျွတ် လိုက်ပါစေတော့..ဆိုတဲ့ သဘောနဲ့ ကျမဆီက... စက်ဘီးကလေးကို ..လာဆွဲယူ သိမ်းပေးထား ပါတယ်..။
အာ ဇာနည် ကျောက်တိုင် ရှေ့ မှာ ကျောင်းသားလေးတွေ ရပ်လိုက်ကြပါတယ်..။ သူတို့ လေးတွေ ရဲ့  နဖူးနဲ့ မျက်နှာလေးတွေကို..ပုဝါနီလေးတွေ နဲ့  စည်းနှောင်ထားတဲ့  အထက ကျောင်းသားလေးတွေဟာ.. ရုတ်တရက် ဘာဆက်လုပ်ရမှန်း မသိသလိုပါဘဲ..။ ဒါပေမယ့် သူတို့အားလုံးရဲ့ မျက်နှာ လေး တွေဟာ သွေးမြေ ကျခဲ့တဲ့ သူတို့ အကိုအမ ကျောင်းသားတွေ အတွက် တခုခု လုပ်ပေးကြဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင် ချ ထားဟန်အပြည့် နဲ့ ရဲရဲရင့်ရင့်ရှိလှပါတယ်.....။ သူတို့ မျက်နှာတွေကို ကြည့်ရင်း... ဘာလို့ လဲတော့မသိ... ကျမ ရုတ်တရက်..မျက်ရည်တွေဝိုင်းလာ မိပါတယ်..။ ဘာဘဲဖြစ်စေ..ဖြစ်စေတော့.. စိတ်ထဲမှာ သူတို့နဲ့ အတူတူ ပါဝင်ပူပေါင်းချင်စိတ်တွေ ဘဲ..တဖွားဖွားပေါ်လာပါတော့တယ်..။ ဆန္ဒပြလူအုပ်ထဲကို ပါဝင်ပူးပေါင်းလာတဲ့ မြို့သူ မြို့သားတွေ ဟာလည်း.. ကျမလို ..စိတ်ခံစားချက်မျိုး တွေ ပေါ်ကြမယ်ထင်ပါတယ်..။
အဲဒီအချိန်မှာ..ဆန္ဒပြ လူအုပ်ဆီကို ရဲအင်အားအပြည့် ကသေနတ်တွေ နဲ့  ချိန်ထားကြပါပြီ။
အာဏာပိုင်တွေကလည်း လူစုခွဲကြဖို့ လူစုမခွဲရင် ပစ်မိန့် ပေးတော့မှာဖြစ်ကြောင်း အသံချဲ့ စက်နဲ့ 
အော်နေပါပြီ..။ ခုနကျောင်းအုပ်ဆရာကြီးဟောင်းက၊ ကောင်စီဥက္ကဌဗိုလ်မှူးကို... ကိုယ့်မြို့သူမြို့သား ချင်း၊ ထောက်ထောက်ထားထားလုပ်သင့်ကြောင်း.... ချက်ခြင်း.ပစ်မိန့် မပေးသေးဖို့  နဲ့ ..ဆန္ဒပြ လူထု ကို သူ ပြောဆိုကြည့် ဖို့ အချိန်နဲနဲ ပေးဖို့  ပြောရင်း..ဆန္ဒပြ လူအုပ်ရှိရာကို ..၀င်လာပါတယ်..။ အဲဒီအချိန်မှာ ဆန္ဒပြ လူအုပ်ကြီးထဲကဘဲ ဘယ်သူကမှန်းမသိ.. စားပွဲတလုံးလာချ ပေးလို့  ကျောင်းသားလေးတယောက် က..စားပွဲပေါ်တက်ပြီး.... စကားပြောဖို.့....စပြင်လိုက်ပါတယ်..။
ဒါပေမယ်..ငိုအားထက်ရီအားသန်ဆိုသလို..စိတ်လှုပ်ရှားနေလို့လား.. အတွေ့အကြုံနုနယ် လို့လား.... သူပြောမိနေတာတွေက..သူတို့ ကျောင်းက သူတို့ သဘောမတွေ့ တဲ့ဆရာတွေအကြောင်း ဖြစ်နေပါတယ်..။
ဘယ်ဆရာကို တော့ အရက်သိပ်သောက်လို့ .. အိုပီလာမော့ .. လို့ ခေါ် တဲ့  အကြောင်းမျိုးတွေ
လျှောက်ပြောနေပါတယ်..။ ခုန ဆန္ဒပြ လူအုပ်ထဲ ၀င်လာတဲ့ ကျောင်းအုပ်ဆရာကြီးဟောင်းကဘဲ..
`ဟေ့ ကောင်တွေ ခုချိန်... အဲဒါတွေ လျှောက်မပြောရ ဘူးကွ´လို့တားတော့..ကျောင်းသား ထဲက တယောက်က..`ခင်ဗျားက..ကောင်စီကလူ..ဘာလာရှုပ်တာလဲ ´ လို့ ပြန်အော်ပါတယ်။
နောက်တယောက်က..`ဟေ့..အဲဒါ..တို့ ကျောင်းက ဆရာကြီးကွ.. ရန်ကုန်မှာ ကျောင်းသားတွေ အသတ်ခံ ရတဲ့  အကြောင်း ပြောမယ် ´လို့ ..စတင်နှိုးဆော် လိုက်ပါတယ်.....။
နောက်.အင်းလျားကန်ဘောင်မှာ..ရေထဲနှစ်သတ်ခံရတဲ့...ကျောင်းသူလေးတွေအကြောင်းတွေ..
ကျောင်းသူကျောင်းသားတွေရဲ့ သွေးတွေနဲ့... စွန်းထင်းခဲ့ ရတဲ့ တံတားနီအရေးအခင်း...အကြောင်းတွေကို..
ကျောင်းသားတယောက်က..စပြီးပြောပါတယ်..။ အဲဒီအချိန်က ဘီဘီစီ သတင်းဌာနက... အသံလွှင့် သွားတဲ့ ...ဖမ်းဆီးခံ ကျောင်းသူလေးတွေ... မတရားပြုကျင့် ခံရတဲ့ သတင်းကလည်း..လူထုကို ရင်ထုမနာဖြစ်နေခဲ့ ရချိန်။ ပြည်သူလူထု တရပ်လုံးဟာလည်း... ဆင်းရဲတွင်းနက်ပြီး.. အထွေထွေ မကျေနပ်မှု တွေနဲ့ ပြည့်နှက်နေချိန်ပါ....။ ဆန္ဒပြကျောင်းသားလေးတွေ.. အနားမှာ... .မြို့လူထု ပရိသတ်က.. များသထက် များလာပါပြီ..။
အဲဒီအချိန်မှာဘဲ... ဆန္ဒပြလူအုပ်အနီးမှာရှိတဲ့.. ဓါတ်ပုံဆိုင်ပေါ်ကနေ.. ဆန္ဒပြနေသူတွေကို....ဓါတ်ပုံ ရိုက်ယူနေတယ် ဆိုတဲ့ သတင်းက..လူအုပ်ထဲကိုရောက်လာပြီး..သွေးဆူသွားတဲ့  လူအုပ်ထဲကနေ..
ဓါတ်ပုံဆိုင်ကို..အုတ်ခဲကျိုးတွေ..ခဲတွေနဲ့....လှမ်းပစ်တဲ့...လူကပစ်ကြတယ်..။ ဓါတ်ပုံဆိုင်ပေါ်ကိုလည်း. လူအုပ်ကြီးထဲက...လူတချို့က....ညာသံပေးပြီး...ချီတက်သွားကြတယ်။ နောက်မှ ကျောင်းသား ခေါင်းဆောင် တချို့က..ဒီမှာ ဖလင်လိပ်ရလာပြီဟေ့ ဆိုပြီး..ဒေါသထွက်နေတဲ့ ...လူအုပ်ကြီးကို ဖလင်လိပ်တခုကို..ပြရင်း
ထိန်းလိုက်နိုင်ပြန်ပါတယ်..။
အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ.. .ကျောင်းအုပ်ဆရာကြီးဟောင်းက ဆန္ဒပြလူအုပ်ထဲက
ခေါင်းဆောင်နေတဲ့ လူတချို့ကို.. တနေရာထဲမှာ... အသေငြိမ်ပြီး... ဆန္ဒပြနေမယ့် အစား..မြို့ထဲကို.. စနစ်တကျ..ငြိမ်းငြိမ်းချမ်းချမ်း... လှည့်လည်..ဆန္ဒပြကြ ရင်ကောင်းမယ်ထင်တယ် လို့ ပြောလိုက်ပါတယ်..။ ဒါပေမယ့် အရှိန်တက်နေပြီဖြစ်တဲ့..လူအုပ်ကြီးကို....ရုတ်တရက်... ထိန်းဖို့ရာ.. မလွယ်လှပါဘူး။ ကျောင်း အုပ်ဆရာကြီးလည်း....ကောင်စီဥက္ကဌဆီပြေးလိုက်..ဆန္ဒပြသူတွေဆီ..ပြေးလိုက်နဲ့ လွန်းထိုးနေပါတယ်..။ ရုတ်တရက်..ကျောင်းသား ၂ယောက်ကို ကောင်စီရုံးထဲကို..ဖမ်းသွားတယ်..ဖမ်းသွားတယ်....ဆိုတဲ့  သတင်းနဲ့ အတူ.. ..လူအုပ်ကြီးဟာကောင်စီရုံးရှိရာဖက်ကို ညာသံပေးပြီး လိုက်ကြ ပြန်ပါတယ်..။
ဒါပေမယ့်... အချိန်တိုလေး အတွင်းမှာ မြို့ ရဲ့နိုင်ငံရေးတက်ကြွသူ လူငယ် လူလတ် တချို့ ဟာ.. ဆန္ဒပြလူထုကို...စနစ်တကျထိန်းဖို..့...ကြိုးစားလာနိုင်ပုံရပါတယ်။ တကယ် စုံစမ်းကြည့်တော့ လည်း.. ကောင်စီရုံးထဲမှာ.... ကျောင်းသားတယောက် မှဖမ်းမထားပါဘူး..။ အဲဒီနောက်..အတော်အတန် စနစ်တကျ ရှိလာတဲ့ လူအုပ်ကြီးကလည်း အချင်းချင်း ထိန်းသိမ်းရင်း မြို့တပတ်.. ပတ်ပြီး ဆန္ဒပြကြ ဖို့  ..စုပေါင်းခေါင်းဆောင် ဆုံးဖြတ်လိုက်ကြပုံရပါတယ်..။
အဲဒီအချိန်မှာ..ခေါင်းစည်းအနီလေးပတ်ထားတဲ့ အ.ထ.က ကျောင်းသားလေး တယောက်က... လူအုပ်ကြီးထဲကို.. စားပွဲဝိုင်းပုံစံ.... သစ်သားပြားအဟောင်းကြီးတခုကို...ကိုင်မြှောက်ရင်း....ပြေးဝင်လာပါ
တယ်....။ ပါးစပ်ကလည်း..`ငြိမ်းချမ်းစွာဖြင့် ..ဆန္ဒပြ ကြပါ...လို့စာရေးပေးပါ´ လို့ တောင်းဆို လာပါတယ်..။ ကျမလဲ ရုတ်တရက် ရှေ့ထွက်လိုက်မိပြီး.. လက်ထဲ ကို.. တယောက်ယောက် လှမ်းပေးလိုက်တဲ့
မြေဖြူ တချောင်းနဲ့...`ငြိမ်းချမ်းစွာဖြင်ဆန္ဒပြကြပါ´ဆိုတဲ့....စာလုံးကြီးတွေကို..စားပွဲဝိုင်းကြီးပေါ်မှာ.... အားရှိပါးရှိ ချရေး ပေးလိုက် မိပါတယ်..။
အဲဒီ ကျောင်းသားလေးကဘဲ၊ အဲဒီ... စားပွဲဝိုင်းဆိုင်းဘုတ်ကြီးကို....ကိုင်မြှောက်ရင်း..လူအုပ်ကြီးရှေ့ ကနေ... ဦးဆောင်သွားပါတယ်..။ စီတန်း လမ်းလျှောက်ရင်း အဖျက်အဆီး တွေမလုပ်ဘဲ.... .ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြဖို့  ..တယောက်နဲ့ တယောက်..သတိပေးကြရင်း...လူအုပ်ကြီးဟာ..မြို့ တောင်ပိုင်းကို စတင်ချီတက်ကြပါတယ်။ ကြွေးကြော်သံတွေ ကလည်း ပိုပိုပြီး စုံလာပါတယ်..။
`ဆန်တပြည်..၁၅ပြား ..အောင်ကြီးလာမှ..စား ´ ဆိုတဲ့ အခြေခံ လူထုရဲ့  မကျေနပ်ချက်တွေ လဲ ကြွေးကြော်သံတွေထဲမှာပါလာတယ်။ အဲဒီ နောက်မှာတော့ တတိုင်းပြည် လုံးအတွက်.. အဓိက လိုအပ်ချက်ဖြစ်နေတဲ့  `လူ့ အခွင့် အရေးနဲ့  ဒီမိုကရေစီ ရရှိရေး တို့ အရေး´ ဆိုတဲ့  ကြွေးကြော်သံတွေ အထိ ပါလာပါတော့ တယ်..။
ဆန္ဒပြလူအုပ်ကြီးဟာ....မြို့တောင်ဖက်ကနေ..မြောက်ဖက်ခြမ်းကို...ကူးကာနီးမှာတော့ မိုးက... သည်းသည်း မည်းမည်း ရွာချရင်း.. ဆန္ဒပြလူအုပ်ကြီးကို.... အားပေးလိုက်ပါတယ်..။
ခြိမ်းထားတဲ့  မိုးကတော့..တကယ့်ကိုရွာချလိုက်ပါပြီ...။ အားလုံးစိုရွှဲကုန်ပေမယ့်  ခြေလှမ်းတွေ
ပိုသွက်လာသလို... လမ်းဘေးကနေ.. ဆန္ဒပြ လူအုပ်ထဲကို... လူသစ်တွေ..တိုး..တိုးပြီးဝင်လိုက်လာတိုင်း
တီးလိုက်ကြတဲ့... လက်ခုပ်သံတွေ ကလည်း.. စဲတယ်ကို မရှိပါဘူး....။ လမ်းနံဘေး အိမ်တွေကလည်း ရေအိုးစင် လေးတွေ ချက်ချင်း... အိမ်ရှေ့ ထုပ်ပြီး..ရေတိုက်ကြ.. လက်ခုပ်တီးအားပေးကြ နဲ့ ကျမတို့ မြို့ လေးရဲ့ ...၈.၈.၈၈... ဆန္ဒပြပွဲဟာ အာဏာပိုင်တွေ.. ထိတ်လန့်တကြားဖြစ်အောင်ကို..... အရှိန်ရသွားပါပြီ..။
မြို့ မြောက်ပိုင်းကို အရောက်မှာတော့ကျောင်းအုပ်ဆရာကြီးဆီက သတင်းစကားတခုပါးလာ ပါတယ်....။ အာဏာပိုင်တွေကို၊ သူလည်း တားမရတော့ဘူး.... ပုဒ်မ.၁၄၄ အမိန့်ထုတ်တော့မယ်..။ သတိဝီရိယနဲ့ စနစ်တကျ ဆန္ဒပြပြီးရင် အေးအေးချမ်းချမ်း လူစုခွဲ ကြပါတဲ့။ ဆန္ဒပြ လူအုပ်ကြီး ဟာ မြို့ မြောက်ပိုင်းကို ပြီးဆုံးအောင်ကြွေးကြော်သံများနဲ့  စနစ်တကျ... လှည့် လည် ဆန္ဒပြ ကြရင်း....
မြို့လည် အာဇာနည်ကျောက်တိုင် ဆီ ပြန်ဝင်လာပါပြီ..။ မီးရထား လမ်း ကိုဖြတ်ကူး ခါနီး မှာတော့...
``ဒိုင်း...ဒိုင်း..ဒိုင်း ´´ ဆိုတဲ့  အသံတွေ ကိုကြားလိုက်ရပါတယ်..။ လူအုပ်ကြီးဟာ နဲနဲ ဖရိုဖရဲ ဖြစ်သွားပါတယ်။ တသက်နဲ့တကိုယ် သေနတ်သံ တခါမှ မကြားဖူးတဲ့ ကျမ လည်း သွေးရူးသွေးတန်းနဲ့ ..ခြေဦးတည့်ရာ ပြေးဖို့ ကြံ လိုက်မိပါတယ်..။ အဲဒီအချိန်မှာဘဲ...နောက်နားက
အမျိုးသားကြီး တဦးက..အဖြူအစိမ်းဝတ်ထားတဲ့  ..ကျမကို ...
`ဆရာမ..ဆရာမ...ကလေးတွေ ကို ထိန်းပါဦး´ လို့ ပြောလိုက်တော့ မှ သတိဝင်ပြီး.. ကိုယ့် အနီးမှာ ရောက်နေတဲ့ ကျောင်းသူလေးတစုကို လက်ဆွဲထားပြီး.. မကြောက်ကြဖို့  အားပေးနေ ပေမယ့် ...ကိုယ်တိုင်ကတော့...ဒူးတွေကို.. တဆတ်ဆတ်...တုန်နေတာပါဘဲ..။
တကယ်တော့ သေနတ်ပစ်တာမဟုတ်ဘဲ လမ်းက ဓါတ်ပုံဆိုင်တဆိုင်ကို လူအုပ်ထဲက တချို့ ကခဲတွေ နဲ့ ၀ိုင်းထုလိုက်တဲ့...အသံတွေပါ..။ ဒါပေမယ့်....ဆန္ဒပြခေါင်းဆောင်တွေက.. ၀ိုင်းဝန်းထိန်းကြလို့ သိပ် အပျက် အစီး မရှိ ဘဲ ...အာဇာနည် ကျောက်တိုင်အထိ ချီတက်ပြီး..သွေးထွက်သံယိုမရှိ..အဖမ်းအဆီးမရှိ
အေးအေးချမ်းချမ်း...လူစုခွဲနိုင်ခဲ့ ပါတယ်..။
အဲဒီနေ့ က... ပုဒ်မ.. ၁၄၄ ထုတ်ချင်တဲ့ ... အာဏာ ပိုင်တချို့ ခမျာ ပစ်မိန့် တောင်းခံဖို့  ခရိုင်မြို့ အနီးက စစ်တပ်ကိုလှမ်းအကြောင်းကြားပါသေးတယ် တဲ့.။ ဒါပေမယ့် ခရိုင် အာဏာ ပိုင်များက..`မင်းတို့  မြို့ မှာ ..မီးရှို့ ဖျက်ဆီးတာတွေ.. ဆိုးဆိုးဝါးဝါးအဖျက် အဆီး တွေ မရှိဘဲ နဲ့ ဘာကိစ္စ..၁၄၄ အမိန့် ထုတ်ချင်ရတာလဲ..´ လို့ ပြန်ကြိမ်းတာခံလိုက်ရလို့ ၁၄၄ အမိန့် လည်း မထုတ်လိုက်ရ ရှာပါဘူး။ နောက်တနေ့မှာမှ.. မြို့အနီးက....စစ်တပ်တတပ်ကို...လုံခြုံရေးအတွက် ပို့လိုက်ပါတယ်..။ ဒါပေမယ့်... ဆန္ဒပြသူတွေဖက်ကလည်း အရေးတော်ပုံကာလ တလျှောက်လုံး... ဆိုးဆိုးရွားရွားဖျက်လိုဖျက်ဆီးတွေ မရှိခဲ့ဘဲ..နိုင်ငံရေးသိက္ခာရှိရှိနဲ့ ..ဆန္ဒပြ နိုင်ခဲ့ သလို...မြို့ လူထုရဲ့ ခိုင်ခိုင်မာမာ စောင့်ရှောက်ကာကွယ်မှု တွေကြောင့်...စစ်တပ်က လွယ်လင့်တကူ.. ပစ်ခတ်နှိမ်နင်းမှုတွေ မလုပ်ခဲ့ပါဘူး။ နောက်နေ့ တွေမှာ..အာဏာပိုင်တွေထဲက..တချို့က..သူတို့တော့.. မထိန်းနိုင်တော့ ပါဘူးဆိုပြီး မြို့ကို.. စစ်တပ်လက်ထဲ ၀ကွက်အပ်ခဲ့တာတောင်.. အဲဒီအချိန်က.. စစ်တပ်ရဲ့တာဝန်ခံ ဗိုလ်မှူးက ရမ်းရမ်းကားကား.. မလုပ်ခဲ့ပါဘူး...။ ဒါဟာလည်း...တနိုင်ငံလုံးမှာ တက်လာတဲ့.. နိုင်ငံရေး ဒီရေလှိုင်းကို.. သူ... ပါးပါးနပ်နပ်နားလည်လို့ ထင်ပါတယ်..။
လူစုခွဲကာနီးမှာ.. ဆန္ဒပြသူတွေထဲက တယောက်က.. သပိတ်တလုံးကို.. ယူလာပြီး... အာဇာနည်
ကျောက်တိုင်.. အနားက.. တိုင်ငုတ်ကလေးတခုပေါ်မှာ..မှောက်ထားလိုက်ပါတယ်...။ မိုးဖွဲဖွဲလေးကျနေတဲ့.
.....၈.၈.၈၈. ညနေခင်းနေရောင် .. လဲ့ လဲ့ လေး. .အောက်မှာ..သပိတ် မှောက်ထားတဲ့ ကျမတို့ မြို့ လေးရဲ့ အာဇာနည် ကျောက်တိုင်မြင်ကွင်းကို..ဒီနေ့အထိ..မျက်စိထဲက..မထွက်ပါဘူး..။
ဒီပို့လေးကိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်ကိုပြန်ရောက်သွားသလို ခံစားရပါတယ်။
ReplyDeleteဖတ်လို့ အရမ်းကောင်းတယ်ဗျို့ ဖတ်နေရင်း ခံစားမှု ရသ အမျိုးမျိုးရခဲ့ပါတယ်
ReplyDelete