Saturday, February 22, 2014

လေးသန်းကြီးနဲ့  စကားပြောခြင်း(၁)

မနေ့က မရောက်တာကြာ နေတဲ့  လေးသန်းကြီး အိမ်ကို ရောက်တယ်..။မရောက်တာ ကြာရတဲ့  အကြောင်းက ရောက်ရင် စိတ်မကောင်းလို့..။လေးသန်းကြီးကို သတိရလို့..။လေးသန်းကြီးအိမ်ကိုရောက်တော့ ညနေတစောင်း..။မှောင်ရီက ဖြိုးဖြိုးဖျဖျ ပျိုးစပြုလို့..။လေးသန်းကြီး အိမ်ရှေ့ တည့်တည့်က နေ မြင်နေရတဲ့  သက်ျမုနိမိုးကောင်း ဘုရားကြီးက မီးရောင်တွေ ထိန်လို့..။ဆည်းဆာရောင်အောက်မှာ တောက်ပစွာ သပ်ပါယ်နေလို့..လေးသန်းကြီးတို့ အိမ်ခန်းကျဉ်းလေး ..(အင်းလေ...အရင်ကတော့ အခန်းကျယ်ကြီးပေါ့..။မြို့ လည်ခေါင်..တန်ခိုးကြီး မြတ်စွယ်တော်ဘုရားကြီးရှေ့ က သင်္ဃန်းပရိက္ခရာဆိုင်ကြီး..။ဝမ်းဇီးရိုး ဖိနပ်ကိုယ်စားလှယ် ဆိုင်ကြီးပေါ့..)ထဲကနေ ဖုန်းနဲ့  ဓါတ်ပုံရိုက်ယူမိတယ်..။ လေးသန်းကြီး အမ ဒေါ်လေးတို့ နှစ်ယောက်က ကိုယ်ဓါတ်ပုံရိုက်တာကို စိတ်ဝင်တစား ကြည့်ကြတော့.. ဒေါ်လေးတို့ကိုလဲ အမှတ်တရ ရိုက်ပေးဖြစ်တယ်..။ဒေါ်လေးတို့ အပျိုကြီး ညီအမကို ဓါတ်ပုံရိုက်ပေးရင်း လေးသန်းကြီးတို့ ကို မကြာမကြာဖမ်းလိုက် လွှတ်လိုက် လုပ်နေချိန်က ကိုရွှေထောက်လှမ်းရေးရဲ့  လွဲချက်ကို သတိရမိတယ်..။လေးသန်းကြီးတို့ ၉၀ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဖမ်းပြီး အိမ်ပြန်ပို့ရင် ..သူတို့က မှတ်တမ်းဓါတ်ပုံရိုက်ယူတယ်..။အိမ်သားတွေ ရော အကုန် ရိုက်တာ..။သူတို့ ပြန်လွှတ်ပေးပါတယ်ပေါ့..။ဒါပေ..ဖမ်းရင်တော့ တခါမှ ဓါတ်ပုံရိုက်ဖို့ သတိမရကြဘူး..။အဲဒီတုန်းက ကိုယ့်မှာ ခုလို ကင်မရာနဲ့  အင်တာနက်နဲ့  ရှိလို့ကတော့ မှတ်တမ်းဓါတ်ပုံတွေ ရဦးမှာနော်..။အဲ..ကိုရွှေထောက်လှမ်းရေး ဆိုတော့ အဲဒီအချိန်က ဘုန်းမီးနေလတောက်ပနေတဲ့  တိုင်းကားပြည်ရွာ အပ်ကျတာက သိအောင်စွမ်းတဲ့  အခုတော့..ခမျာ..ကော်ဖီဆိုင် ဖွင့်ပြီး ပန်းစိုက်စားနေရတဲ့  ပုဂိုလ်ကြီးရဲ့  လက်ပါးစေတပ်သားတွေပေါ့..။အဲဒီ..စစ်ထောက်လှမ်းရေးတွေရဲ့  အထောက်အလှမ်းတွေ ကြားမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ ခမျာ သေသူသေ..။ထောင်ကျသူကျ..။အနှိပ်စက်ခံရ လူလုံးမလှ ဘ၀ဆုံးခဲ့  တုန်းခဲ့ ရသူတွေ ဒုနဲ့ ဒေးပေါ့..။အဲဒီနေ့က လေးသန်းကြီးကို ဖမ်းရာက ပြန်ပို့တော့ ဓါတ်ပုံရိုက်ကြတယ်..။လေးသန်းကြီး အမ အပျိုကြီး နှစ်ယောက်က အိမ်ထဲက ထွက်မလာတော့ ခင်ဗျား..ဇနီးကို ခေါ်ဦးလေ..လို့  ကိုရွှေထောက်လှမ်းရေးက ပြောသတဲ့ ..။သူတာဝန်ယူ ဖမ်းဆီးနေတဲ့  နိုင်ငံရေးသမားကို အိမ်ထောင်ရှိလား..မရှိလား..ဆိုတာတောင် မသိရကောင်းလား..ထောက်လှမ်းရေးလုပ်ပြီး ညံ့ရလားဟဲ့ ..လို့ သိတဲ့ သူတွေက အပစ်တင်ကဲ့ ရဲ့ ကြတယ်..။ တချို့ ကလဲ...သူတို့က စီးပွါးရေးသမား.တွေ..သစ်သမားတွေ ..ချဲဒိုင်တွေကို ငွေညှစ်ဖို့ပဲ စိတ်ဝင်စားသူတွေ.လို့  ပြောကြတာကို သွား..အမှတ်ရမိတယ်..။ လေးသန်းကြီးအမ ဒေါ်လေးတို့ ညီအမကတော့ ခေတ်ဆိုးခေတ်ကြပ်ကြီးတလျှောက်လုံး.. မောင်အငယ်ဆုံးလေး လုပ်ကိုင်သမျှ နိုင်ငံရေးခရီးကြမ်းမှာ သူတို့လဲ အလူးလူး အလိမ့်လိမ့်ပေါ့..။ဒါပေ သူတို့ မောင်ငယ်လေးကို ဘယ်တော့မှ မငြူစူ..မငြီးငြူခဲ့ ကြဘူး..။ အပျိုကြီး လူပျိုကြီး မောင်နှမတွေ ချစ်ကြ စည်းလုံးကြသမှ..။မောင်လေးရဲ့  နိုင်ငံရေး မိတ်ဆွေတွေ တသီကြီးကို မနက်တခါ ညတခါ စားသောက်ဖွယ် အစုံအလင်နဲ့  ဧည့်ခံရတာကို ကျေနပ်နေတာ..။နိုင်ငံရေးမိတ်ဆွေတွေ ဆိုတော့ သိတဲ့  အတိုင်း...ငြင်းကြ ခုန်ကြ..။တခါတလေ လက်သီးလက်မောင်း တန်းကြ..။ရေဒီယို တလုံး ကို အလယ်မှာဖွင့်ပေးထားပြီး လာတဲ့  သတင်းကို ဝေဖန်ကြ..။တချို့ ကတော့ သတင်းပြီးမှ ငိုက်နေရာက နိုးလာပြီး..ဒီနေ့ ဘာမုန့်လုပ်ထားသလဲ ဆိုတာကို ကမန်းကတန်း ဖွင့်တုတ်သူလဲ..ပါရဲ့ ..။နောက်ပိုင်းတော့ လေးသန်းကြီးလဲ ကျန်းမာရေး ချို့ တဲ့ ..။စီးပွါးရေး ချို့ တဲ့ ..။လူတွေ အလာကျဲလာတယ်..။ နိုင်ငံရေး ရာသီဥတုကလဲ တဖြေးဖြေးလှိုင်းကြီးလေထန် ..မသာယာ လှဘူးလေ..။ နံရံပေါ်က လေးသန်းကြီး က ဗိုလ်ချုပ်အောင်ဆန်းမိသားစု ဓါတ်ပုံလေးဘေးမှာ..။ ခါတိုင်းလိုပဲ...ပြုံးပြုံးရွှင်ရွှင်..။ “ဟေး..နီနီ..။ဆရာကြီးနေကောင်းလား..။မြို့ ထဲ မှာ...ဘာတွေ ထူးသေးလဲ..” ကိုယ်လဲ..ကောင်းပါတယ်လေးသန်းကြီး..ပေါ့..။ကြားတဲ့  သတင်းလေးတွေ ပြောကြ ဖလှယ်ကြပေါ့..။ဒီနေ့တော့..ကိုယ်ကြားတဲ့  သတင်းတွေကို လေးသန်းကြီးကို ၀မ်းသာအားရ ပြောပြမိတယ်..။ “လေးသန်းကြီးရေ..ပေါင်းတည်က NLD တွေ လွှတ်တော်လေ့လာရေး ခရီးသွားကြသတဲ့ ..။အင်တာနက်မှာ တွေ့ တယ်..။လူတွေ(၁၀၀)ကျော်တယ် ပြောတယ်..” “ဟေ..ဟုတ်လား..။ဘယ်သူတွေ ပါသွားကြလဲ..။ဒေါ်စုနဲ့  တွေ့ ကြရ သတဲ့ လား” “အင်း..ဒေါ်စုနဲ့  တွေ့ နေတဲ့ ပုံတွေ.အင်တာနက်မှာ တွေ့ တယ်...။ပင်နီတိုက်ပုံတွေ ၀တ်ပြီး..သူတို့လဲ ပျော်နေကြမှာပေါ့..။ဘာတွေ ပြောနေလဲတော့ သမီးအင်တာနက်လိုင်းက အသံဖိုင် ဖွင့်မရလို့ မသိဘူး..။ဒေါ်စုနဲ့  တွေ့ တဲ့  ပုံထဲမှာ ဈေးထဲက ၀က်သားလိုင်စင်စီလုပ်တဲ့  ကောင်မလေးရယ်..။ရှေ့ နေဒေါ်ရီဝင်းရယ် တော့ သိတယ်..။ကျန်တဲ့ သူတွေတော့ သမီး မသိဘူး..။ဒေါ်စုကတော့ ထုံးစံအတိုင်း ပန်းလေးတွေဝေနေတာပဲ” “အင်းးးးးးးးးးးကောင်းပါတယ်..။လူဟောင်းတွေ ရော..ဘယ်သူတွေပါတယ်..ကြားလဲ” “ဟာ..လေးသန်းကြီးကလဲ..။မေ့တတ်လိုက်တာ..။လူဟောင်းတွေက သေတဲ့ သူသေ..။အိုတဲ့ သူအို..။ဗဟိုက အထုတ်ခံရထဲက ပြန်မလုပ်တဲ့ သူက မလုပ်..။ပြန်ဖွဲ့ မယ်လုပ်တော့လဲ..ဗဟိုက လာဆက်ထားတဲ့ သူတွေနဲ့  ဗဟိုတိုင်းစည်းတွေ ညစ်ပတ်ပြီး ကလိန်ကျလို့ လေးသန်းကြီးတို့ ဒီလိုလူတွေနဲ့ တော့ နိုင်ငံရေးတွဲမလုပ်ကြတော့ဘူး..ဆိုပြီး..မလုပ်တော့ပဲ နေကြတာလေ..” “အေးကွာ..တလျှောက်လုံး စစ်အာဏာရှင်ကို တိုက်လာတာ..ခံရသမျှ...မမှုပါဘူး..။ကိုယ့်အရိုးနဲ့ ကို ပြန်အထိုးခံရတာတော့ နာတယ်ကွာ” “ အော်..ပြောရဦးမယ်..။လေးသန်းကြီးတို့ ဗဟိုကို မယုံလို့ အဖွဲ့ ပြန်မဖွဲ့ ကြပဲ..။ဒေါ်စုလွတ်လာမှ ဖွဲ့ မယ်ဆိုပြီး နေလာတာကို လေ...ဖေဖေတို့ လေးသန်းကြီးတို့ကို..သတ္တိမရှိရင် မလုပ်ကြနဲ့ ..။သတ္တိရှိတဲ့  သူတို့တွေ ပဲ လုပ်မယ် ဆိုပြီး ..ပြောတဲ့  သူတယောက်လေ..။သိလား..။ပြီးခဲ့ တဲ့ ရက်က သူ့ရွာမှာ စာပေဟောပြောပွဲ လုပ်ဖို့ စီစဉ်သတဲ့ ..။အဲဒါ..သူ့ရွာနားက ဘုန်းကြီးတပါးက တားလို့ ဆက်မလုပ်ရဲတော့..သမီးတို့ မြို့ မှာ အရှက်တွေကွဲလိုက်တာ..။သူ့ သတ္တိက အဲလိုလေ..။၈၈အရေးအခင်းတုန်းကကော သူ့ရွာမှာ သွားရှောင်နေတာတဲ့ ..။သူများတွေကို ပြောတော့စည်းရုံးရေးဆင်းနေတာဆိုပဲ..။စာရေးဆရာမသီတာ (စမ်းချောင်း) ကို သွားဆက်သွယ် ဖိတ်ပေးတဲ့  ပွဲစီစဉ်သူကလဲ..တခြားသူ ဟုတ်ရိုးလား..။အခု စာရေးဆရာနံမယ်ခံထားတဲ့  ပုဂိုလ်ကြီးလေ..။အရင်က သူ့မှာ လုပ်ပိုင်ခွင့်မရှိပဲ နယ်ကျော်ပြီး စည်းရုံးရေးစည်းကမ်းဖောက်ပြီး ပေါင်းတည်က သတ္တိခဲတို့ကို တပည့်မွေးသွားတဲ့  သူကြီးပေါ့..” “ သမီးရေ...တော်တော့...။တခြား စိတ်ချမ်းသာစရာ လေးတွေ ပြောပါဦးဟယ်..” အေးလေ..။ဟုတ်သား..။ငါကလဲ..ငါပါပဲ..။လေးသန်းကြီးကို စိတ်ညစ်စရာတွေ လာပြောမိနေတယ်..။စဉ်းစားစမ်း..။စိတ်ချမ်းသာစရာ..။ပျော်စရာ..။သူတို့ အနာခံလှုပ်ရှားလာတဲ့  အဖွဲ့ ကြီး..။ဘယ်လောက် အောင်မြင်နေတယ်..ဆိုတာ။လူထု ဘယ်လောက် ထောက်ခံနေတယ် ဆိုတာ..။ဒါမျိုးလေးတွေ ရှာစမ်း..။ဟော..သိပြီ..။ “ဟိုတခါ လွတ်လပ်ရေးနေ့  တုံးက ပျော်ပွဲရွှင်ပွဲတွေ ရုံးမှာလုပ်ကြတာ..။လူတွေလဲ လာလိုက်ကြတာ..။ ရုံးက ဈေးရှေ့ တင် ဆိုတော့..ဈေးထဲက အသံတွေ အတိုင်းသားကြားနေရတာလေ..။သမီးကိုတောင် တချို့ က အားရ၀မ်းသာ ပြောသေးတယ်....။ကိုယ့်အဖွဲ့ ဆိုတော့ ကိုယ်အားပေးရတာပေါ့..တဲ့ ..။ဒီမှာ..လက်မှတ်တွေ ၀ယ်ထားတယ်တဲ့ ..။သမီးလဲ..ကောင်းတာပေါ့..။လွတ်လပ်ရေးနေ့  ရံပုံငွေ ဈေးရောင်းပွဲတော်လား..။ အားပေးပါဟယ်..။ဒေါ်စုပုံပါတဲ့  ပြက္ခဒိန်တွေ..တီရှပ်တွေရောင်းတာ လား..ဆိုတော့...မော်တော်ဆိုင်ကယ် မဲဖောက်တာတဲ့ ..။ကံစမ်းမဲ..တဲ့ ..။အဲဒီ အချိန်မှာ ရုံးထဲက နေ အသံချဲ့ စက်ကြီးနဲ့  အော်နေတာ..။မဲနံပါတ် ဘယ်လောက်..။ဘယ်ရွာက..။မော်တော်ဆိုင်ကယ်..မဲပေါက်ပါတယ်..ခင်ဗျားတဲ့ ” “ ဟဲ့  နီနီ..တော်တော့...တော်တော့..။ငါ..နှစ်ခါ ပြန်သေချင်လာပြီ..။ဒါလောက်တောင်.. ဥပဒေကြောင်း နားမလည်ကြဘူးလား..။တော်ပြီဟေ့..။မကြားချင်တော့ဘူး..။သွားမယ်..” ဒေါနဲ့  မာန်နဲ့  ပြောပြောဆိုဆို ဓါတ်ပုံထဲ အမြန်ပြန်ဝင်သွားတဲ့  လေးသန်းကြီးကြောင့်..ကိုယ်လဲ လန့်ဖျပ်ပြီး..အမြန်ပြန်လစ်လာရတယ်..။ဒါပေ...သတင်းထူးထူးဆန်းဆန်းလေးတွေ သိရင်တော့ ခါတိုင်းလိုပဲ လေးသန်းကြီးနဲ့  စကားလာပြောဖြစ်ဦးမယ်..။ ။

No comments:

Post a Comment