Saturday, April 9, 2016

ပြောင်းလည်းချိန်နဲ့အစဉ်အလာ



သင်္ကြန်မှာ သိကြားမင်းကြီးလာမှာ
လူလေး..လိမ်လိမ်မာမာနေပါလို့
မေမေက ခဏခဏပြောတော့..
လူလေး..သိကြားမင်းကြီးကို တွေ့ချင်လှတယ်.။
သိကြားမင်းကြီးက
လိမ်မာတဲ့သူကို ရွှေပုရပိုဒ်ကြီးမှာ
ဆိုးမိုက်သူတွေဆို..ခွေးရေပုရပိုဒ်ကြီးမှာ
စာရင်းမှတ်သွားတာ..လို့
မေမေက ခဏခဏပြောတော့
လူလေး သိကြားမင်းကြီးကို တွေ့ ချင်လှတယ်.။
သင်္ကြန်အကြိုမနက်မှာ
မြေလက်ခံအတာအိုးကလေးရယ်
သစ်ရွက်စိမ်းစိမ်းကလေးတွေရယ်
စက္ကူရောင်စုံ တံခွန်ကုက္ကားကလေးတွေရယ်
မေမေဈေးက..၀ယ်လာတော့
လူလေး သိကြားမင်းကြီးကို တွေ့ ချင်လှတယ်..။
မေမေက
မြေလက်ခံအတာအိုးလေးထဲမှာ

 ရေကြည်ကြည်လေးတွေထည့်တယ်။
မြေဇာမြက်..ဇီးခက်..မုန်တိုင်ရွက်ကလေးတွေ.

.ခက်ဖြာအောင်ထိုးစိုက်တယ်..။
ရောင်စုံစက္ကူတံခွန်ကုက္ကားလေးတွေ..

တလူလူလွင့်အောင်ထိုးစိုက်တယ်..။
ဒါ..လိမ္မာတဲ့ မေမေ့လူကလေးက..

သိကြားမင်းကြီးကို ကြိုဆိုတာပတဲ့..။
မြေလက်ခံအတာအိုးကလေးကို 

တစိမ့်စိမ့် ကြည့်ရင်း
လူလေးသိကြားမင်းကြီးကို တွေ့ ချင်လှတယ်...။
သင်္ကြန်အကြိုတညလုံး
လူလေးရင်တွေ တထိတ်ထိတ်ခုန်လို့..။
သိကြားမင်းကြီးဟာ..
ကိုယ်ရောင်ကိုယ်ဝါတွေ ဘယ်လောက်တောက်ပမလဲ..။
သိကြားမင်းကြီးဟာ
လူလိမ္မာနဲ့လူဆိုးကို 

ကွဲကွဲပြားပြား ဘယ်လိုများ သိနိုင်ပါ့မလဲ..။
သိကြားမင်းကြီးဟာ...
သိကြားမင်းကြီးဟာ...
သိကြားမင်းကြီးဟာ...
အတွေးတွေနဲ့အိပ်စက်
အိပ်မက်ထဲမှာ

သိကြားမင်းကြီးရဲ့ရွှေပုရပိုဒ်ထဲ
ရွှေရောင်ဖောင်းကြွ
 နတ်ဘာသာဗေဒစကားလုံးကြီးတွေနဲ့
လူလေးနာမည်ဟာ.လှလိုက်တာ..။
အိပ်ယာကနိုးတော့
လူလေး..သိကြားမင်းကြီးကို တွေ့ ချင်လှတယ်..။
သင်္ကြန်အကျ
သင်္ကြန်အကြတ်
သင်္ကြန်အကြတ်
သင်္ကြန်အတက်
မြေလက်ခံအတာအိုးလေးနံဘေးကမခွါ..။

သိကြားမင်းကြီး..လူလေးကို မမြင်မှာစိုးလို့
မြေလက်ခံအတာအိုးကလေးကို
မနက်တိုင်း
လက်ကလေးနဲ့ ထိထိပေးရင်း
လူလေး..သိကြားမင်းကြီးကို တွေ့ ချင်လှတယ်..။
သင်္ကြန်အပြီးနောက်တနေ့
မြေလက်ခံအတာအိုးကလေးထဲက
စိမ်းခက်ခက်..သစ်ရွက်ကလေးတွေခမျာ..ညှိုးလို့..။
မေမေက
သိကြားမင်းကြီး မနေ့က ပြန်တက်သွားပြီလူလေးရဲ့ .။
လူလေးလိမ္မာတော့ ရွှေပုရပိုဒ်ထဲပါသွားမှာပေါ့တဲ့..။
လူလေးဆံစလေးတွေကို ခပ်ဖွဖွ သပ်ရင်း..ပြောတယ်..။
လူလေးတော့
သိကြားမင်းကြီးကိုယ်ရောင်ကိုယ်ဝါကိုလဲမမြင်ရ
လူလေးနာမည်ရေးတဲ့ ရွှေပုရပိုဒ်ကိုလဲ မမြင်ရပါဘူးလို့
ဝမ်းပမ်းတနဲ.ပြောမိတော့..
မေမေက ပြုံးရင်း
ဒါဟာ..ရိုးရာအစဉ်အလာကွဲ့တဲ့..။
လူလေးဟာ
ရိုးရာအစဉ်အလာကိုပဲ ကြေကွဲစွာ လက်ခံလိုက်ရင်း
လူလေး သိကြားမင်းကြီးကို  တွေ့ ချင်လှတယ်..။

No comments:

Post a Comment