Monday, October 26, 2015

လားရာရှိတဲ့ခြေ

ခြေထောက်တွေ..
.ခြေထောက်တွေ
 အရေကြည်ဖုတွေနဲ့  ခုံးထနေတဲ့ 
လမ်းမပေါ်က..ခြေထောက်တွေ။
 နွေကိုအံတုရင်း..ရုန်းကြွနေတဲ့ ...
 လမ်းမပေါ်က..ခြေထောက်တွေ။
 ခြေထောက်ပေမဲ့ ..သူတို့မှာ မျက်စိပါတယ်။
 ခြေထောက်ပေမဲ့ ..သူတို့မှာနားပါတယ်။
 ခြေထောက်ပေမဲ့ ..သူတို့မှာ လားရာရှိတယ်။
                                     နီဇူလိုင်
                                (၁၉.၂.၁၅)
 (၁၉.၂.၂၀၁၅)

ရနံ့များနဲ့လမ်းလျှောက်ခြင်း

တက်တယ်...
 မြေလမ်းမို့မို့လေးအတိုင်း..
 တောပန်းကလေးတွေယိမ်းက.နေတဲ့ ..
တောင်ကမူလေးပေါ်ကိုရောက်တော့..
ပျောက်နေတာကိုရှာ ..
ဟိုးမှာလား..သည်မှာလား..
ဘာမှမပါတဲ့ လက်နဲ့
တောပန်းရနံ့ လေးတွေကို ပဲပွေ့ဖက်ရင်း
 မြေလမ်းမို့မို့ကလေးအတိုင်း...
ဆင်းတယ်။

ဒေါင်းနိမိတ်

အဖိုးတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
သူ့ဒေါင်းအတိတ်နဲ့  သူ့ဒေါင်းစိတ်နဲ့ ။
အမေတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
ကိုယ့်ဒေါင်းအတိတ်နဲ့  ကိုယ့်ဒေါင်းစိတ်နဲ့ ။
သားတို့ခေတ်
သမိုင်းစီးကြောင်းထဲ
 ဒေါင်းအလံတွေ တကြော့ပျံဝဲနေတော့
စိုးရိမ်လျှက်နဲ့  လက်သီးဆုပ်
အံကိုခဲလျှက်..မေတ္တာသုတ် ။
သမိုင်းစီးကြောင်းထဲ
သားတို့ရဲ့ ..ဒေါင်းအလံမလဲဖို့
သားတို့ရဲ့ ..ဒေါင်းအသံမစဲဖို့
အန္တရာယ်အပေါင်း..ရန်ဖယ်ညောင်းဖို့
ဒေါင်းစိတ်နဲ့အတူ..ဒေါင်းနိမိတ်ယူ..။
                 (၂၃.၁.၁၅)
 

Thursday, October 15, 2015

ဒီအချိန်ဟာ

 
 ဒီ အချိန်ဟာ
ညီအကိုမသိတသိအချိန်မဟုတ်ဘူး
ညီအကိုမှန်းသိလျှက်နဲ့ အ..ပ မှီတဲ့ အချိန်။
ဒီအချိန်ဟာ
 ဖုတ်သဘက်တွေမြူးတဲ့  နွားရိုင်းသွင်းချိန်။
 ဒီအချိန်ဟာ
အကျည်းတန်တဲ့ သူတွေရုပ်ဖျက်
လှချင်ယောင်ဆောင်နေတဲ့  အချိန်။
 ဒီအချိန်ဟာ
 ဆည်းဆာတိမ်တောက် အလင်းပျောက်ကာနီး အချိန် အမှောင်ညတွေဟာ သွေးလေခြောက်ခြားစွာ ရောက်လာတော့မယ်...
 ဒီအချိန်ဟာ....
 ဒီအချိန်ဟာ...
. ဒီအချိန်ဟာ..
 အပမ္မာဒေန..သမ္မာဒေထ။ ။
 (နီဇူလိုင်)
၂၃.၃.၂၀၁၃

Tuesday, September 8, 2015

နိုင်ငံရေးဆည်ကြီးက ကျိုးလုကျိုးခင်

နိုင်ငံရေးရေကြီးတယ်.
.နိုင်ငံရေး.ချောင်းရေ...မြစ်ရေလျှံတယ် ဆိုတော့
နိုင်ငံရေးဒိုက်တွေ နိုင်ငံရေးအမှိုက်တွေ
နိင်ငံရေးရေပေါ်မှာ ပေါလောပေါလောပေါ့
နိုင်ငံရေးပလစ်စတစ်တွေစတွေ.
နိုင်ငံရေး.ကြွပ်ကြွပ်အိတ်စတွေ
 အနာဂတ်နိုင်ငံရေးကလေးငယ်တွေအတွက် .
.တကယ့်နိုင်ငံရေးကပ်ဆိုးပေါ့ ဘာပဲဖြစ်ဖြစ်.
.တို့တွေအဲဒီနိုင်ငံရေးရေဘေးထဲမှာ
 ရွေးချယ်စရာမရှိ..
နစ်နေတယ်
 နိုင်ငံရေးရေဘေးဒုက္ခသည်တွေပေါ့
နိုင်ငံရေးဆည်ကြီးကလည်း..
တာရိုးကျိုးလုခင်ခင်..

ကျောင်းသားတွေနိုင်တယ်

" ကျောင်းသားတွေနိုင်တယ်" သူတို့ဟာ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်လဲလျှောက်တယ် ဖောက်လဲဖောက်တယ် မကြောက်တရားအမြုတေနဲ့ စစ်အာဏာပလ္လင်ကို ဆွဲလှုပ် ထောင်တံခါးတွေကို ဆွဲလှုပ် မတရားဥပဒေကို ဆွဲလှုပ် နောက်ဆုံး တပြည်လုံးရဲ့  နိုင်ငံရေး နိုးကြားမှုကို ဆွဲလှုပ် ကျောင်းသားတွေနိုင်တယ် ကျောင်းသားတွေ နိုင်တယ်

ကြယ်မကြွေခင်

ကြယ်တွေလား.
.မိုးပေါ်ကိုမော့ရင်း သူ တွေးတယ်
 မြေဇာမြက်တွေလား..
.မြေပြင်ကိုငုံ့ရင်းသူတွေးတယ်
သူလျှောက်နေတဲ့ လမ်းပေါ်မှာ. .
အစာဆာနေတဲ့...ခွေးအတသိုက်က...
အူလှိုက်သည်းလှိုက်အူတယ်
သူလျှောက်နေတဲ့ ပန်းတိုင်ဆီမှာ..
တရေးအိပ်ထားတဲ့ ယုန်က .
.နိုင်ပွဲသရဖူဆောင်းရင်းစောင့်နေတယ်
 သူ...လျှောက်တော့ လျှောက်နေတာပဲ
 ကြယ်တွေကို ပန်းလိုပန်လို့
 မြက်တွေကတော့
သူ့ခြေလှမ်းတိုင်းမှာ
.ပန်းလိုပွင့်ရင်း ခင်းလို့
 ကြယ်တွေမကြွေခင်..
.မြက်တွေကြေတယ်..။