နီဇူလိုင်
တိမ်ကိုခြယ်တဲ့ ဆေးရောင်များ
Monday, March 28, 2016
အကွာအဝေး
မိုးကုပ်စက်ဝိုင်းဆီ
ကြည့်လေ
ကြည့်လေ
မြင်လေ..။
မြင်လေ
မြင်လေ
ကျယ်ပြန့်လေ..။
ကျယ်ပြန့်လေ
ကျယ်ပြန့်လေ
ဝေးလေ..။
ဝေးလေ
ဝေးလေ
ဖမ်းဆုပ်မရလေ..။
ဖမ်းဆုပ်မရလေ
ဖမ်းဆုပ်မရလေ
တသသဖြစ်.လေ..။ 
တသသဖြစ်လေ
တသသဖြစ်.လေ
နီးလေ..။
           နီဇူလိုင်
Posted by နီဇူလိုင် at 12:18 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Monday, March 21, 2016
မျောချင်း
"မျှောချင်း"
တခုခုမျောလာမလားလို့
မျှော်ရင်းနဲ့..
တခုခု မျောမလာမှာစိုးလို့.
မျှောလိုက်နေရင်းနဲ့
တခုခုမျောလာတာ မမြင်ရပဲ..
မျှော်နေသူများ.
မျှောနေသူများခမျာ.
မျောပါသွားရှာတယ်။ ။
Posted by နီဇူလိုင် at 3:12 AM 1 comment:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Saturday, March 12, 2016
ပေါင်းတည်ည
ပေါင်းတည်ည
June 26, 2014 at 10:12pm
မိုးအေးအေးထဲမှာပဲ..
ပေါင်းတည်ညကို ..ရုတ်တရက်တွေ့ လိုက်ရ
ဈေးရုံကြီးတွေကလည်း  အိနြေ္ဒရရမျက်လွှာတွေချလို့
ဘုရားကြီးရှေ့ က ဈေးတန်းလေး
ပူပူနွေးနွေး..မြေပဲလှော်
ကောက်ညှင်းကျည်တောက် မုန့်ဖက်ထုပ်.အာပုံ
ဒီမှာ..အကုန်ရတယ်..
ပေါင်းတည်ညမှာ
အာဇာနည်ကျောက်တိုင်ကလေးကလည်း..တိတ်ဆိတ်လို့
အာဇာနည်နေ့ နီးရင်..မီးတွေထွန်းမှာပေါ့တဲ့ ..
အာဇာနည်နေ့နီးရင်..ဗိုလ်ချုပ်မိန့်ခွန်းတွေဖွင့်မှာပေါ့တဲ့ 
အာဇာနည်နေ့ရောက်ရင်..ပန်းခွေတွေချမှာပေါ့တဲ့ 
အာဇာနည်ကျောက်တိုင်အနားမှာ  ထီးထီးမားမား နေရာယူပြီး
မြို့ ကို အပေါ်စီးကကြည့်နေတဲ့ ..ဟို..ဘိုင်စကုပ်မင်းသမီးလေး က
လေဆာနဲ့  သွားတွေတိုက်တိုက်ပြရင်း
ပလုံးပထွေး..ပြောလိုက်သေးတယ်..။  ။
နီဇူလိုင်
(၂၅.၆.၁၄ ပေါင်းတည်ည)
Posted by နီဇူလိုင် at 1:07 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်အစ
"ဥမ္မတ္တကော"
ပုထုဇ္ဇနောဥမ္မတ္တကောတဲ့ 
ကိုယ့်ရေချိန်နဲ့ကိုယ်ပါပဲကွာ 
 ပန်းတခင်းလုံး..၀င်းပလို့
နီဇူလိုင်
(၂၀.၁၂.၁၅)
Posted by နီဇူလိုင် at 12:45 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဒေါင်းတဲ့ကွယ်
တောအုပ်ထဲမှာ
တိရိစ္ဆာန်အချင်းချင်း..အမျိုးသားရင်ကြားစေ့ဖို့တဲ့
ဒေါင်းက ..ကျီးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခွေးအကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခြင်္သေ့ ကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...မြေခွေးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းအချင်းချင်းကတော့...နောက်မှ...နောက်မှပေါ့လေ..။
လဒတွေကတော့ အခြေအနေကို ရစ်ဝဲ...ရစ်ဝဲနဲ့ကြည့်လို့.။
ဒေါင်းကတွေးတယ်..။
ခွေးအတွေ..ကျီးတွေ...ခြင်္သေ့ တွေ..မြေခွေးတွေဟာ..ဒေါင်းမူဒေါင်းကျင့်တွေ ရလာရင်...။
.ဒေါင်းစိတ်ဒေါင်းအတွေးတွေနဲ့..အမျိုးသားရင်ကြားစေ့ရေးဘုန်းတော်ဖွဲ့နိုင်မယ်ပေါ့...။
အခုတော့..
ကျီးတွေ
ခွေးအတွေ
ခြင်္သေ့တွေ
မြေခွေးတွေဟာ
ကျီးကျင့်
ခွေးအကျင့်
ခြင်္သေ့ကျင့်
မြေခွေးကျင့်မဖျောက်ပဲတောင်
ဒေါင်းယောင်ဆောင်တတ်လာပြီ..။
အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့မှာ..
ဒေါင်းအတုတွေ...ကလို့
လဒတွေဟာလဲ..
ကောင်းကင်တယံလုံး..ပျံဝဲလို့..။
 နီဇူလိုင်
၂၁.၉.၁၅
Posted by နီဇူလိုင် at 12:12 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
အောင်မှိုင်းဆန်း
ခေတ်ကြီးကိုက
ကိုယ်ထူကိုယ်ထရတဲ့ခေတ်
အရာရာကိုယ်ထူမှပဲ ကိုယ်ထရတယ်
ကိုယ်မထူရင်ကိုယ်မထရတဲ့ခေတ်ကြီးမှာ
စနစ်ပြောင်းဖို့ ကိုယ်ထူကိုယ်ထကြိုးစားရင်း
အကျဉ်းထောင်ထဲကိုကျတော့
ကိုယ်မထူကိုယ်မထပဲ ရောက်ခဲ့ရပေါ့
နှာစေးနေတဲ့တိုင်းပြည်မှာ
အရာရာကိုယ်ထူကိုယ်ထရပုံများ
မတရားပိတ်လှောင်ထားတဲ့
ထောင်တံခါးတွေပွင့်စေဖို့
ကိုယ့်အသက်ကို လောင်းကြေးထပ်
အစာငတ်ခံတိုက်ပွဲဝင်ရသတဲ့။
အောင်မှိုင်းဆန်းရေ
ကိုယ့်ဖာသာထူကိုယ့်ဖာသာထရင်း
အများအတွက်အလင်းဆောင်
မင်း...အောင်ပါစေ
မင်း..မှိုင်းပါစေ
မင်း..ဆန်းပါစေ။
နီဇူလိုင်
၂၃.၁၀.၂၀၁၅
Posted by နီဇူလိုင် at 12:06 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Friday, March 11, 2016
လူနှင့်သစ်ပင်များ
၂၀၁၄..ဖေဖော်ဝါရီ..၂၁။
ဖေဖေနဲ့  ငုပင်လေး
မိတ်ဆွေ..။သင်.. ငုပင် တပင် လောက် စိုက်ဖူးခဲ့ ပါသလား..။ကျမကိုယ်တိုင်တော့ မစိုက်ခဲ့ ဖူးပါ..။ဒါပေမယ့်  ကျမဖေဖေ စိုက်ခဲ့ တဲ့  ငုပင်ပေါက် တပင် အကြောင်း ပြောပြချင် လိုက်တာ..။ကျမရဲ့ ကိုယ်ပိုင် ငုပင်လို့  မဆိုနိုင်ပေမယ့်  ကျမတို့  မိသားစု ရဲ့  ကိုယ်ပိုင် ငုပင် လို့ တော့  ပြောလို့ ရမယ် ထင်ပါတယ်..။ဘာဖြစ်လို့ လဲ ဆိုတော့  ဒီငုပင်ကလေးကို ကျမ ဖေဖေ ကိုယ်တိုင်ခက်ခက်ခဲခဲ စိုက် ခဲ့ တာရကိုး..။အယူ သီးတတ်လွန်း တဲ့  မေမေ ရဲ့  ငြူစူ ကန့် ကွက် မှုတွေကို ခေါင်းမာတဲ့ ဖေဖေကပယ်ချ ခဲ့ တယ်..။အိမ်ခြံဝင်းထဲမှာ ငုပင်မစိုက်ကောင်းဘူးလို့  အယူရှိတဲ့ မေမေဟာ ဒီခြံဝင်းကလေးနဲ့  ကျမတို့  အားလုံးကို ရင်နာစွာ ခွဲခွာထားခဲ့ ရတာဟာ တိုက်ဆိုင်မှု တခုလေလား..။ မသိပါ..။ကျမတို့  မသိချင်ခဲ့ ပါ..။ကျမတို့ သိတာက ဖေဖေ တယောက် ဒီ ငုပင်ကလေးကို သေသေချာချာကို ပြုစု ယုယခဲ့ တာ..။သူ သိပ်ချစ်တဲ့  သမီးတွေကို ပြုစု ပျိုးထောင်သလို ပိုးမွေးသလိုကို မွေးခဲ့ တာ.။ဒီ.လို့  ပြောလို့ ရမလား..။မဟုတ်သေးပါဘူး..။ပိုးမွေးခဲ့ သလို မွေးခဲ့ တာ လို့ ပြောဖို့  သင့် တော် ပါမလား..။ဒီ ငုပင်ကလေး ရှင်သန်ဖို့  ဖေဖေ ပိုးကောင်လေးတွေ အများကြီးကို ဖယ်ရှားသုတ်သင် ခဲ့ ရတာပဲ..။ မနက်တိုင်း ငုပင်ပေါက်ကလေး အနားမှာ ထိုင်ခုံပုကလေး တလုံးပေါ်မှာ ထိုင်ရင်း ငုရွက်စိမ်းစိမ်းလေးတွေမှာ ကပ်တွယ် နေတတ်တဲ့  ပိုးဥကလေးတွေကို ဇာဂနာ တချောင်း နဲ့  စိတ်ရှည် လက်ရှည် ဆွဲထုပ် နေတတ်တဲ့ ဖေဖေ ။ နောက်တော့ ဖေဖေနဲ့အတူ...ကျမတို့ညီအမတွေပါ..ငုပင်ပေါက်ကလေး ရှင်သန် ဖို့  လိပ်ပြာတွေဥချခဲ့ တဲ့  လိပ်ပြာဥကလေးတွေကို လိုက်ဖယ် တတ်လာသည်.။လိပ်ပြာကလေးတွေဟာ…အရောင်အသွေးအစုံနဲ့  ချစ်စရာကောင်းသလောက် ငုပင်ပေါက်ကလေးလို အပင်တွေရဲ့  အရွက်ကလေးတွေကို ဖျက်ဆီးတတ်တာကိုတော့..ကျမတို့  မုန်းသည်..။ကြည့် စမ်းပါဦး..သစ်ရွက်စိမ်းစိမ်းကလေးတွေ ပေါ်မှာ သူတို့ ဥချသွားတဲ့  ပိုးဥဖြူဖြူကလေးတွေက အစီအရီ..။တော်ကြာ..ထွက်ကာစ..အရွက်စိမ်းနုကလေးတွေကို မွစာကြဲ အောင် ကိုက်ဝါးဖျက်ဆီးပစ်တတ်တဲ့ ဘောက်ဖတ် ကလေးတွေ ဖြစ်လာဦးမှာ..။ ဆွဲ နှုတ်..ဆွဲနှုတ်..။ပိုးဥ တွေ… အပင်ဖျက်ပိုးတွေကို ဆွဲနှုတ်။ ဒီလို နဲ့  ငုပင်ကလေး တနေ့ ထက် တနေ့  ပိုပို ကြီးလာသည်..။အရွက် အခက် တွေ နဲ့  စည်စည် ကားကား…ဖားဖား ဝေေ၀..။ဒါပေမယ့်  ခက်တာက ငုပွင့် ဝါခိုင် မပွင့် နိုင်သေး..။ဖေဖေ အရိပ်တကြည့်  ကြည့်  ကြည့် ခဲ့ တဲ့  ဒီငုပင်ကလေးကား ပွင့် ခဲ လှဘိခြင်း..။ပင်စည် မှာ ဓါးထက်ထက် နဲ့  ရေးထွင်းခဲ့ တဲ့  သံသယရှိသမျှမပွင့် စေရ ..ဆိုတဲ့  ကျိန်စာ တခု ကြောင့် လား..။ဒါတော့ မဖြစ်နိုင်…။ဖေဖေ သည် အကြောင်းအကျိုး မခိုင်ပဲ သံသယ ရှိခဲ လှပါဘိ..။သံသယ ၀င်လျင်လည်း နောက်မဆုပ် တမ်း ။ လေကို ဆန်ရ မလား..။ရေကို ဆန်ရ မလား..။အမှန် တရား သည် တခါတရံ ခါးသီးတတ်တာကို ဖေဖေ မသိမဟုတ်..။သို့ ပေမယ့်  ခါးသီးမှု သည် လည်း တခါတခါ လိုအပ်စွာ ချို မြ တတ်တာကိုး…။ ဘာပဲ ဖြစ်ဖြစ် ..တနေ့ တော့  သဘာဝ ဓမ္မ အရ ဒီငုပင်ကလေး ပွင့် ရမှာ မလွဲ..။ငုပွင့် ဝါခိုင် တို့ နှင့်  တင့် တယ်ရမည်မှာ မလွဲ..။ထို နေ့ တွင် ဒီ ခြံဝင်းထဲ မှာ မေမေ့ လိုပင် ကျမတို့  သားအဖ တွေ ရှိချင်မှ ရှိနေပေ လိမ့် မည်..။ရှိချင်လည်း ရှိနေလိမ့် မည်..။ဖေဖေ့  ငုပင်ကလေးကတော့  ထိုနေ့ ထိုအခါ တွင် ၀င်းဝင်း ၀ါ အောင် လှပစွာ ပွင့် နေပါလိမ့် ဦးမည်..။ ။
၂၀၁၆ ဖေဖော်ဝါရီ (၂၁)
ပြီးခဲ့တဲ့ ၂နှစ်လောက်က ကျမရေးခဲ့တဲ့ စာတပုဒ်ကို ပြန်ဖတ်မိရင်း..ငုပင်လေး ရှိရာ နေရာကို လှမ်းကြည့်မိတော့...ကျမတို့ငုပင်လေး မရှိတော့..။ကျမတို့ရဲ့ ငုပင်ကလေးကို ခုတ်လိုက်ပါပြီ..။မခုတ်ခင်..ငုပင်လေးရဲ့ လှပစွာပွင့်နေတဲ့ ငုပွင့်ဝါခိုင် တို့ကိုတော့မြင်လိုက်ရပါသေးသည်..။ ယခုတော့..ကျမတို့ခြံထဲတွင် ငုပင်ကလေး မပွင့်နိုင်တော့ပြီ.။သို့သော်..နွေဦးသင်္ကြန်မှာ တခြားတခြားသော နေရာများတွင် ပွင့်နေသော.. ငုပွင့်ဝါခိုင်တို့ကို ကျမတို့ မြင်နိုင်ပါသည်..။သို့သော်.ထိုငုပင်များသည်..ကျမတို့ ရဲ့  ငုပင်လေးတော့ မဟုတ်တော့ပါ..။
                                                               နီဇူလိုင်
                                                            ၂၁.၂.၁၆
Posted by နီဇူလိုင် at 11:57 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
စွန်းထင်းမိတဲ့နေ့
လမ်းတွေဟာ..စကားသံတိတ်နေတယ်
တိတ်နေတဲ့ကြားက...ကုန်းရုန်းထနေတဲ့..
စကားသံတွေဟာ..ညံလို့..
မင်တို့ထားတဲ့
လက်သန်းလေးတွေဟာ..
မျှော်လင့်ချက်တွေကို တနင့်တပိုးထမ်းပိုးလို့..။
              8.11.15
Posted by နီဇူလိုင် at 11:24 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၁၀
"နှစ်သစ်"
မဟောင်းခင်
အစွမ်းကုန်သစ်ပါ
မနွမ်းခင်
အစွမ်းကုန်လန်းပါ
မကြွေခင်
အစွမ်းကုန်ပွင့်ပါ
အစွမ်းကုန်..စွမ်းသလောက်ပေါ့..
နီဇူလိုင်
(၁.၁. ၁၆)
Posted by နီဇူလိုင် at 10:59 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
မေမေ
အရောင်တွေကို
ကြည့်တတ်ဖို့
ခံစားတတ်ဖို့
မျှဝေတတ်ဖို့
လောကထဲကိုပို့ခဲ့တဲ့
မေမေသို့
နှစ်သစ်နဲ့အတူ..
ချစ်ခြင်းမေတ္တာရောင်စုံဖြင့်
          နီဇူလိုင်
           ၂.၁.၁၆
့
Posted by နီဇူလိုင် at 10:57 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၉
မြေထဲကပြာ
မြေထဲကလာပြီး
မြေထဲကို ပြန်သွားရှာ။
                    နီဇူလိုင်
                 ၃.၁.၁၆
Posted by နီဇူလိုင် at 10:52 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၈
လှေကားထက်
အတက်လား
အဆင်းလား
ခြေသံများ
            နီဇူလိုင်
         ၄.၁.၁၆
Posted by နီဇူလိုင် at 10:48 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၇
ဘာမျှမရှိခြင်းတွေနဲ့
အရောင်စုံနေရှာတဲ့ကမ္ဘာ
ပြာ
Posted by နီဇူလိုင် at 10:03 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၅
"ဗမာကား"
သေကာနီးမှ အလွမ်းသယ်နေလိုက်တာ
ဇာတ်ရိုင်းနာပြီးရင်းနာပေါ့
တော်ပါတော့..တော်ပါတော့
တီးလက်စ..ဗျိုင်းတောင်တီးလုံး
ပြည်ဖုံးကားမြန်မြန်ချ
အမောဖောက်နေတဲ့ အမှာစကား
မိဘပြည်သူများ..
ထပ်မကြားချင်တော့ဘူး
သွား
သွား...
သွား..
ဗမာကား..။
Posted by နီဇူလိုင် at 9:47 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၆
အလင်းလာရာ
မြူပုဝါလှစ်
ကမ္ဘာ
သစ်
Posted by နီဇူလိုင် at 9:40 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ရှင်သန်ခြင်း
နစ်တယ်
           ပေါ်တယ်
အဆုတ်က
ဘဝတွေကိုတဝကြီးရှူသွင်းလို့
နှလုံးသားက
အနုပညာတွေကိုမျှင်းမျှင်းလေးရှူထုတ်လို့
နစ်တယ်
           မြုပ်တယ် ။          ။
                         နီဇူလိုင်
Posted by နီဇူလိုင် at 9:12 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
အမတ
ခရမ်း
အ၀ါ
ပြာရင့်
ပန်းပွင့်
ကြယ်ပွင့်
 ခူးဆွတ်
မွှေးသီ
ငြိမ်းအေးရ
သံစဉ်မဲ့ဂီတ
စာမဲ့ကဗျာ
ဆေးမဲ့.ပန်းချီ..။
        နီဇူလိုင်
      ၁၁.၃.၁၆
Posted by နီဇူလိုင် at 7:21 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
အကာလ
မိုးနဲ့မြေ
ရုတ်တရက်ကြီးဖက်ပွေ့...ရင်ကြားစေ့လိုက်ပုံက
အ၀တ်ဗလာနဲ့ မြေဇာမြက်ကလေးတွေ ခမျာ..
.ရွှဲရွှဲစိုစို....ခိုက်ခိုက်တုန်တုန်။
                       နီဇူလိုင်
                       ၄.၁၂.၁၅
Posted by နီဇူလိုင် at 5:36 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဒုလ္လဘ
နှင်းထဲကိုရောက်လျက် 
 နှင်းကောက်ခက်ကြ
ငါ့နှင်းပုဝါမှာတော့ 
 နှင်းဟာ 
 စွတ်စွတ်စိုဖွေးမြလို့...
                နီဇူလိုင်
             ၂၁.၁.၁၆
Posted by နီဇူလိုင် at 3:57 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်-၎
အရိပ်တွေက အမြဲမိုးလို့ 
ငါ့ လမ်းမှာ
စမ်းပေါက်နေတာ
ဘာကိုမှ အဖြောင့် လျှောက်ဖို့  ကံမပါဘူး။
                                     ၁၁.၃.၂၀၁၃
Posted by နီဇူလိုင် at 1:31 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Thursday, March 10, 2016
ရေခပ်ဆင်း
ရေပြည့်အိုးထဲမှာ
မေတ္တာရေအေးတွေလျှံလျှံဖြာလို့..
ရေပြည့်ကန်ထဲမှာ
ကြာပန်းနံ့တွေထုံထုံသင်းလို့..
ခပ်လို့ရယ်ဘယ်မကုန်
အေးတယ်
မွှေးတယ်..
သန့်စင်တယ်..။
          ၁၀.၃.၁၆
Posted by နီဇူလိုင် at 3:48 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Wednesday, March 9, 2016
ဝင်္ကဘာ
လမ်းမှန်ကိုတွေ့ဖို့အသွား..
ဘွားခနဲ
အတားတွေ..တခုပြီးတခုတွေ့ မယ်.။
 နောက်ပြန်လှည့်သူက...လှည့်..။
တရွေ့ရွေ့  နဲ့လမ်းတွေ့အောင်ရှာသူက....ရှာ..။
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့ လက်ဖက်သုတ်တွေရှိတယ်..။
 ပြီးတော့လဲ လာရာလမ်းအတိုင်း ပန်းတိုင်ကိုထားခဲ့ 
 ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
 နီဇူလိုင် ၁၁.၁၂.၁၄
Posted by နီဇူလိုင် at 1:47 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
နေကြတ်တဲ့နေ့
ကြယ်တွေလတွေမြင်
Posted by နီဇူလိုင် at 1:41 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်(၃)
ပန်းဆိုတာ
မွှေးသလားစမ်း....အနမ်းခံသက်သက်မဟုတ်။
ချစ်မက်မြတ်နိုး.
ပွဲလည်တင့်ပန်းစိုက်အိုးထဲက..အပြခံသက်သက်မဟုတ်။
ဇီဝကမ္မဖြစ်စဉ်အရ
နွဲ့ တတ်..နှောင်းတတ်ပေမဲ့
စကြာ်ဝဠာအတွင်းက..အသက်ဓါတ်တခု။
ရေမြေလေမီး
ဓါတ်ကြီးလေးပါးကို
သတ္တလောကသားတွေနဲ့အတူ..ထမ်းပိုးအံတုလို့..။
                                      နီဇူလိုင်
                                    ၈.၃.၁၆
Posted by နီဇူလိုင် at 1:04 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Monday, March 7, 2016
ကင်ဆာ
ကင်ဆာ
ရှင်ဟာ..ကျမကို သတ်နိုင်မယ်လို့ ထင်လား..။
ဟား..ဟား..ဟား..
အားရအောင်..ရယ်လိုက်မယ်...ကင်ဆာ..။
ကင်ဆာ..
ရှင်ဟာ..လက်တံမွှာတွေဖြန့်
ကျမခန္ဓာကိုယ်အနှံ့ ကုပ်တွယ်ချုပ်ခြယ်ဖို့ကြံလား..။
ဟား...ဟား..ဟား
အားရအောင် ..ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဟာ..အကျိတ်အခဲတွေပေးပြီး
ကျမသွေးလည်ပတ်မှုတွေကို ရပ်တန့်စေမယ်တဲ့လား..။
ဟား..ဟား..ဟား
အားရအောင် ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဘယ်လောက် အမိန့််တွေချ..
အာဏာရှင်ဆန်ပြနေပါစေ..
ကျမ..ရှင်သန်ဖို့ရှိသလောက်ကတော့ ရှင်သန်နေဦးမှာ..။
ဒါဟာ..ကံကြမ္မာနဲ့လဲ ဆိုင်တယ်..။
ဒါဟာ...ကျမရဲ့ စိတ်ဇောအဟုန်နဲ့လဲ ဆိုင်တယ်.။
ကင်ဆာ..
ရှင်ဟာ...ကင်ဆာအစစ် ဆိုခဲ့ရင်တောင်
ကျမ..လွယ်လွယ်နဲ့ထွက်မသွားဘူး..။
ကျမ..အားရအောင်..ကုတ်ဖဲ့တွန်းလှန်ပစ်ခဲ့မယ်..။
အော်..
စိတ်မပူကြပါနဲ့..
ဒါဟာ..
အာဏာရှင်ကင်ဆာကို
တခါတရံ
ကဗျာဆန်ဆန်..
အာခံသရော်ကြည့်တဲ့.. 
ကဗျာတပုဒ်ပါ..။ ။
Posted by နီဇူလိုင် at 7:37 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
ဖြစ်စဉ်(၁)
"စီရရီ"
တနေ့
တနေ့
ခူးတယ်
ဖြည်းဖြည်းချင်း..ဂရုတစိုက်ခူးဆွတ်တယ်..။
ဖြည်းဖြည်းချင်း...တလွှာချင်းစီရီတယ်..။
ဆွတ်လေ..များလာလေ။
စီလေ..များလာလေ။
ဒါပေမဲ့
ဘယ်တော့မှ..ပြည့်မသွားဘူး
ဘယ်တော့မှ..လျှံမသွားဘူး
ဘယ်တော့မှ...လျော့မသွားဘူး..။
ဘယ်တော့မှ
စီလို့ကို လက်စသတ်မသွားဘူး..။
စီလက်စတွေ
စီရရီ..။
၅.၃.၁၆
Posted by နီဇူလိုင် at 7:07 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Wednesday, March 2, 2016
စိုးစိတ်
အယ်နီညို
တို့မြေတွေကိုကျူးကျူးကျော်ကျော်
သူပိုင်မြေလို့..ဆိုင်းဘုတ်လာစိုက်တယ်..။
အယ်နီညို
တို့မြေဆီသယံဇာတတွေခမ်းခြောက်..
တောတောင်တွေပျောက်အောင်
သူဘယ်လို .ဘယ်အချိန်မှာ.စုပ်ယူလိုက်ပါလိမ့်..။
အယ်နီညို
သူ့ကြောင့်
တို့မြေမှာ တို့တွေနေစရာမရှိတော့ပဲ
တွင်းနက်ကြီးထဲမှာဆင်းရဲခြင်းနဲ့အတူ
ကျူးကျော်တွေဖြစ်ရတယ်..။
တို့အပေါ်မှာ မွဲတေခြင်း မြေစာတွေပိပိကျလို့..။
အယ်နီညို
သူဟာ..ပိုင်စိုးပိုင်နင်း
ရာသီစောင့်နတ်သမီးလေးရဲ့  အလင်းကိုလဲဖျက်တယ်..။
ရာသီစောင့်နတ်သမီးလေးကတော့
တို့အတွက်လို့ ပြောတာပဲလေ
အယ်နီညိုကို..
ရင်ကြားစေ့ဖို့ကြိုးစားတယ်..။
ငြိမ်းချမ်းရေးသပြေခက်ကိုလက်ကမ်းတယ်..။
မေတ္တာသုတ်ရွတ်ပြတယ်..။
ဒါပေမဲ့..
အယ်နီညို
သူက မုန်ယိုတဲ့ဆင်ရိုင်းပဲ
သူက..စစ်ဦးဘီလူးပဲ
မေတ္တာသုတ်ကို နင်းချေ
ငြိမ်းချမ်းရေးသပြေခက်ကို ပုတ်ချ..။
ရင်ကြားစေ့ဖို့တွေ..ဘာတွေလဲ နားမလည်ရှာဘူး..။
သူ့မှာက အစွယ်ပဲအားကိုးရှိတော့
အစွယ်ပဲထုတ်ပြတတ်တယ်။
တို့တွေမှာသာ
ကျွမ်းပြန်
သောကတွေလျှံလို့..။
တို့မှာကွာ..
အယ်နီညိုကို ကြောက်ရတာထက်
ရာသီစောင့်နတ်သမီးလေးပါ
အယ်နီညို ဖြစ်သွားမှာစိုးလိုက်တာ..။ ။
Posted by နီဇူလိုင် at 8:51 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
လက်ချောင်းများပုံပြင်
"လက်ချောင်းများပုံပြင်"
လက်သန်းလေးတွေက သက်ပြင်းတွေ အခါခါချလို့...။
တကယ်ဆို...လက်ညှိုးငေါက်ငေါက်ထိုးလိုက်ချင်တာပါ..။
ဒါနဲ့
လက်မထောင်ချင်လို့
ဒီလက်သီးဆုပ်ကို ဖြေခဲ့တာလား.။
အဆီယစ်နေတဲ့လက်သူကြွယ်အတွက်
စဖြုတ်ခဲ့တဲ့ လက်သီးဆုပ်လား..။
မဇ္စျိ မပဋိပဒါ..
အလယ်ကောင်မှာ ရပ်..
လူရည်နပ်တဲ့ လက်ခလယ်ကများ
ဒီ..လက်သီးဆုပ်ကို ပြေစေခဲ့တာလား..။
ခုတော့...တို့မှာ
ဖြေလျှော့ထားရတဲ့ လက်ဖ၀ါးကို
မှောက်ချည်..လှန်ချည်ကြည့်ရင်း
ဘာမှ..ပါမလာတာကိုပဲ.. တွေ့လိုက်ရ..။
နီဇူလိုင်
၁.၃.၁၆
Posted by နီဇူလိုင် at 8:47 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)
မြန်မာပြည် အင်တာနက် လိုင်း အခြေအနေ ကြား.. ကိုယ့်ဘလော့ဂ် ကိုပင်.. အမြဲ မြင်ခွင့် မရ သော ကြောင့်.. စာဖတ်သူ များ လာလည်သူများအား..ပြန်လည် မနှုတ်ဆက်နိုင် တာ ကို..
နားလည်ပေး စေလိုပါသည်။
မေးလ် ထဲသို့ ၀င်လာသော မှတ်ချက်များ အား သာ..
ဝမ်းသာ စွာ လက်ခံ ဖတ်ရှူ နိုင်သော အခြေအနေ ဖြစ်ပါကြောင်း... ကျေးဇူးတင်စွာဖြင့်-
Subscribe To
Posts
Atom
Posts
All Comments
Atom
All Comments
မှတ်ချက်များ
နှုတ်ဆက်တဲ့သူများကို ကျေးဇူးတင်ပါတယ်
Subscribe To
Posts
Atom
Posts
All Comments
Atom
All Comments
Blog Archive
  • October (2)
  • August (1)
  • July (5)
  • June (2)
  • May (7)
  • April (6)
  • March (28)
  • February (16)
  • January (11)
  • December (3)
  • November (4)
  • October (5)
  • September (10)
  • August (7)
  • April (2)
  • March (1)
  • February (3)
  • November (1)
  • October (1)
  • September (3)
  • June (1)
  • January (1)
  • October (1)
  • July (1)
  • March (4)
  • February (3)
  • October (1)
  • September (2)
  • August (1)
  • July (5)
  • June (1)
  • May (3)
  • April (4)
  • March (5)
  • February (2)
  • January (3)
  • December (7)
  • November (3)
  • October (5)
  • September (6)
  • August (6)
  • July (5)
  • June (4)
  • May (5)
  • April (9)
Simple theme. Theme images by Xaviarnau. Powered by Blogger.