Friday, January 1, 2016

အတိတ်နံရံ



 အိမ်မှာရိုက်တဲ့ အမှတ်တရ..ဓါတ်ပုံဟောင်းတွေကို ပြန်ကြည့်တိုင်း..အိမ်က ဒီ..အခန်းနံရံလေးပါတယ်..။အိမ်သစ်ကလေးကို စဆောက်တော့...ကိုယ်က လေးတန်းကျောင်းသူ..။စဆောက်ကာစမှာ..အခန်းတွေမပါဘူး..။နောက်တော့ သမီးတွေအတွက်..အခန်းလေး၂ခန်းကို ဖေဖေကိုယ်တိုင် ဖွဲ့ ပေးတော့..အနားမှာ သမီးဘုစုခရုတွေက ၀ိုင်းကူကြပေါ့..။စာဖတ်ခန်းလေးက သုံးထပ်သားပြားနဲ့ကာတယ်..။နောက်..သနပ်ခါးလိမ်းတဲ့ အခန်းလေးက နှောသားလို့ ခေါ်တဲ့ အသားဝါ၀ါလေးတွေနဲ့ ကာပေးတယ်..။လက်သမားမငှားပဲ..ဖေဖေကိုယ်တိုင် ကျောင်းပိတ်ရက်တွေရယ်..ညနေကျောင်းဆင်းချိန်တွေရယ်မှာ တကုပ်ကုပ်နဲ့ တိုင်းတာ..။တလှုပ်လှုပ်နဲ့ လွှဖြတ်..။တဒုံးဒုံးနဲ့ ထုရိုက်ပြီး..ကိုယ်တွေ မျက်စိရှေ့ တင် အခန်းလေးနှစ်ခန်းက ရုပ်လုံးပေါ်လာတယ်..။တူ..ယူပေးပါဦး..။ဖေဖေ့အလုပ်စားပွဲပေါ်က ပလာယာယူပေးပါဦး..။ရွေဘော်အသေးလေး ..နံရံက လွှအောက်မှာ ချိတ်ထားတယ်..အဲဒီ့ရွေဘော်က သမီးတို့ ဘဘလက်ထက်ကတည်းက ရွေဘော်ကွ..။သားအဖတတွေ.. ပြောရင်းဆိုရင်း...အခန်းလေးနှစ်ခန်းဖွဲ့နေတာကို ကြမ်းလေးတွေ ပြောင်နေအောင် ပွတ်တိုက်နေတဲ့ မေမေက ကျေနပ်စွာကြည့်လို့..။အဲဒီတုန်းက ကိုယ်တို့ အိမ်သစ်ကလေး စဆောက်ကာစပေါ့..။အခန်းလေးနှစ်ခန်းကို ပေါ်လစ်သုတ်ကြမယ်..။သမီးတို့က ..ကော်ပတ်စားပေးရမယ်..ဆိုတော့ ညဖက် ထမင်းစားပြီးချိန်မှာ..ညီအမတတွေ လက်တွေ ပေါက်အောင်.အခန်းနံရံလေးပေါ်မှာ..တယောက်တလှည့်.ကော်ပတ်စားကြတယ်..။ကော်ပတ်စားထားတဲ့  နံရံအကာမျက်နှာပြင်လေးတွေ ချောမွေ့ နေတာကို လက်ကလေးတွေနဲ့ ကိုင်ကာ..ကိုင်ကာပေါ့..။ပေါ်လစ်သုတ်ပြီးတော့ တအိမ်လုံးမှာ ရွှေရောင်တောက်နေတဲ့ နံရံလေးတွေက အလှဆုံးလို့ ညီအမငါးယောက်စလုံး တညီတညွတ်တည်း ယူဆလိုက်ကြတယ်..။ကောင်းနိုးရာရာ..ပန်းချီကားချပ်ကလေးတွေ..နံရပ်ကပ်ပိုစတာလေးတွေ တပုံပြီးတပုံ ပြောင်းကပ်ပြီး ကျေနပ်ကြလို့ပေါ့..။အခုတော့...အခန်းလေးတခန်းက မရှိတော့ဘူး..။နံရံလေးတချပ်က...ချိတ်လက်စ ဓါတ်ပုံသုံးလေးပုံ..ပန်းချီကားတကားနဲ့ မပြည့်မစုံ.. ငေါင်စင်းစင်း..။အဲဒီငေါင်းစင်းစင်းကိုပဲ နောက်ခံထား ပြီး..ခနခန.. ဓါတ်ပုံရိုက်မိနေသေးတယ်..။ နောက်ထပ်နံရံအသစ်ကာဖို့အတွက်..ဒီနံရံလေးကို ဖြို ဖျက်ပစ်ရမှာ.. နှမျောနေမိတုန်းပဲ..။

No comments:

Post a Comment